ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်သည့် မူးယစ်ဆေးဝါး (synthetic drug) ပြဿနာကို ဖြေရှင်းမည့် ဗျူဟာသစ်များနှင့် ဆိုးရွားလာနေသည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးရန် အာရှ-ပစိဖိတ်ဒေသ နိုင်ငံ ၁၇ နိုင်ငံမှ ထိပ်တန်းတာဝန်ရှိ သူများ နေပြည်တော်တွင် နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ အစည်းအဝေး ပြု လုပ်နေသည်။
အစည်းအဝေးသို့ တက်ရောက်နေသည့် ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာ ရုံး (UNODC) ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က “မက်သဖက်တမင်း ထုတ်လုပ်မှု ပိုလျှံနေတာ နဲ့အတူ ဒေသတွင်းမှာ ချိတ်ဆက် ကျူးလွန်တဲ့ ရာဇဝတ်မှု ပေါများနေတာကို ကျနော်တို့ မြင်နေရပါတယ်။ ဈေးကွက်နဲ့ ဝယ် လိုအားကို တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ အလွန်အကျွံ ထုတ်လုပ်နေကြပါတယ်” ဟု ပြောသည်။
အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံများတွင် ယခုအခါ ယာဘ(မက်သဖက်တမင်းမှ ပြုလုပ်ထားပြီး အခြားသော စိတ်ကြွဆေးများနှင့် ပေါင်းစပ် ထားသည့် ဆေးပြား) ကို အမေရိကန် ၁ ဒေါ်လာမှ ၅ ဒေါ်လာမျှအထိ နည်းပါးသည့် ဈေးနှုန်းဖြင့် ရနိုင်နေပြီ ဖြစ်သည်။ ၂၀၁၄ ခုနှစ်က ၅ ဒေါ်လာမှ ၁၅ ဒေါ်လာအတွင်း ရှိခဲ့ရမှာ ဈေးကျသွားခြင်း ဖြစ်သည်။ အလားတူပင် အိုက်စ် ခေါ် ခရစ္စတယ် မက်သဖက်တမင်း ဈေးနှုန်းကလည်း ဒေသတွင်းတွင် ကျဆင်းသွားခဲ့သည်။
Jeremy Douglas ၏ အဆိုအရ ၂၀၁၈ ခုနှစ်တွင် ဒေသတွင်းနိုင်ငံ အားလုံး၌ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုက စံချိန်တင် ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလကုန်အထိ ဖမ်းမိခဲ့သော အရေအတွက် ထက်သိသိသာသာ ကျော် လွန်များပြားနေခဲ့သည်။ ကုလသမဂ္ဂမှ စုဆောင်းထားသည့် အချက်အလက်များအရ ပြီးခဲ့သည့်နှစ်အတွင်းတွင် မက်သ ဖက်တမင်း ၇၀၀၀၀ ကီလိုဂရမ် နီးပါး ဖမ်းမိခဲ့သည်ဟု သိရသည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတဝိုက် ဒေသတွင်းတွင် ဖမ်းဆီးမိခဲ့သည့် မက်သဖက်တမင်း ပမာဏက အလယ်နှင့် မြောက် အမေရိကထက် ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့သည်။
အာရှတွင် ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်သည့် မူးယစ်ဆေးဝါး (synthetic drugs)နှင့် ပတ်သက်၍ မက်သဖက်တမင်းက စိုးရိမ်စရာ အကောင်းဆုံး ဖြစ်နေသည့် အချိန်တွင် fentanyl ကဲ့သို့သော စိတ်ကို ပြောင်းလဲစေတတ်သည့် ဆေးဝါးများက နောက်ထပ် ပေါ်ထွက်လာသည့် ခြိမ်းခြောက်မှုများ အဖြစ် ပေါ်ထွက်လာသည်။ fentanyl က ဘိန်းဖြူ နှင့် တွဲ၍ သုံးစွဲနိုင် သည့်အတွက် ဘိန်းဖြူ ထောက်ပံ့မှုနှင့် ရောယှက်သွားခဲ့သည့် အကိုက်အခဲ ပျောက်ဆေးတမျိုး ဖြစ်သည်။
ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်သည့် မူးယစ်ဆေးဝါး ကြောင့် အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတွင် လူထောင်နှင့် ချီ၍ သေဆုံးခဲ့ရသည်။
