တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို ဆက်လက် အားပေးပြီး နိုင်ငံရေးအင်အားစုများ၊ ပြည်သူလူထုနှင့် လူမျိုးစုများအကြား ချစ်ကြည်ရင်းနှီးမှုကို အားပေးမည်ဟု မျှော်လင့်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ် အဆင့်မြင့် အရာရှိတဦးကို ပြောကြားလိုက်သည်။
တရုတ်ပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာနကြီးမှူး ဆွန်တောင်သည် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်နေသည်။
နေပြည်တော်တွင် ရှိနေစဉ် အထက်ပါ တရုတ်အရာရှိသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တို့နှင့် တွေ့ဆုံခဲ့သည်။
ယခုခရီးစဉ်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း သူ၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်သည်။ သူ၏ ပထမ ခရီးစဉ်အတွင်း ယခင် တပ်မတော်အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ အပါအဝင် အဓိက ခေါင်းဆောင် အများအပြားနှင့် တွေ့ဆုံခဲ့သည်။
တပ်မတော်အကြီးအကဲနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် မြန်မာ့တပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍသည် တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အရေးကြီးကြောင်း အထက်ပါ တရုတ်အဆင့်မြင့် အရာရှိက ပြောသည်။
“မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးကို တရုတ်ကွန်မြူနစ်ပါတီက အလေးထားတယ်” ဟု ၎င်းက ဆိုကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အကူအညီများပေးရန် ထိုအစည်းအဝေး အတွင်းမှာပင် ဗိုလ်ချုပ်မှူးကြီးက တရုတ်နိုင်ငံကို တောင်းဆိုသည်ဟု ထိုသတင်းစာက ဆက်လက်ဖော်ပြသည်။
တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးတွင် တက်ကြွသော အခန်းမှ ပါဝင်သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီး ယခင်စစ်အစိုးရကို ပြစ်တင် ရှုတ်ချချိန်က တရုတ်သည် အပစ်ပယ်ခံ မြန်မာအစိုးရကို အဓိက ထောက်ခံခဲ့ပြီး အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ခဲ့သည်။
လုံခြုံရေးတပ်များက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခြင်း အတွက် မြန်မာနိုင်ငံကို တခြားနိုင်ငံများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့က ပြစ်တင်ရှုတ်ချ နေချိန်တွင်လည်း တရုတ်နိုင်ငံသည် တခြားနိုင်ငံများကို ဆန့်ကျင်ပြီး နေပြည်တော်ကို ဆက်လက် ထောက်ခံခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး တရုတ်က ကြားဝင်ဆောင်ရွက်ပေးခဲ့သေးသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးရန် ငြင်းဆန်ပြီး အစိုးရနှင့် ဆက်လက် တိုက်ခိုက်နေသည့် အဖွဲ့များအပါအဝင် အဖွဲ့အားလုံး အစိုးရက ကျင်းပသည့် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ရန် တရုတ် အထူးသံတမန် ဆန်ကော့ရှန်က တိုက်တွန်းခဲ့သည်။
၂၀၁၇ ခုနှစ် မေလနှင့် ယခုနှစ် ဇူလိုင်လတွင် ဆွန်တောင်သည် အပစ်ရပ် မဟုတ်သော အဖွဲ့များကို တရုတ်နိုင်ငံကူမင်းမှ နေပြည်တော်သို့ စင်းလုံးငှား လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။ တရုတ်နိုင်ငံက ဖိအားပေးသောကြောင့်သာ ညီလာခံ တက်ခြင်းဖြစ်ကြောင်း ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ် အများအပြားက ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ အကူအညီပေးပြီး ရင်းနှီးမြှုပ်နှံမှုများလည်း ပြုလုပ်ခဲ့သည်။ ထို အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှု အများအပြားမှာ တရုတ်နိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ၊ ဆိပ်ကမ်းများ၊ ဆည်များ အပါအဝင် အခြေခံ အဆောက်အအုံများဖြစ်သည်။
၎င်းနှင့် ထိစပ်နေသော နယ်စပ်ဒေသ တည်ငြိမ်ရေးမှသည် အိန္ဒိယ သမုဒ္ဒရာသို့ လမ်းကြောင်းရရှိရေးနှင့် စီးပွားရေး အကျိုးစီးပွားများစွာအထိ ပါသော ရှင်းလင်းသည့် သေနင်္ဂဗျူဟာ များစွာဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းလုံခြုံရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးညှိနှိုင်းရေးတို့အထိ အဓိက အခန်းမှ ပါဝင်နေသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင်လည်း တိုက်ရိုက်၊ သွယ်ဝိုက် သြဇာ သက်ရောက်မှုများလည်း ရှိနေသည်။ တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံသော်လည်း တချိန်တည်းမှာပင် တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အကာအကွယ်၊ လက်နက်နှင့် တခြား အကူအညီများ ပေးနေသည်ဟု United States Institute of Peace (USIP) ၏ အစီရင်ခံစာက ဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် အထူးသံတမန်သည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်အစိုးရက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃ သိန်း ပေးအပ်ခဲ့သည်ဟု အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဌာနကပြောသည်။