နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က Eleven မီဒီယာသတင်းသမား ၃ ဦးအား တရားစွဲဆို ထားမှု အပေါ် ရုပ်သိမ်းခွင့်ပြုလိုက်ကြောင်း ယနေ့ ရုံးချိန်းတွင် တာမွေမြို့နယ် တရားသူကြီး ဒေါ်တင်ဝါဝါသိန်း က အမိန့် ချလိုက်သည်။
တရားသူကြီး ဒေါ်တင်ဝါဝါသိန်းက“ရာဇဝတ်ကျင့်ထုံး ၄၉၄ အရ အမှု ရုပ်သိမ်းခွင့်ပြုသည်။ ၄၉၄ (က) အရ စွဲချက် မတင်မီ လွှတ်လိုက်သည်”ဟု တရားခွင်တွင် ပြောဆိုသည်။
တရားလိုဖြစ်သူ တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ယနေ့ ရုံးချိန်းတွင် မြို့နယ်ဥပဒေရုံးမှတဆင့် မြို့နယ်တရားရုံးသို့ ရုပ်သိမ်းလွှာတင်ပြခဲ့သည့်အတွက် တရားသူကြီးက ယင်းသို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ အမှုရုပ်သိမ်းဖို့ ဥပဒေရုံးကို တင်တာ။ တရားရုံးကို မိတ္တူ လာပေးတာပါ။ မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီ ကို ညှိနှိုင်းဖြေရှင်းပေးဖို့ တင်ထားတဲ့အတွက် အမှုရုပ်သိမ်းဖို့ တင်တာပါ”ဟု အမှုရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ဦးအောင်ကျော်ခိုင်က ပြောသည်။
တရားလို၏ အမှုရုပ်သိမ်းလွှာ တင်ပြသည့်အပေါ် ခွင့်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ တရားသူကြီး၏ သုံးသပ်ချက်တွင် မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီ (MPC) နှင့် ညှိနှိုင်းရန် တင်ပြထားခြင်း၊ ယင်းအမှုကို ရုပ်သိမ်းလိုက်ပါက တစုံ တရာ ထိခိုက်နစ်နာဖွယ်ရာ မရှိခြင်း၊ သက်ဆိုင်သူများကလည်း အမှုရုပ်သိမ်းချင်သည့် ဆန္ဒရှိသည့်အတွက် ဖြစ်ကြောင်း ပါရှိသည်။
အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်စာမျက်နှာ ၂၆ တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် ဖြိုးဝေ ရေးသား ထားသော“အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူ နာမည် ပေါက် ပြည်သူ့ ရှယ်ယာ” ဟူသည့် ဆောင်းပါးပါ အချက်အလက်တချို့နှင့် ပတ်သက်၍ အောက်တိုဘာ ၉ ရက် တွင် ဦးအောင်ကျော်ခိုင်က တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် နိုင်ငံတော် သမ္မတရုံး၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) သို့ ထပ်မံ တိုင်ကြား ခဲ့ရာ တရားရုံးသို့ ရောက်ရှိနေသည့် အမှုဖြစ်၍ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးရန် မရနိုင်သည့်အတွက် အမှုရုပ်သိမ်း ပေးရန် လိုအပ်ကြောင်း MPC က တိုင်းအစိုးရထံ အကြောင်းပြန်ခဲ့သည်။
တရားစွဲခံရသူ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာဦးနရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း တို့ သည် အောက်တိုဘာ ၁၀ ရက်တွင် တာမွေမြို့မ ရဲစခန်းသို့ ကိုယ်တိုင်လာရောက် စစ်ဆေးခံပြီး အချုပ်ဖြင့် တရား ရင်ဆိုင်ကာ အာမခံ လျှောက်ထားခဲ့ပြီးနောက် ဒုတိယမြောက်ရုံးချိန်း အောက်တိုဘာ ၂၆ ရက်တွင် တရားသူကြီးက အာမခံ ပေးခဲ့သည်။
တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Eleven မီဒီယာဘက်မှ ဆောင်းပါးပါ အချက်အလက်များ မှားယွင်း ကြောင်း ပြန်လည် တောင်းပန်ပေးရန် ပြောဆိုထားပြီး MPC ၏ ညှိနှိုင်းမှု မအောင်မြင်ပါက ဥပဒေကြောင်းအရ ဆက် လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက် က ဝန်ကြီးချုပ်ရုံးခန်းတွင် MRTV၊ MRTV-4၊ mitv၊ Sky Net သတင်း ဌာနများနှင့် တွေ့ဆုံပွဲ၌ ပြောကြားထားသည်။
တရားစွဲဆိုခံရသူ Eleven မီဒီယာမှ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းက“ကျနော်တို့လည်း စာနယ်ဇင်းကောင်စီနဲ့ပဲ သွားဖို့ တင်ပြထားပြီးသားပါ။ သူတို့ဘက်က ဘယ်လိုလာမလဲဆိုတာတော့ ကျနော်တို့ မသိသေးဘူး။ တောင်းပန်ဖို့ ဆိုတာကတော့ မှားတာ ရေးတာမဟုတ်တဲ့အတွက် ဘယ်လိုမှ တောင်းပန်စရာ အကြောင်းမရှိဘူး။ မှန်ကန်တဲ့ သတင်း ရင်းမြစ်တွေဆီကနေ ဖော်ပြတာကိုပဲ ကျနော်တို့ ယူထားတာ ဖြစ်တယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး ယခု တရားစွဲဆိုမှုသည် အစကတည်းကပင် မစွဲဆိုသင့်သည့် ကိစ္စဖြစ်ကြောင်း၊ လမ်းကြောင်း မှန်ဖြင့် သွားရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုကိုလည်း ကြိုဆိုကြောင်း၊ တိုင်းအစိုးရအဖွဲ့မှ ၎င်းတို့ထံ တစုံတရာ ပြောဆို ထားခြင်းမျိုး မရှိကြောင်း၊ မမှားသည်ကို အတင်းအကျပ် တောင်းပန်ခိုင်းပါက ၎င်းတို့ အနေဖြင့်လည်း ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့ မမှားတဲ့ဟာကို ကျနော်တို့ ဘယ်လို တောင်းပန်မလဲ။ ကျနော်တို့က ကိုယ့်တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ ရှင်းရမှာပဲ။ ကျနော်တို့ ရေးတာသည် မှန်တယ်။ ဘာကြောင့် ဘယ်လိုဖြစ်လို့ အချက်အလက်နဲ့ ဘယ်လိုယုံကြည် ကိုးကားပြီး ရေးပါတယ်ဆိုတာ ကျနော်တို့ဘက်က ပြောရမှာ ကျနော်တို့ တာဝန်ပဲ”ဟုလည်း ဦးကျော်ဇောလင်းက ပြောဆို သည်။
ရန်ကုန်တိုင်း အစိုးရအနေဖြင့် Eleven ဆောင်းပါးပါ အချက်အလက် တချို့နှင့် ပတ်သက်၍ မှားယွင်းနေသည် ဆိုပါက ပထမ အဆင့်အနေဖြင့် သတင်းမီဒီယာကောင်စီသို့ တိုင်ကြားပြီး ညှိနှိုင်းဆောင်ရွက်နိုင်သော်လည်း အာမခံပေးရန် ခက်ခဲ သည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ဖမ်းဆီး ထောင်ချခဲ့သည့် အပေါ် ဝေဖန်မှု များဖြင့် ရင်ဆိုင်ခဲ့ရသည်။