“အာရှမှာ တချို့နိုင်ငံတွေက ထုတ်လုပ်တဲ့ အရင်းအမြစ်တွေနဲ့ ခရီးတထောက်နေရာတွေ ဖြစ်ပါတယ်။ Fentanyl က ဘိန်းဖြူနဲ့ ပေါင်းစပ်လို့ရတဲ့ တရားဝင်ဆေးဝါး ထုတ်ကုန်တခု ဖြစ်ပါတယ်။ ကမ္ဘာရဲ့ ကွဲပြားတဲ့နေရာတွေမှာ ဈေးကွက်တွေ ရှိတယ်လို့ ယူဆလို့ ရပါတယ်။ တရားဝင်ဆေးဝါး ထုတ်ကုန်တခု ဖြစ်ပေမယ့် အဲဒါကို မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းတွေမှာ လည်း တရားမဝင်ပြုလုပ်နိုင်ပါတယ်” ဟု Jeremy Douglas က ပြောသည်။
Fentanyl အဓိက ထုတ်လုပ်သူ အဖြစ် သတ်မှတ်ခြင်းခံရသည့် တရုတ်နိုင်ငံ ပြီးလျှင် fentanyl ထုတ်လုပ်မှု နှင့် ဖြန့်ချီရေး စခန်းထောက်များ အဖြစ် သက်သေအထောက်အထားများကို ပါကစ္စတန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် တွေ့ရှိရသည်ဟု ကုလသမဂ္ဂက ဆိုသည်။
“ဒေသတွင်းက လုပ်ငန်းတွေက ယိုစီးမှုနဲ့ လမ်းကြောင်းပြောင်းလဲမှု ပြဿနာ တခု ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါ ပေမယ့် ထပ် ပြောရမယ်ဆိုရင် ဒါက(fentanyl) ဓာတုနည်းနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒေသတွင်းမှာ ဈေးကွက် ခုထိ မရှိသေးဘူး ဆိုပေမယ့်လည်း မကြာခင် ဖြစ်လာဖွယ်ရှိပါတယ်” ဟု Jeremy Douglas က ပြောသည်။ ပြဿနာကို ဖြေရှင်းရန် ဒေသ တွင်းမှ အစိုးရများက ဗျူဟာတခုနှင့် အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်၍ သဘောတူကြလိမ့်မည်ဟု မျှော်လင့် ကြောင်းလည်း သူက ထပ်ပြောသည်။
“ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်သည့် မူးယစ်ဆေးဝါးပြုလုပ်တဲ့ ဓာတုပစ္စည်းတွေနဲ့ ဆေးဝါးတွေက တရားဝင်သုံးစွဲခွင့် ရှိပါ တယ်။ ဒါပေမယ့် အဲဒါတွေက (ဆေးဝါး) လုပ်ငန်းအတွင်းက ယိုစီးထွက်လာပြီး အစုအဖွဲ့လိုက် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ (မူးယစ်ဆေး) ကုန်ကူးတဲ့သူတွေ လက်ထဲမှာ အဆုံးသတ်ပါတယ်။ ဒေသတွင်းမှာ ယိုစီး ထွက်ခွင့်ပြုနေတဲ့ ဟာကွက်တွေကို ဖြေရှင်းဖို့၊ ဥပဒေအရ ဖော်ဆောင်မှုမှာ နားလည်မှုတွေ၊ စွမ်းဆောင်ရည်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက နိုင်ငံများကြားတွင် ပြုလုပ်မည့် ဆွေးနွေးမှုများ ကို ကြိုဆိုကြောင်း ပြောသည်။
“ဓာတုဗေဒနည်းဖြင့် ပြုလုပ်တဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရေး ဆက်လက်ရှိနေဖို့အတွက် ပရီကာဆာ(Precursor ) တွေ လိုအပ်ပါတယ်။ ကျနော်တို့မှာ တရားမဝင်မူးယစ်ဆေး ထင်ရှားတဲ့ အရင်းအမြစ်တခု ရှိနေပေမယ့် ကျနော်တို့က ဓာတု ပစ္စည်းတွေရဲ့ အရင်းအမြစ်တခု မဟုတ်ပါဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံက ခက်ခဲသော အနေအထား တခုတွင် ရှိနေသည်။ ပရီ ကာဆာ(Precursor ) အဓိက အရင်းအမြစ် ၂ ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကြားတွင် ညပ်နေသောကြောင့် ဖြစ်သည်။
