မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ဂျပန်အကူအညီဖြင့် လာမည့် ဒီဇင်ဘာလတွင် စတင် အကောင် အထည် ဖော်မည်ဟု တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
အဆိုပါ စီမံကိန်းအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က ဂျပန် ယန်း ၆ ဘီလျံ ကျော် ထောက်ပံ့မည် ဖြစ်ကာ ပြည်ထောင်စုအဆင့် စီမံကိန်းလည်း ဖြစ်သည်။
ဝန်ကြီး ဦးဇာနည်အောင်က“ဆိပ်ကမ်းကနေ ကုန်စည်ပို့ဆောင်ရေးစနစ် ပိုကောင်းလာအောင် အခြေခံ အဆောက် အအုံ ပိုင်းတွေ အဓိက လုပ်သွားမယ်လို့ အကြမ်းဖျင်း သိရတယ်။ ဒါက ပြည်ထောင်စုအစိုးရ အစီအမံနဲ့ လုပ်တာဖြစ်လို့ တိုင်းအစိုးရက ကြီးကြပ်ပေးရုံ အဆင့်ပါပဲ”ဟု ပြောသည်။
ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ရေလမ်းကြောင်းမှ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ပိုမို ကောင်းမွန်စေ ရန်၊ အခြေခံ အဆောက်အအုံကဏ္ဍ မြှင့်တင်ရန်နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရန်တို့ကို အဓိကထား ဆောင်ရွက်သွားမည်ဟု သိရသည်။
မန္တလေးဆိပ်ကမ်းမှာ အရှည်ပေ ၁ သောင်းခွဲခန့် ရှိပြီး စီမံကိန်းအတွက် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် JICA မှ စစ်တမ်း ကောက်ယူကာ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ ဆောင်ရွက်သွားမည်ဟုလည်း တိုင်းအစိုးရ အဖွဲ့ က ဆိုသည်။
တိုင်း ကုန်တင်ရေယာဉ်ပိုင် အသင်းမှ ဦးမြအောင်က“ဧရာဝတီမြစ်ရေ တက်ရင် မန္တလေးမှာ ဆိပ်ကမ်း သိပ်ရှားတယ်။ ဒီဆိပ်ကမ်း ဖွံ့ဖြိုးဖို့ဆိုရင် ဂိုဒေါင်တွေ လိုအပ်သလို တာဝန်ရှိသူ ဌာနတွေရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါ တယ်။ လက်တွေ့အလုပ် လုပ်နေတဲ့ ဆိပ်ကမ်းကို တိုးတက်ဖို့ သေချာ အကောင်အထည် ဖော်နိုင်မယ် ဆိုရင် ဒါနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေအားလုံး အကျိုးရှိကြမှာပါ”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ မန္တလေးဆိပ်ကမ်း အခြေအနေနှင့် ပတ်သက်၍ မန္တလေး မရမ်းခြံဆိပ်ကမ်း မြောက်ဘက်တွင် ကျူးကျော်တဲ များ ရှိနေကာ ဆိပ်ကမ်း ကုန်တင်ကုန်ချ သတ်မှတ်သည့် နေရာများတွင် လမ်းများ ပျက်စီးနေကြောင်း၊ ရွှေကြက်ယက် ဆိပ်ကမ်းတွင် လောင်စာဆီ အတင်အချပြုလုပ်ရန် ခွင့်ပြုထားသဖြင့် ဆီတင်သင်္ဘောများနှင့် ဆီတင် ဘောက်ဆာကား များ ပုံမှန်ဝင်ထွက်နေသည့် အတွက် မီးဘေးအန္တရာယ် စိုးရိမ်နေရကြောင်းလည်း ၎င်းက ပြောဆိုသည်။
မန္တလေးဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်သည့် နေရာများ၊ သင်္ဘောရပ်နားရန် နေရာများ၊ ကုန်လှောင်ရုံများတွင် စီမံခန့်ခွဲမှု အားနည်းနေသေးပြီး ၎င်းတို့အား ရေရှည်စီမံကိန်းအဖြစ် အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်သွားမည်ဟုလည်း မန္တလေးတိုင်း အစိုးရအဖွဲ့က ဆိုသည်။
ဝန်ကြီး ဦးဇာနည်အောင်က “မြစ်ထဲကနေ ကြည့်လိုက်ရင် မန္တလေး ဆိပ်ကမ်းဟာ ဗြုတ်စဗျင်းတောင်းတွေ ချည်းပဲ။ နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်မှာ ဆိပ်ကမ်းဟာလည်း ဟိုအရင်ခေတ်တုန်းက ပုံစံအတိုင်း ရှိနေသေးတယ်။ အဲဒီထက်မကတော့ တိုးတက်သင့်နေပြီလေ။ ဒါကြောင့်လည်း ဒီလိုစီမံကိန်းမျိုးကို ဆောင်ရွက်တာပါ”ဟု ပြောသည်။