HIV ပိုးရှိနေသူ ၄၃နှစ်အရွယ် ထိုင်းစစ်သားဟောင်းတဦးကို ၁၅နှစ်အောက် လူငယ်အများစု ပါဝင် သည့် ၇၅ ဦးအပေါ် လိင်တူချင်း အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်း ကဆိုသည်။
သူသည် လိင်တူဆက်ဆံသူများ အသုံးပြုသည့် ဆိုရှယ်မီဒီယာ App တွင် ရုပ်ရည်ခန့်ညားသည့် လူငယ် တဦးအသွင်ဖြင့် Profile ဓာတ်ပုံ တင်ကာ လူငယ်များဖြင့် အပြန် အလှန် စာပို့၍ စကားပြောရင်း ဖျားယောင်း သွေးဆောင်ခဲ့သည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။
အဆိုပါ ပြစ်မှုကျူးလွန်သည့်စစ်သားနှင့်ပတ်သက်၍ ပထမဆုံးထွက်ဆိုခဲ့သူမှာ အသက် ၁၄ နှစ်အရွယ် ရှိ အမျိုးသားငယ် တဦးဖြစ်ပြီး ၎င်းနှင့်ပထမဆုံး အွန်လိုင်းပေါ် စကားပြောဆိုပြီးနောက် တိုင်တန်း ခဲ့ခြင်းဖြစ်သည်။
၎င်း၁၄နှစ်သား လူငယ်မှာ စစ်သား ချာကရစ်နှင့် အွန်လိုင်းမှနေ၍ ပထမအကြိမ် စကားပြောခဲ့ ကြောင်း၊ ၎င်းအား ညစ်ညမ်းပုံများ ပေးပို့ရန် ချာကရစ်က တောင်းဆိုခဲ့ကြောင်း၊ ထို့နောက် လူချင်း တွေ့ ဆုံခဲ့ရာ ကားပေါ်တွင် အဓမ္မ အကျင့်ခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင် ဖျားယောင်းမှုမှ ရုန်းထွက်နိုင် ခဲ့ကြောင်း ဆိုသည်။
ယခုအခါ ၎င်း၏အဓမ္မပြုကျင့်ခံရသူများကို ထိုင်းအာဏာပိုင်များက ပံ့ပိုးနိုင်ရန် ကြိုးစားလျက်ရှိပြီး ၎င်းအပေါ် ရဲတပ်ဖွဲ့နှင့် အတူ ပူးပေါင်း၍ ထပ်မံစွဲချက်တင်နိုင်မည့်သူများအား အလိုရှိနေသည်။
တပ်ကြပ်ဟောင်း ချာကရစ် ခွန်ဆင်းသည် အမျိုးသားငယ်များထံမှ ညစ်ညမ်းပုံများ ပို့ရန်စေခိုင်း၍ ၎င်းနှင့်တွေ့ဆုံရန် အကျပ်ကိုင်စီစဉ်လေ့ရှိကြောင်း အစွပ်စွဲခံထားရပြီး၊ မဖွယ်မရာ ဗီဒီယိုဖိုင်များဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ကာ အမျိုးသား ငယ်များကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြောင်း ရဲမှူးချုပ် ဆူရာချေ့က ပြောသည်။
အမျိုးသားငယ်များ အပေါ် ၎င်း၏ ပစ်မှတ်ထား တိုက်ခိုက်လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ယခုဖော် ထုတ်ခဲ့ရာ အဓမ္မပြု ကျင့်ခံရသူပေါင်း ၇၅ ဦးရှိကြောင်း၊ ထိုအထဲမှ ၂၈ ဦးမှာ အသက် ၁၃ နှစ်မှ ၁၈ အရွယ်ရှိသူများဖြစ်ကြောင်း၊ အမည် နှင့် အိမ်လိပ်စာများကို စိစစ်ရာတွင် ခွန်းခန်း၊ အူဒုံဌာနီ၊ ကလာဆင်နှင့်မဟာ စရာ့ခန်တို့တွင် နေထိုင်ကြသည်ဟု သိရကြောင်း ဆိုသည်။
ယခုအခါ ထိုင်းရဲများသည် အာဏာပိုင်အများအပြားနှင့်ပူးပေါင်း၍ အဓမ္မကျင့်ခံရသူများ ရှိနေသည့် နေရာများကို ရှာဖွေပြီး အကူအညီပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသူများနှင့်မိဘများကို သတင်းအခိုင်အမာ တည်ဆောက်နိုင်ရန်နှင့် လိုအပ်သောစုံစမ်းစစ်ဆေးမှုများပြုနိုင်ရန် တိုက်တွန်းနေ ကြောင်း ရဲမှူးချုပ်က ဆက်လက်ပြောကြား သည်။
စွပ်စွဲခံရသူ စစ်သားဟောင်း ချာကရစ်သည် ၂၀၀၉ ခုနှစ်ကတည်းက အိတ်ချ်အိုင်ဗီပိုး တွေ့ရှိခဲ့ရသူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကုသမှုစတင်ခံယူကာ ခွန်ကန်တပ်စခန်းတွင် လွန်ခဲ့သော ၈ လက ပြောင်းရွေ့ ခဲ့ကြောင်း၊ ယခုအခါ ၎င်းကို တပ်မှ ထုတ်ပယ်၍ ဖမ်းဆီးထားကြောင်း သိရသည်။
ချာကရစ်ကို ရာဇဝတ်မှု ၆ မှုဖြင့် စွဲချက်တင်လိုက်ပြီဖြစ်ရာ ယင်းအမှုများတွင် အရွယ်မရောက်သည့် အသက် ၁၅ နှစ်အောက်ကို အဓမ္မကျင့်မှု(ထောင်ဒဏ် ၄ နှစ်မှ နှစ် ၂၀ အထိချမှတ်နိုင်ပြီး ဒဏ်ကြေး ဘတ် ၈ သောင်းမှ ၄သိန်း)၊ အရွယ်မရောက်သော အသက် ၁၅ နှစ် အောက်ကို အနိုင်ကျင့်ခြိမ်းခြောက် မှု (အများဆုံးထောင်ဒဏ် ၁၀ နှင့်(သို့မဟုတ်) ဒဏ်ကြေး ဘတ်ငွေ ၂ သိန်း)၊ အဓမ္မကျင့်ရန်အလို့ငှာ အသက် ၁၅ အောက်ရှိသူကို အဝေးခေါ်ဆောင်သွားမှု (ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ကြေး ဘတ် ၆ ထောင်မှ ၃ သိန်း) တို့ပါဝင်ကြောင်း သိရသည်။
စစ်တပ်အနေဖြင့် ပြစ်မှုကျူးလွန်သူကို ရဲလက်သို့ လွှဲပြောင်းလိုက်ပြီဖြစ်ပြီး တရားဥပဒေနှင့်အညီ အရေးယူရန်သာရှိ ကြောင်း စစ်တပ်ဒုတိယပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဗိုလ်မှူးကြီး စီရိချန်နာ့သောင်က ပြောသည်။