“ပရီကာဆာ(Precursor )တွေက ဗီယက်နမ်၊ ထိုင်းနဲ့ တခြား နေရာတွေကလည်း လာတယ်ဆိုတဲ့ အထောက်အထားတွေ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒါတွေက စက်မှုထွန်းကားတဲ့ ဘယ်နိုင်ငံက မဆို လာနိုင်ပါတယ်” ဟု UNODC ကိုယ်စားလှယ် Jeremy Douglas က ပြောသည်။
“မြန်မာနိုင်ငံက ကြီးမားတဲ့ ဆေးဝါးနဲ့ ဓာတုပစ္စည်း ထုတ်လုပ်သူ တွေနဲ့ နယ်နိမိတ် ထိစပ်နေတာက သူတို့ကို ပထဝီ အရ ခက်ခဲတဲ့ အနေအထားတခု ဖြစ်စေပါတယ်။ နယ်စပ်ဖြတ်ကျော် စီးဆင်းမှု နှေးကွေးစေရေးအတွက် နိုင်ငံတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။”
တရုတ်နိုင်ငံမှ National Narcotics Control Commission ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး Min Tianshi က ပူး ပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း သဘောတူသည်။
“အဲဒါကို ဦးတည်ပြီး ကျနော်တို့ တည်ဆောက်နေခဲ့တာ အခုဆိုရင် ၂ နှစ် နီးပါး ရှိပါပြီ။ UNODC နဲ့ အတူ ဗျူဟာ နဲ့ အစီ အစဉ်တခု သတ်မှတ်ဖို့ လိုအပ်တယ်ဆိုတာက ထင်ရှားလာနေပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး ပရီကာဆာ သယ်ဆောင် ရောင်းဝယ်မှုတွေကို ဖြေရှင်းရေး အရှိန်အဟုန် မြင့်တက်လာနေပါတယ်။ ယခုအပတ်အတွင်းက ဆွေးနွေးပွဲတွေက ရှေ့ကို တိုးမယ့် ခြေလှမ်းတခုလို့ ကျနော်တို့ မြင်ပါတယ်” ဟု သူက ပြောသည်။
ကုလသမဂ္ဂမှ ဓာတုဗေဒနည်းဖြင့် ပြုလုပ်သည့် မူးယစ်ဆေးဝါးဆိုင်ရာ လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် Inshik Sim က ပြဿနာကို တိုက်ဖျက်ရာတွင် သတင်းအချက်အလက် ဝေမျှခြင်းက အရေးကြီးကြောင်း ပြောသည်။
“အစိုးရတွေ အနေ နဲ့ ပစ္စည်းသစ်တွေနဲ့ ဓာတုပစ္စည်းအသစ်တွေကို ရှာဖွေဖော်ထုတ်နိုင်သင့်ပါတယ်။ တဦးနဲ့ တဦး သတင်းအချက်အလက်တွေ ဝေမျှသင့်ပါတယ်” ဟု သူက ပြောသည်။
“သတင်းအချက် အလက်တွေက တရားဥပဒေဖော်ဆောင်ရေး အတွက် ပြုလုပ်တဲ့စစ်ဆင်ရေးတွေနဲ့ ဖမ်းဆီးမှုတွေကနေ လာပါတယ်။ ဒါပေမယ့် တခါတရံမှာ ရဲတပ်ဖွဲ့အရင် အဲဒါတွေကို မြင်တွေ့ရတဲ့ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေး အာဏာပိုင်တွေဆီကလည်း လာတတ်ပါတယ်။ မြောက်အမေရိကမှာ fentanyl နဲ့ တခြား ပြင်းထန်တဲ့ မူးယစ်ဆေးတွေနဲ့ ပတ်သက်လို့ ကျနော်တို့ မြင်တွေ့ခဲ့ရပြီးနောက်မှာ သတင်းအချက်အလက်တွေကို အလျှင်အမြန် ဝေမျှခြင်းက အသက်တွေကို ကယ်တင်နိုင်မယ်ဆိုတာကို လူတိုင်း လက်ခံကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
တိုးပွားလာနေသည့် ပြဿနာက အာရှတွင်သာ မဟုတ်ကြောင်း Jeremy Douglas က ပြောသည်။
“မူးယစ်ဆေးက ပို ပိုပြီးတော့ ဝေးကွာတဲ့ ဈေးကွက်တွေကို ရွေ့လျားနေတဲ့ အတွက် အာရှမှာ ဓာတုနည်းနဲ့ ပြုလုပ်တဲ့ မူးယစ်ဆေးတွေ များပြားလာခြင်းရဲ့ သက်ရောက်မှုက ဒေသတွင်းထက်ကို ပိုပါတယ်။ ဒါက ကမ္ဘာကို သက်ရောက်မှုရှိတဲ့ ဒေသတွင်း ဖြစ်စဉ်ပါ” ဟု သူက ပြောသည်။
ကိုးကား။ ။ Reuters, South China Morning Post