ရခိုင်ပြည်နယ်တွင် တရုတ်နှင့် ပူးပေါင်း လုပ်ဆောင်နေသည့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံ ကိန်းကြောင့် တရုတ်၏ အကြွေးနွံတွင် နစ်မည်ကို စိုးရိမ်နေပြီး နှစ်ဖက် တူညီသော အကျိုးစီးပွား ဖြစ်ထွန်းစေရန် လိုအပ် သည်ဟု မြန်မာဘက်က ထုတ်ဖော် ပြောဆိုသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက် (Framework) လက်မှတ် ရေး ထိုးခြင်းကို နိုဝင်ဘာလ ၈ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မြန်မာ အစိုးရ ၏ ဇုန်စီမံခန့်ခွဲမှု ကော်မတီနှင့် တရုတ်အစိုးရပိုင် China International Trust and Investment Corporation (CITIC) ကုမ္ပဏီတို့ကြား လက်မှတ် ရေးထိုးခဲ့ကြသည်။
စီမံကိန်းတခုလုံး တန်ဖိုးမှာ မူလက အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ ဘက် က ညှိနှိုင်း ဆောင်ရွက်မှုများကြောင့် ၁ ဒသမ ၃ ဘီလီယံဖြင့် စီမံကိန်း လုပ်ငန်းတချို့ကို စတင်မည်ဖြစ်ကာ စီမံကိန်းမြေ ငှားရမ်းခ ဒေါ်လာ သန်း ၃၅၀ ကို ယင်းနေရာတွင် ပြန်လည် မြှုပ်နှံသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
ဦးအောင်ထူးက“ကျနော်တို့က ပထမအဆင့်မှာ သန်း ၃၅၀ ထည့်လိုက်ရင် ပြီးသွားပြီ။ ဘာမှ ထပ်ချေးစရာမလိုဘူး။ ခုနက လို ၇ ဘီလီယံလုံး Project (စီမံကိန်း) ကို တခါတည်း လုပ်လိုက်ရင်တော့ ကျနော်တို့က ချေးရမယ်။ အကြွေး ထောင်ချောက် ဆိုတာ အဲဒါပဲ။ ကျနော်တို့က အဲဒီအတိုးကို မပေးနိုင်ရင် စာချုပ်အရ ကျနော်တို့ရတဲ့ ပိုင်ဆိုင်မှုကို တဖြည်း ဖြည်းနဲ့ လျှော့သွားမှာ။ လျှော့သွားတဲ့အခါ သီရိလကာၤမှာ ဖြစ်တာ အဲဒါပဲ။ အတိုး မပေးနိုင်တဲ့အခါ အတိုး တက်လာ ရော။ သူတို့ရဲ့ ပိုင်ဆိုင်မှုကို ပေးလိုက်ရင်းနဲ့ နောက်ဆုံးကျတော့ အဲဒါကြီးကို ထိုးအပ်လိုက်ရတယ်”ဟု ပြောဆို သည်။
မကြာသေးခင်က သီရိလင်္ကာနိုင်ငံမှ ရေနက်ဆိပ်ကမ်း စီမံကိန်းတခုတွင် တရုတ်အစိုးရပိုင် ကုမ္ပဏီတခုက ချေးငွေ ပြန် မဆပ်နိုင်သည် ဟူသည့် အကြောင်းပြချက်ဖြင့် ဆိပ်ကမ်း လုပ်ပိုင်ခွင့်ကို ၉၉ နှစ်စာ လွှဲပြောင်း ရယူခဲ့သည်။
“၇ ဘီလီယံလုံး ချေးမယ်ဆိုရင် ကျနော်တို့က ၁ ဘီလီယံ ထည့်ရမှာဆိုတော့ အတိုးက ၄ ရာခိုင်နှုန်း ပေးရမှာ။ တနှစ် တနှစ် သွင်းရမယ့် အတိုးက နည်းမှာ မဟုတ်ဘူး။ အဲဒါကို မဆပ်နိုင်ရင် ကျနော်တို့ရတဲ့ ပိုင်ဆိုင်မှု အချိုးက နည်းသွား လိမ့်မယ်။ နောက်ဆုံး တရုတ်ကို ထိုးအပ်လိုက်ရတဲ့ အခြေအနေမျိုး ဖြစ်သွားမှာ”ဟု ဦးအောင်ထူးက ရှင်းပြသည်။
ယခင်အစိုးရ လက်ထက်က ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်း ပိုင်ဆိုင်မှုသည် မြန်မာဘက်မှ ၁၅ ရာခိုင်နှုန်းနှင့် တရုတ်မှ ၈၅ ရာခိုင်နှုန်းရှိခဲ့ရာ ယခု အစိုးရ လက်ထက်တွင် မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှု ရရှိရန် ဆောင် ရွက် ထားသည်ဟု ဆိုသည်။
၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်စဉ်က မြန်မာဘက်မှ စီမံကိန်းအတွက် ရင်းနှီးစိုက်ထုတ်ငွေ ပေးစရာမလိုသော်လည်း ၃၀ ရာခိုင် နှုန်း ပိုင်ဆိုင်သည့်အခါတွင်မူ ရင်းနှီးမြှုပ်နှံမှုငွေ စိုက်ထုတ်ရမည် ဖြစ်သည်ဟု သိရသည်။
ရင်းနှီးမြှုပ်နှံမှု အချိုးအရ တရုတ်ဘက်မှ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံပါက စာရင်း ပေးထားသည့် မြန်မာကုမ္ပဏီ ၅၀ က ၁၅ ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်ပြီး မစိုက်ထုတ်နိုင်ပါက မြေငှားရမ်းခငွေ ဒေါ်လာ သန်း ၃၅၀ မှ ယာယီစိုက်ထုတ်ပေးရန် ရှိသည်ဟုလည်း ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
သဘောတူညီချက် မူဘောင်အရ တရုတ် – မြန်မာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဖွဲ့စည်းထားသည့် မြန်မာဒေသခံ ကုမ္ပဏီ အနေ ဖြင့် လုပ်ငန်း ဆောင်ရွက်ခွင့် (Concession Rights) ပုံစံဖြင့် ရေနက် ဆိပ်ကမ်းကို တည်ဆောက် လည်ပတ်ရမည် ဖြစ် ကာ စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပထမ အဆင့်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဖြင့် ဆိပ်ကမ်း ၂ ခု စတင် တည်ဆောက်မည်ဟု သိရသည်။
စီမံကိန်းအတွက် EIA (သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှု ဆန်းစစ်ခြင်း)၊ SIA (လူမှုဘဝ သက်ရောက်မှု ဆန်းစစ် ခြင်း)၊ GT Survey (ပထဝီနှင့် မြေမျက်နှာသွင်ပြင် ဆန်းစစ်ခြင်း) များကို ယခု စီမံကိန်း ဖက်စပ်ကုမ္ပဏီများ ကိုယ်စား CITIC ကုမ္ပဏီက ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
CITIC ဥက္ကဋ္ဌ မစ္စတာ ချန်ဇန်မင်းက“ကနဦး လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ မြန်မာနိုင်ငံ တည်ဆဲဥပဒေ အရ၊ နိုင်ငံ တကာ စံချိန်စံညွှန်းများနဲ့အညီပဲ ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ မီဒီယာ များ နဲ့ ဒေသခံ ပြည်သူလူထုများ အနေနဲ့ နားလည် ထောက်ခံပေးဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
စီမံကိန်း အကောင်အထည် ဖော်ပါက ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုန် လည်ပတ်ချိန်တွင် အလုပ်နေရာပေါင်း ၁ သိန်း၊ နှစ် ၅၀ အတွင်း အစိုးရက ရေနက် ဆိပ်ကမ်းမှ အခွန်ငွေ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံနှင့် စက်မှုဇုန်မှ ၇ ဒသမ ၈ ဘီလီ ယံ၊ ဇုန် အပြည့်အ၀ လည်ပတ်ပါက နှစ်စဉ် ထုတ်ကုန်တန်ဖိုး ၃ ဒသမ ၂ ဘီလီယံနှင့် တဦးချင်းဝင်ငွေမှ တနှစ် ပျမ်းမျှ ဒေါ်လာ ၃၂,၀၀၀ ရှိမည်ဟု တရုတ်ဘက်က မက်လုံးပေး ပြောဆိုထားသည်။
“ဘယ်စီမံကိန်း မဆို ပတ်ဝန်းကျင်အတွက် ကောင်းကျိုး (သို့) ဆိုးကျိုး သက်ရောက်မှု များစွာ ဖြစ်ပွားနိုင်ပါတယ်။ ကျနော် တို့ရဲ့ အခြေခံမူဝါဒအရ ကောင်းကျိုးများကို ပိုမို ဖြစ်ထွန်းစေပြီး ဆိုးကျိုးများကို တတ်နိုင်သလောက် လျှော့ချရ မှာ ဖြစ်ပါတယ်”ဟု CITIC ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားသည်။
