ခရီးသွားလုပ်ငန်းတခုဖြစ်သည့် Babylon Trekking & Camping Tour ၏ ဒါရိုက်တာ ကိုအောင်စိုးထိုက်ကို ရန်ကုန်မြို့ အလုံမြို့နယ် ရဲတပ်ဖွဲ့က တရားခံနှင့်မှားပြီး ဖမ်းဆီးကာ နှိပ်စက် ဝန်ခံခိုင်းခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကိုအောင်စိုးထိုက်က ပြောသည်။
ရန်ကုန်မြို့ အလုံမြို့နယ်တွင် နေထိုင်ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက်ဟောင်းလည်းဖြစ်သည့် ကိုအောင်စိုးထိုက် သည် နိုဝင်ဘာ ၉ ရက်နေ့ညနေပိုင်းက သမီးဖြစ်သူကို ကျောင်းသွားကြိုရန် လုပ်ဆောင်နေစဉ် အရပ်ဝတ်နှင့်ရဲများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။
အလုံရဲစခန်းအရောက်တွင် အခန်းအတွင်း ပိတ်လှောင်၍ ရဲများက ကြမ်းတမ်းသည့် ဆဲဆိုမှုများနှင့် ဝိုင်းဝန်း ထိုးကြိတ်ကာ ဖုန်းသူခိုးအဖြစ် အတင်း အကြပ် ဝန်ခံခိုင်းခဲ့ကြောင်း ကိုအောင်စိုးထိုက်ကပြောသည်။
အသေးစိတ်သိရှိနိုင်ရန် အတွက် ကိုအောင်စိုးထိုက်ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်း ထားသည်။
မေး ။ ။ မနေ့ညက ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်ရှင်းပြပေးပါ။
ဖြေ ။ ။ မနေ့ညနေ ၆ နာရီခွဲလောက်မှာ ကျနော်က အလုံသစ်တောလမ်းကိုသွားတယ်။ ကျနော့်သမီး သွားကြိုတာပေါ့။ သွားကြိုဖို့အတွက် အိမ်အပေါ်ထပ် ၅ လွှာကနေ သော့ချပေးဖို့ လုပ်နေတုန်းရှိသေးတယ်။ နောက်က အရပ်ဝတ်နဲ့ လူ ၂ ယောက်က လိုက်လာတယ်။ ခင်ဗျားကို စစ်စရာရှိလို့ လိုက်ခဲ့ပါတဲ့။ ဘာကိစ္စလဲဆိုတော့ မေးမနေနဲ့တဲ့ လိုက်တာလိုက်ခဲ့ပါတဲ့။ အဲတာနဲ့ ကျနော်လည်း လိုက်သွားတယ်။ ရပ်ကွက်ရုံးရောက်တော့ ရုံးကပိတ်ထားတော့ သော့ဖွင့်ပြီးတော့ ကျနော့်ကို ထည့်ထားတယ်။ နောက်တော့ စခန်းက သူ့လူတွေကို ခေါ်နေတယ်။ ခေါ်ပြီးတော့ ရဲတွေရောက်လာတယ်။ ရဲယူနီဖောင်းနဲ့က ၂ ယောက် ကျန်တာတွေကတော့ ရိုးရိုးဝတ်စုံတွေနဲ့ပဲ။
