ရခိုင်ပြည်နယ် မြို့နယ် လေးခုတွင် လျှပ်စစ်မီးရရှိရေး အတွက် ဓာတ်အားလိုင်း စီမံကိန်း တည်ဆောက်ရန် ကျပ်ဘီလျံ ၃၀ အကုန်အကျ ခံ၍ ဆောင်ရွက်နေရာ ယခုနှစ်ကုန်တွင် လျှပ်စစ်မီး ၂၄နာရီ ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် ၄ ခုဖြစ်သည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောတော ဒေသတို့တွင် လျှပ်စစ်မီး ရရှိရန် ဓာတ်အား လိုင်း စီမံကိန်းကို ဆောင်ရွက်နေရာ လျှပ်စစ်မီး ရရှိရန် မောတောမြို့နယ် တခုသာ ကျန်ရှိတော့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့် ကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာစိုးနိုင် က ပြော သည်။
“ဘူးသီးတောင် အထိ မီးလွှတ်ပြီးပါပြီ။ မောင်တော တခုပဲ ကျန်ပါတော့တယ်။ ဒီဇင်ဘာ လကုန်လောက်ဆိုရင် ပြီးမယ်လို့ မျှော်မှန်း ထားပါတယ်”ဟု ၎င်းက နိုဝင်ဘာလ ၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဝန်ကြီးဌာန လစဉ် သတင်းစာ ရှင်းလင်း ပွဲ တွင် ပြောသည်။
ပုဏ္ဏားကျွန်း – ရသေ့တောင် ဓာတ်အားလိုင်း ၂၂ ဒသမ ၂၁ မိုင် ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံ တိုးချဲ့ တည်ဆောက်ခြင်း နှင့် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီး၍ ရသေ့တောင် မြို့ပေါ် အိမ်ထောင်စုပေါင်း ၁၅၃၀ နှင့် ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စု ၃၃၇၄ တို့ကို ၂၄ နာရီ ဓာတ်အား ဖြန့်ဖြူးမှုကို ၂၀၁၈ ခုနှစ် မတ်လ အတွင်း က ပေးနိုင်ခဲ့ကြောင်းလည်း ဦးကျော်စွာစိုးနိုင်က ပြောပြသည်။
ထိုသို့ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ များကို ၂၀၁၆ ခုနှစ်မှ စတင် တည်ဆောက်ရာတွင် ဒေသအခက်ခဲများ၊ ရာသီဥတု ခက်ခဲကြမ်းတမ်းခြင်းများ တွေကြုံခဲ့ရသော်လည်း တည်ဆောက်ရေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း နိုဝင်ဘာ ၈ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘူးသီးတောင် နှင့် မောင်တော မြို့နယ် ၂ ခုမှာ ည ၁၀နာရီ နောက်ပိုင်းနှင့် နံနက် ၅နာရီအထိ ညမထွက်ရ အမိန့် ၁၄၄ သတ်မှတ် နယ်မြေ ဖြစ်သဖြင့် ယခုကဲ့သို့ လျှပ်စစ်မီး ရရှိချိန်တွင် အမှောင်ရိပ်ခို၍ ဖြစ်တတ်သည့် ကိစ္စရပ်များကို ကြိုတင် ကာကွယ်ရာ ရောက်ကြောင်း၊ နိုဝင်ဘာလမှ စ၍ စမ်းသပ်ကာလ အဖြစ် လျှပ်စစ်မီး စတင်ရရှိကြောင်း၊ ဖွင့်ပွဲအခမ်းအနား များဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ရွှေ က ပြောသည်။
၎င်းက“အခုလို မီးရပီဆိုတော့ ၁၄၄ (ညမထွက်ရ) ဧရိယာ ဖြစ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတော့ နည်းနည်း ရပါတယ်။ မီးရတဲ့ အတွက်ကြောင့် လောင်ဆာတို့ ကာဗွန်ဒိုင် အောက်ဆိုဒ် တို့ သုံးစွဲမှု နည်းနည်း သက်သာလာမှာ ဖြစ်ပါတယ်”ဟု ပြောဆို သည်။
ဘူးသီးတောင်မြို့နယ် သပြေကုန်း အမှတ်( ၄) ရပ်ကွက်မှ ဒေါ်မေဟန်လွင့် ကလည်း“ကျမတို့တော့ မီးရပြီ၊ မီတာဘောက် မရသေးလို့ မီးမရတဲ့ သူတွေလည်း အများကြီး ရှိသေးတယ်။ အခု လျှပ်စစ်မီးရတော့ မီးသွေးနဲ့ ထမင်း မချက်ရတော့ဘူး။ အဆင်ပြေသွားတာပေါ့။ မီတာခတော့ လကုန်မှ မီတာစာရွက် ကျလာမှပဲ ကျသင့်သလောက် ဆောင်ရမှာပေါ့”ဟု ပြော သည်။
ရခိုင်ပြည်နယ်ရှိ မြို့ပေါင်း ၂၆ မြို့ရှိပြီး၊ ၂၅ မြို့မှာ လျှပ်စစ် မီးရရှိပြီး ဖြစ်ကြောင်း၊ ကျန်ရှိသည့် မြို့မှာ စနဲ မြို့ ဖြစ်ကြောင်း၊ ယင်းဒေသတွင်လည်း လျှပ်စစ်မီး ရရှိရန် အတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်မီး ရရှိမှု ရာခိုင်နှုန်း အားဖြင့် ၉၆ ရာခိုင်နှုန်း လွမ်းခြုံပြီး ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာမှ သိရသည်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲ ဆန္ဒနယ် အမှတ် (၉) မှ ဦးအောင်ကျော်ဇံကမူ“မီးရပေ မယ့် လည်း မီတာဘောက် မရရင် မီးမရဘူး။ မီတာဘောက် တခုကို ကျပ် ၁ သိန်းကျော်တယ် ဆိုတော့ အကုန် မတပ်နိုင် သေး ဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂၇ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၂၂ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ၁ ရုံ တို့မှ မဂ္ဂါဝပ် ၃၀၀၀ ကျော်ကို ထုတ်လုပ်ပေးလျက် ရှိခြင်းကြောင့် နိုင်ငံ အိမ်ထောင်စု လူဦးရေ၏ ၃၇.၈၅ ရာခိုင်နှုန်းကိုသာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်သေးသည့် အတွက် ယခု ဓာတ်ငွေ့ သုံး စက်ရုံ LNG ၄ရုံ တည်ဆောက်ပြီး မဂ္ဂါဝပ် ၃၀၀၀ ကျော်ထုတ်လုပ်ပါက လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ၂ ဆ တိုးမြင့် လာမည် ဖြစ်ကြောင်း သိရသည်။