စီမံကိန်းကာလမှာ ပထမ နှစ် ၅၀ အတွက် စာချုပ်ဆိုပြီး နောက်ပိုင်းတွင်း ၁၀ နှစ် ၂ ကြိမ် ချုပ်ဆို လုပ်ကိုင်မည်ဖြစ် ကြောင်း၊ ရေနက် ဆိပ်ကမ်း တည်ဆောက်မှုကို ဇုန်စီမံခန့်ခွဲမှု ကော်မတီနှင့် တရုတ် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် ကာ စီမံခန့်ခွဲ မှုကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ကိုင်တွယ်မည်ဖြစ်ကြောင်း၊ တန်ချိန် သိန်းနှင့်ချီ တင်ဆောင် နိုင်သည့် သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်နိုင်မည် ဖြစ်ကြောင်း မြန်မာ အစိုးရဘက်က သိရသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ Belt and Road Initiative (BRI) ခေါ် ပိုးလမ်းမ စီမံကိန်းကြီး၏ အရေးပါသည့် အစိတ်အပိုင်း တခု ဖြစ်ကြောင်းလည်း သိရသည်။
BRI စီမံကိန်းသည် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း မြောက်မြားစွာကို ဆက်သွယ် ဖောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး ကုန်း လမ်း၊ ရေလမ်း နှစ်မျိုးစလုံး ပါဝင်မည် ဖြစ်ရာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် အိန္ဒိယ သမုဒ္ဒရာသို့ ဝင်ထွက်နိုင် မည့် မဟာဗျူဟာမြောက် အရေးပါသည့် ဆိပ်ကမ်းတခု ဖြစ်လာဖွယ် ရှိသည်ဟု ဆိုသည်။
ဘန်ကောက်မြို့ ချူလာလောင်ကွန် တက္ကသိုလ် နိုင်ငံရေး သိပ္ပံဌာနရှိ Institute of Security and International Studies မှ တွဲဖက် ပါမောက္ခ သစ်ထီနန် ပေါင်ဆူဒီရတ်က“သိသာထင်ရှားတဲ့ အန္တရာယ်ကတော့ အကြွေး ထောင် ချောက်ပါ။ တရုတ်နိုင်ငံက စြင်္က ံစီမံကိန်းတွေ တည်ဆောက်ဖို့ ငွေတွေ အမြောက်အမြား ထုတ်ချေးတာက အကြွေး ယူ တဲ့ တိုင်းပြည်တွေမှာ ကြွေးပြန်ဆပ်ဖို့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ပြန်ပေးဖို့ သူတို့မှာ အခက်အခဲ ဖြစ်ကြပါလိမ့် မယ်။ အဲဒီအခါမှာ တရုတ်နိုင်ငံက အားသာချက်နဲ့ ငွေ ချေးတဲ့ တိုင်းပြည်တွေ အပေါ်မှာ သြဇာ လွှမ်းမိုးမှု ရသွားစေပါတယ်” ဟု ဧရာဝတီကို ပြောဆိုထားသည်။
ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ခဲ့သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် နိုင်ငံတကာ တင်ဒါ ခေါ်ယူခဲ့စဉ်က တရုတ်ထက် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်ထားခဲ့သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဒေါက်တာ ကံဇော် က ဧရာဝတီသို့ ထုတ်ဖော် ပြောဆိုဖူးသည်။
လက်ရှိတွင် ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကိုလည်း ဂျပန်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် အစိုးရက မျှော်လင့်ထားသော်လည်း တရုတ်ကုမ္ပဏီများသာ စိတ်ဝင်တစား ကမ်းလှမ်းမှုများ ရှိလာပြီ ဖြစ်သည်ဟု သတင်းရင်းမြစ် တချို့က ဧရာဝတီကို ပြောသည်။
ဆက်စပ် ဖတ်ရှုရန်
- “နိုင်ငံတော်အစိုးရအနေနဲ့ အကြွေးနွံနစ်စရာ လုံးဝမရှိပါဘူး”
- တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်က အကြွေးထောင်ချောက်မိမှာ စိုးရိမ်နေကြ
- ကျောက်ဖြူ စီမံကိန်းက နိုင်ငံ့အချုပ်အခြာအာဏာကို စိန်ခေါ်နေသလား