ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)တို့ လားရှိုး-နမ္မတူ သွား ကားလမ်းဘက်ရှိ မန်ပြိန်းကျေးရွာတွင် မကြာသေးခင်က တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း ဒေသခံ အရပ် သား တဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး-နမ္မတူသွား ကားလမ်းဘက်ရှိ မန်ပြိန်း ကျေးရွာအနီးတွင် RCSS နှင့် SSPP တို့ ပြီးခဲ့ သည့် အောက်တိုဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသလို စံမွန် (ခေါ်) မာဂမ် ဆိုသည့် အမျိုးသား တဦး ထိုနေ့တွင် ပျောက်ဆုံးသွားပြီးနောက် နိုဝင်ဘာ ၇ ရက်က သေဆုံးနေသော သူ၏ ရုပ်အလောင်း ကို တူးဖော်တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသူ စံမွန်၏ ဇနီးဖြစ်သူ မခွန်မိုင်က“မနေ့(နိုဝင်ဘာ ၇ ရက်)က သွားရှာလို့ သွားတွေ့တာ သူ့အလောင်းကို။ ပျောက် သွားတာတော့ အောက်တိုဘာ ၂၆ ရက်နေ့က ပျောက်သွားတာ၊ မန်ပြိန်းရွာ အကျော် ကုန်းနားမှာ သူ့ အလောင်း ကို မြုပ်ထားတာ”ဟု ဧရာဝတီကို ပြောပြသည်။
သို့သော် မည်သည့် အဖွဲ့က စံမွန်ကို သတ်ပြီး မန်ပြိန်းရွာအနီး RCSS နှင့် SSPP တို့ တိုက်ပွဲ ဖြစ်ပွားသည့် တောင်ကုန်း တွင် မြုပ်ထားခြင်း ဖြစ်သည်ကို အတိအကျ မသိရသော်လည်း မိသားစုဝင်များကမူ RCSS ဘက်က သတ်ဖြတ် သွား ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။
မခွန်မိုင်က“သူတို့ မသင်္ကာလို့ ခေါ်သွားတာတော့ ဖြစ်နိုင်တယ်၊ ဘယ်အဖွဲ့က ဖြစ်နိုင်သလဲ ဆိုရင်တော့ RCSS အဖွဲ့က ဖြစ် နိုင်တယ်၊ သူတို့က အရမ်းကိုများတယ်၊ ရွာပတ်ဝန်းကျင် အကုန်လုံးရှိတယ်၊ SSPP တို့က မများဘူး နည်းနည်းပဲ သူတို့အကုန်လုံး ထွက်ပြေးကုန်ပြီ။ RCSS ပဲ ဖြစ်နိုင်တယ်၊ အခု သူဆုံးတဲ့ ကုန်းလည်း သူတို့ (RCSS) အကုန်လုံးက ပစ်နေတာ၊ သူတို့ အကုန်လုံး အဲဒီနေရာမှာ အပြည့်ရှိနေတယ်”ဟု ပြောသည်။
RCSS ဘက်ကမူ စံမွန်ကို ၎င်းတို့ သတ်ခြင်း မဟုတ်ကြောင်း၊ ရှေ့တန်းတွင် ကိစ္စ ဖြစ်သည့် အတွက် အတိအကျ မသိ ကြောင်း၊ အထောက်အထား အတိအကျ ပြနိုင်လျှင် အရေးယူပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။
RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက“အဲဒီကိစ္စက ကျနော်တို့ ရှေ့တန်းမှာ ဖြစ်နေတော့ ကျနော် ကိုယ်တိုင် လည်း မသိရပါဘူး၊ ကျနော်တို့ကတော့ အရပ်သား ပြည်သူတွေကို သတ်ခွင့်မရှိပါဘူး။ အရပ်သား ပြည်သူတွေကို လုံးဝ သတ်လို့မရပါဘူး၊ ကျနော်တို့ အတိအကျ သိရတယ်ဆိုရင်တော့ အရေးယူပေးမှာပါ၊ တကယ်လို့ သက်သေတွေ ဘာတွေ အတိတကျ သိတယ်ဆိုရင် ကျနော်တို့ဘက်က လုပ်ပေးမှာပါ။ ဒါပေမယ့် ဒါကရှေ့တန်းမှာ ဖြစ်နေတဲ့ဟာ ကျနော်တို့ ကလည်း အဝေးကနေပဲဆိုတော့ ဘာမှ ကျနော်တို့ အသေအချာ သိရတာ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြော သည်။
