ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ ပန်ပီ့ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားရာ ကိုရင်နှစ်ပါး ပျံလွန်ပြီး ကျန် နှစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုန်းတော်ကြီး ကျောင်းတွင် ကျောင်းထိုင်ဆရာတော်၊ ဦးပဉ္စင်းတပါး အပါအဝင် ကိုရင် ၃၀ ပါးကျော် သီတင်းသုံးကြောင်း၊ မီးလောင်မှုမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံ များကမူ လူစိမ်းတသိုက် ရွာအတွင်း ဝင်ရောက်ကာ ကျောင်းအောက်ခြေ တိုင်များကို ဓာတ်ဆီလောင်း မီးရှို့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့မှာ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA) အဖွဲ့ ဝင်များ ဖြစ်ကြောင်းလည်း စွပ်စွဲထားသည်။
“ဖယောင်တိုင်းမီးကြောင့် မဟုတ်ဘူး။ ညအချိန်အခါ လူတစု ရွာထဲ ဝင်လာတယ်၊ ရွာက လူတွေက လည်း သာမန်လို့ပဲ ထင်တာ။ ပြီးတော့ ဘုန်းကြီးကျောင်း မီးလောင်တာပဲ” ဟု ပန်ပီ့ကျေးရွာ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
စွပ်စွဲမှုများအပေါ် RCSS/SSA ဘက်က ငြင်းဆိုထားပြီး အခင်းမီးလောင်ရာနေ့သည် လကွယ်ညဖြစ် ရာ ကိုရင်များ မီးဆော့ကစားရာမှ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု တုံ့ပြန်ထားသည်။
RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီးစိုင်းဦးက “မဟုတ်ပါဘူး၊ မီးလောင်တာပဲ ဖြစ်ပါတယ်။ ကိုရင်လေး (၂) ပါးဆုံး သွားတာဆိုတာလည်း ဟုတ်ပါတယ်။ ကျနော်တို့ RCSS က ရှို့တယ်ဆိုတာ တော့ မဟုတ်ပါဘူး။ ကိုရင်က မီးဆော့လို့ ဆိုလားပဲ။ အဲဒီလောင်တဲ့နေ့က လကွယ်ညပေါ့နော်။ လကွယ်ညဆိုတော့ ကိုရင်တွေ မီးဆော့တာ ဖယောင် တိုင်မီးနဲ့ပေါ့နော်။ အဲဒီနားမှာလည်း ဓာတ်ဆီပုံး ရှိတယ်လို့ ပြောတယ်။ ကိုရင်တွေ မီးဆော့ရင်နဲ့ မီးလောင်သွားတယ်လို့ ပြောတယ်” ဟု ဆိုသည်။
ပန်ပီ့ကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော် နေထိုင်သည့်အနက် ပအို့ဝ်လူမျိုး အများစုနေထိုင်ကာ ရှမ်းနှင့် လားဟူလူမျိုးများလည်း နေထိုင်သည်။
ယခုအခါ မီးလောင်မှုကြောင့် အရေးပေါ် အကူအညီများ လိုအပ်သော်လည်း မည်သည့် ကူညီစောင့် ရှောက်မှုမှ မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပန်ပီ့ရွာမှ ဒေသခံတဦးက “ အရေးပေါ် အကူအညီ လိုအပ်နေပါတယ်။ ဒေသခံရွာသားတွေ၊ ဘုန်းကြီး တွေ တိမ်းရှောင် နေကြရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မလာကြဘူး၊ ဌာနဆိုင်ရာကရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေရော ကွင်းဆင်းလာစစ်တာမရှိဘူး” ဟု ပြောသည်။
အဆိုပါ ကျေးရွာအနီး၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပအို့ဝ် အမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့ လှုပ်ရှားလျက်ရှိပြီး၊ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က နယ်မြေအငြင်းပွားကာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသေးသည်။
ထို့ပြင် တပ်မတော်ဘက်ကလည်း ယင်းကျေးရွာအနီးတွင် တပ်စခန်းအသစ်များ ဆောက်လုပ်ကာ လှုပ်ရှားမှုများ ပြုလုပ်နေ ကြောင်း RCSS/SSA ဘက်မှ သိရသည်။
“အရင်က တိုက်ပွဲဖြစ်တာတော့ မှန်တယ်၊ ကျနော်တို့လည်း ဗုဒ္ဓဘာသာ ကိုးကွယ်တယ်၊ ရဟန်း သံဃာ တွေ ပြည်သူလူထုကို ထိခိုက်တာ၊ ဘုန်းကြီးကျောင်းတွေကို လုပ်ခွင့်လည်းမရှိဘူး။ ကိုယ်တိုင်လုပ်ဖို့ စိတ်ရင်းစိတ်ထားလည်း မရှိဘူး၊ ဒီလိုမျိုး မပြောနဲ့ ဘယ်ရွာဖြစ်ဖြစ်၊ ရှမ်းရွာ၊ ပအို့ဝ်ရွာ ဖြစ်စေ၊ ဘုန်းကြီးကျောင်းအသစ် ဆောက်ရင် တတ်နိုင် သလောက် ကူညီပါတယ်၊ ကျနော်တို့အဖွဲ့ကို စွပ်စွဲတာ ပြဿနာတွေကို ပိုကြီးအောင် ဆွပေးသလိုပါပဲ”ဟု ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။
ယခုကဲ့သို့ စွပ်စွဲမှုများက ပြည်သူလူထု အချင်းချင်း အထင်မှားစေရန်၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကို ပြိုကွဲစေကြောင်း၊ RCSS အဖွဲ့ လုပ်ဆောင်ခြင်းမရှိသည်ကို ဒေသခံများ သိကြောင်း ၎င်းက ဆက်ပြောသည်။
ဘုန်းတော်ကြီးကျောင်း မီးလောင်မှုနှင့် ပတ်သက်၍ စွပ်စွဲခံရမှုအပေါ် RCSS/SSA ၏ တရားဝင် သတင်းဌာနဖြစ်သည့် Tai Freedom မှတဆင့်လည်း ဖြေရှင်းထားသည်ဟု သိရသည်။
ပန်ပီ့ကျေးရွာအနီး နယ်မြေအငြင်းပွား တိုက်ပွဲဖြစ်နေသည့် RCSS နှင့် PNLO သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။
NCA စာချုပ် အပိုဒ် (၉) ပါ “အရပ်သားများကို အကာအကွယ်ပေးခြင်း” အခန်းတွင် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း များနှင့် ဘာသာရေး အဆောက်အအုံ ပရဝုဏ်များအား အကြောင်းမဲ့ ဖျက်ဆီးခြင်း၊ ပျက်စီးမှု ဆိုးကျိုးများ ဖြစ်ပေါ်စေခြင်း နှင့် စစ်ဘက်ဆိုင်ရာ တပ်စခန်းချထားခြင်း မပြုလုပ်ရ ဟု တားမြစ်ထားပြီး အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ပေးရမည်ဟု ပါရှိသည်။