ရောက်ရောက်ချင်း ဘာမှမမေးဘဲနဲ့ လက်ထိပ်ခတ်တယ်။ ဘာမှ ပြောပိုင်ခွင့်လဲမရှိဘူး။ ပြီးရင် ကျနော့်ကို ကားထဲ ဆွဲထည့်သွားတယ်။ စရောက်ကတည်းက ကျနော့်ကို ကြိမ်းမောင်းတာ ကျနော်က မေးတယ်။ ဘာမှန်းမသိဘဲနဲ့ ကျနော်က ဘယ်ကိုလိုက်ရမှာလဲလို့ပြောတော့ မင်းစကားမရှည်နဲ့ တက်ဆိုပြီးတော့ပေါ့။ ကျနော်လည်း လိုက်သွားရတာပေါ့။ စခန်းထဲရောက်ရောက်ခြင်း ကျနော့်ကို နောက်ထဲခေါ်သွားပြီးတော့ အဲမှာလဲ ၂-၃ ယောက်လောက်ရှိတယ်။ အဲဒါနဲ့ ဒီကောင်ပဲဆိုပြီးတော့ စစ်တဲ့ အခန်းထဲမှာ တံခါးတွေပိတ်ပြီးတော့ ကျနော်ကို စပြီး နှိပ်စက်တော့တာပဲ။
ကျနော့်ကို တရားခံမဟုတ်ဘဲနဲ့ ဟေ့ကောင် ဟိုးဒေါင့်မှာသွားထိုင်စမ်း၊ ဘယ်လိုထိုင်ဆိုပြီး တရားခံလို ပုံစံထိုင်ခိုင်းတယ်။ သူတို့ နောက်တယောက်ကို လှမ်းခေါ်လိုက်တယ်။ အဲဒီရောက်လာတဲ့လူကလည်း ကိုယ့်ကို တွေ့တာနဲ့ မင်းပဲ ဆိုပြီးတော့ ဝင်လာတယ်။ အဲအခါကြမှ ကျနော်က ဘာဖြစ်တာလဲ ကျနော့်ကိုလည်း ရှင်းပြပေးပါဦးဆိုတော့မှ CCTV မှာရိုက်ထားတဲ့ ဗွီဒီယိုဖိုင်ကြီးကို ထုတ်ပြတယ်။ အထဲကလူကတော့ ကျနော်နဲ့တော့ ရုပ်ဆင်နေတယ်။ ဒါပေမယ့် ကျနော်မဟုတ်ဘူးလို့ ပြောတာကို အပြောမခံဘူး။ မင်းပဲ ဆိုပြီးတော့ ရင်ဘတ်နဲ့ ကျောကို ထိုးကြိတ်ကန်တယ်။ ပြီးတော့ တနာရီခွဲ ပုံစံထိုင်ခိုင်းတယ်။ ပြီးတော့ စစ်တယ်။ စစ်နေတဲ့ အချိန်မှာလည်း အကိုတို့ လွဲနေတယ်ဆိုတာကို ကျနော်ပြောတယ်။ ကျနော် ဒီအလုံမှာဘဲနေတယ်။ လုပ်ငန်းရှင် တဦးဆိုတာပြောပြတယ်။
ဖြစ်စဉ်က ထွေအုပ်ရုံးမှာလား မသိဘူး။ ဖုန်းခိုးသွားလို့တဲ့။ CCTV မှာတွေ့တဲ့လူက ကျနော်နဲ့ ဆင်နေတယ်။ အဲတော့ ကျနော့်နောက်က လိုက်လာပြီးတော့ ဖမ်းတာ။ ဖြစ်ချင်တော့ ကျနော်ကလည်း မနေ့ကမှ ဘောင်းဘီတို ဝတ်လာမိတယ်။ အဲဒီ CCTV မှာတွေ့တဲ့ကောင်ကလည်း ဘောင်းဘီတိုနဲ့ အဲဒါကို ကျနော့်ကို အတင်းဟုတ်ပါတယ်လို့ အဝန်ခံခိုင်းတယ်။ ၂ ယောက်က မူးနေတယ်။ ကျနော်က မဟုတ်ဘူး။ မဟုတ်တာကို ကျနော်က ဘာလို့ အတင်းဝန်ခံရမှာလဲလို့ ပြန်ပြောတယ်။
အဲဒါနဲ့ အိုခေ ဒါဆိုဟုတ်ပြီတဲ့ အဲမှာ တရားခံတွေကို စစ်တဲ့ လူမိုက်လားဘာလားမသိဘူး။ လှမ်းခေါ်လိုက်တယ်။ စစ်မယ့်ကောင်ပေါ့။ အဲကောင်ဝင်လာပြီးတော့ တံခါးပိတ်လိုက်တယ်။ ဝင်လာပြီး ဒီညတော့ မင်းသေပြီသာမှတ်တော့ ဆိုပြီးတော့ ကျနော်လည်း တော်တော်လန့်သွားတယ်။ ဘာလုပ်မလဲဆိုပြီးတော့။ ဘာမှလည်း ပြန်ပြောပြခွင့်လည်း မရှိဘဲ အတင်းဝန်ခံခိုင်းနေတယ်။ နောက်ပိုင်းတော့ ကျနော်လည်း ထပ်ရိုက်မှာစိုးတော့ ကလန်ကဆန်မလုပ်တော့ဘူး။ ဒီတိုင်းပဲ သူပြောသမျှဖြေပြီးတော့ ပြောရတော့တာပေါ့။