သေဆုံးသွားသော မန်ပြိန်းရွာသာ စံမွန်သည် ကလေး ၄ ဦး၏ ဖခင်ဖြစ်ပြီး ၃ ဦးသည် ကျောင်း တက်နေကြကြောင်း၊ ကလေးငယ်များကို ကျောင်းအကြို/အပို့ လုပ်ပေးနေသကဲ့သို့ တောင်ယာ လုပ်ငန်း လုပ်ကိုင်၍ ရှာဖွေ ကျွေးမွေးပေး နေသူ ဖြစ်ကြောင်း ဇနီးဖြစ်သူ မခွန်မိုင်က ပြောပြသည်။
“ကျမ အမျိုးသား အခုလို ဆုံးရှုံးသွားတာ ကျမလည်း အရမ်းဝမ်းနည်းတယ်၊ ကလေးတွေကိုလည်း သနားပါတယ်၊ သူတို့ ၂ ဖက်စလုံး ဆုတ်ခွာသွားရင်တော့ အကောင်းဆုံးပါပဲ၊ တိုက်ပွဲမဖြစ်ဘဲနဲ့ ဆုတ်ခွာသွားရင် အကောင်းဆုံးပါပဲ လို့ ပြောချင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
ယင်းသို့ စံမွန် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုင်ကြားထားခြင်း မရှိကြောင်းနှင့် ရပ်မိရပ်ဖ အုပ်ချုပ်ရေးမှူး များကို ဖြေရှင်းပေးရန် တောင်းဆိုထားသော်လည်း ၎င်းတို့သည် ကူညီနိုင်ခြေ မရှိကြောင်း မခွန်မိုင် က ဆိုသည်။
RCSS နှင့် SSPP တို့ အောက်တိုဘာ ၂၆ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မန်ပြိန်း ကျေးရွာမှ ဒေသခံများသည် အီနိုင်းကျေးရွာ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ကြရသော်လည်း အီနိုင်းကျေးရွာ အနီးအထိပါ တိုက်ပွဲ ဖြစ်လာသည့် အတွက် အီနိုင်း၊ မန်ပြိန်း၊ နားဟ၊ ပန်ဟုန်း၊ နောင်ပေါ် စသည့် ကျေးရွာများမှ ဒေသခံ ၁၃၀၀ ကျော် လားရှိုးမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
သို့သော် နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များက နေရပ်သို့ ပြန်သွားခဲ့ကြပြီး နိုဝင်ဘာ ၇ ရက်တွင် မန်ပြိန်း ကျေးရွာအနီး RCSS နှင့် SSPP တိုက်ပွဲ ဖြစ်ပွားသည့် ကုန်းတွင် မန်ပြိန်းရွာသား စံမွန် ၏ ရုပ်အလောင်းကို မိသားစုဝင်များက ရှာဖွေ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့စစ် အဖွဲ့များ၊ တပ်မတော် တပ်ရင်း တပ်ဖွဲ့များ စသဖြင့် အခြေစိုက်ကာ လှုပ်ရှားလျက် ရှိပြီး မြန်မာနိုင်ငံရှိ ဒေသများအနက် တိုက်ပွဲ အဖြစ်များဆုံး ဒေသ တခုဖြစ်သည်။
ထိုတိုက်ပွဲများကြား ဒေသခံ အရပ်သားများသည် မသင်္ကာဖြစ်ပါက ဖမ်းဆီးခြင်း ခံကြရပြီး စစ်ဆေးမေးမြန်း ခံရကာ တချို့လည်း သတ်ဖြတ်ခြင်း ခံနေကြရကြောင်း ရှမ်းမြောက် ဒေသရှိ ပြည်သူများက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းတွင်လည်း နွား၊ ကျွဲ တင် ကားများ ပစ်ခတ်ခံကြရသလို ကားမောင်း သမားများနှင့် ကားနောက်လိုက်များ သေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိမှုများလည်း မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း ကျောက်မဲ ဒေသခံများက ပြောပြကြသည်။