ကျနော့်ကို ပုံစံထိုင်ခိုင်းတယ်။ သူခိုးလို့ စွပ်စွဲတယ်။ ဆဲဆိုကြိမ်းမောင်းတယ်။ ထုတယ်။ အများကြီးဗျာ တော်တော်ဆိုးတယ်။ ရဲ ၂ ယောက်ကလည်း မူးနေသေးတယ်။
ဖြစ်ချင်တော့ ကိုလှဖုန်းရယ်၊ မမျိုးရယ်၊ ကိုပီတာရယ် မိသားစုတွေ လမ်းထိပ်က ဆိုင်မှာဆုံဖို့ ချိန်းတယ်။ ကျနော်ကလည်း ကလေးကြိုပြီးရင် သမီးနဲ့အတူလာခဲ့မယ်လို့ ပြောလိုက်တယ်။ ကျနော့်ကို ခေါ်သွားတဲ့ အချိန်မှာ ကျနော်ကလည်း မိန်းမကို ဖုန်းဆက်လိုက်တယ်။ မိန်းမရေ ငါ့ကို လူ ၂ ယောက် ဘာမှန်းလည်းမသိဘဲ ဘလိုင်းကြီး ခေါ်သွားတယ်။ ဘာမှန်းမသိသေးဘူး။ ကလေးကို မကြိုလိုက်ရဘူး။ အဲဒါပြောပြီးရော ရဲက ကျနော့်ဖုန်းကို သိမ်းသွားတယ်။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်ပေးမလုပ်ဘူး။ ဖုန်းတွေလာတယ်။ ပေးမကိုင်ဘူး။
ကျနော့်မိတ်ဆွေတွေကလည်း ကျနော်ဘယ်မှာရှိမှန်းမသိဘူး။ နောက်တော့ စုံစမ်းစုံစမ်းရင်းနဲ့ ရဲစခန်းမှာဘဲ ရှိရမယ်ဆိုပြီးတော့ လာတာ။ ဖြစ်ချင်တော့ ကျနော့်မိတ်ဆွေတယောက်က သူ့အသိ ရဲမှူးတယောက်ကိုလား မသိဘူး ဆက်သွယ်ပြီးတော့ လက်ရှိ ဒီက ဒုရဲမှူးကို ဆက်သွယ်ပြီးတော့ အဲဒီ ဗွီဒီယိုဖိုင်ကို ကြည့်တာပေါ့။ အဲတော့မှ မဟုတ်မှန်းသိတော့ နောက်ဆုံး ကျနော့်ကို ပြန်လွှတ်ပေးတယ်။ ရဲမှူးကလည်း တောင်းပန်တယ်။ ကျနော်ကလည်း နှိပ်စက်တဲ့အကြောင်းတေ ွပြောတယ်။ ရဲမှူးကတော့ အရေးယူပါ့မယ်လို့ ပြောတယ်။
ကျနော့်ကို နှိပ်စက်တဲ့လူတွေကို ဒီလူတွေ၊ ဒီလူတွေဆိုပြီး ကျနော် လက်ညိုးထိုးပြလိုက်တယ်။ ဒါကမဖြစ်သင့်တဲ့ကိစ္စ စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းလည်း ကျနော်ပြောလိုက်တယ်။ ကျနော်ကလည်း သတင်းစာရှင်းလင်းပွဲ လုပ်ရင်လုပ်မယ်၊ တရားစွဲရင်လည်း စွဲမယ်ဆိုပြီး ကျနော်ပြောတယ်။

မေး ။ ။ ကိုအောင်စိုးထိုက်ရရှိခဲ့တဲ့ ဒဏ်ရာတွေက ဘယ်လိုအခြေအနေရှိလဲဗျ။
ဖြေ ။ ။ ဒဏ်ကတော့ မျက်နှာတွေ ဘာတွေ ထိုးတာတော့မရှိဘူး။ အဓိကက သူတို့က ရင်ဘက်နဲ့ ကျောကို ထိုးတယ်။ နောက်ပုံစံ တနာရီခွဲ ထိုင်ခိုင်းတယ်။ ကျနော် အဲဒီအထဲမှာ ၄ နာရီလောက် နေလိုက်ရတယ်။ ညနေ ၆ နာရီခွဲကနေ ည ၁၀ နာရီခွဲမှ လွတ်လာတယ်။
မနေ့ညက ကျနော့်သူငယ်ချင်းတွေတာ လိုက်မဆက်သွယ်ဘဲ ပြန်သွားကြမယ်ဆိုရင် ညက ကျနော့် အခြေအနေက မတွေးဝံ့ဘူး။ သူတို့ကလည်း ကျနော့်ကို ဒီညတော့ မင်းနာပြီသာမှတ် ဆိုပြီး ခြိမ်းခြောက်ထားတာ။
မေး ။ ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကိုအောင်စိုးထိုက်အနေနဲ့ကရော ဘာဆက်လုပ်ဖို့ ဆုံးဖြတ်ထားလဲ။
ဖြေ ။ ။ ရှေ့မှာ ကျနော်လို လူတွေဘယ်လောက်ခံခဲ့ရပြီးပြီလဲ ကျနော်မသိဘူး။ ကျနော်ဟာ အပေါင်းအသင်း ဆံ့လို့ အခုလိုလွတ်လာတာ ကျနော်လို မဟုတ်ဘဲ ခံလိုက်ရတဲ့လူတွေ။ တရားခံ မဟုတ်ဘဲ တရားခံ လုပ်ခံလိုက်ရတဲ့ လူတွေအဖြစ်ကို တွေးကြည့်လို့ ရတယ်။ ဒါမျိုးနောက် မဖြစ်အောင်တော့ တခုခုတော့လုပ်မယ်။ ကျနော်ကတော့ သတင်းစာရှင်းလင်းပွဲလုပ်မယ်။ အခုတော့ တရားစွဲဖို့ ရှေ့နေနဲ့ တိုင်ပင်နေတယ်။
မေး ။ ။ အခုလို ရဲတပ်ဖွဲ့က ပြည်သူတယောက်ကို တရားခံနဲ့ မှားဖမ်းပြီး ရိုက်နှက်နှိပ်စက်တယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးအနေနဲ့ ဘာများပြောချင်တာရှိမလဲ။
ဖြေ ။ ။ ကျနော်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှ တော်တော်လေးကို တုန်လှုပ်သွားတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ ပြည်သူတွေက ရဲတွေကို အားကိုးချင်တာ။ ရဲတွေကို ကြောက်ဖို့မဟုတ်ဘူး။ အခုဟာက ရဲတွေက ကျနော်တို့ကို ကြောက်အောင်လုပ်နေတာ။ ကြောက်အောင် လုပ်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်တွေကို ဘယ်လိုတွေ လက်ကိုင ်ကျင့်သုံးနေလဲတော့ ကျနော်လည်း မသိဘူး။ ဒါပေမယ့် မနေ့က ဖြစ်တဲ့ ကိစ္စကတော့ ကျနော် တော်တော်လေးကို လန့်သွားတယ်။
ကျနော်လို့ ရှေ့မှာ လူတွေ ဘယ်လောက်ခံပြီးသွားပြီလဲ။ တခြားလူတွေလည်း နောက်မခံရအောင် တခုခုတော့ ကျနော်လုပ်သွားမှာပါ။