ပညာရေးဝန်ကြီးဌာနတွင် ၂၀၁၆ ခုနှစ်မှ စတင်ခန့်ထားသော နေ့စားလပေး ရုံးဝန်ထမ်း ၄၀၀၀ကျော် ကို အမြဲတမ်း ဝန်ထမ်း အဖြစ် ခန့်ထားပေးရန် နေ့စားလပေးဝန်ထမ်းများ အမြဲတမ်းဝန်ထမ်းခန့်ထား ရေး ဆပ်ကော်မတီနှင့် ရုံးဝန်ထမ်း ၃၀ ကျော် က ၎င်းတို့၏ နစ်နာမှုများကို နိုဝင်ဘာလ ၁၀ရက်က နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုခဲ့သည်။
၂၀၁၃၊ ၂၀၁၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနက ခေါ်ယူခဲ့သည့် နေစားလပေး ဝန်ထမ်းများကို တနှစ် အကြာ အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် စတင်ခန့်ထားသူများကို ၂နှစ် ကျော် ကြာသည့်တိုင် အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်ထားခြင်းမရှိ၍ နစ်နာမှုများ ရှိနေကြောင်း ယင်း ဆပ်ကော်မတီ၏ တာဝန်ခံ၊ အခြေခံပညာရေး လုပ်သားများ သမဂ္ဂကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောသည်။
“သူတို့ အမြဲတမ်းဝန်ထမ်းတွေနည်းတူ အလုပ်လုပ်ရတယ်။ ဆေးခွင့်တို့ မီးဖွားခွင့် ရှောင်တခင် ခွင့်ကျ မရကြဘူး။ အမြဲတမ်းဝန်ထမ်းတွေက လ တလမှာ ရှိတဲ့ ရက်အတိုင်း ရကြတယ်။ သူတို့တွေမှာတော့ ရုံးတက် ရက်ပဲရတယ်။ ရုံးပိတ်ရက်အတွက် မရကြဘူး။ သူတို့ရဲ့ လုပ်သက်တွေလည်း နစ်နာတယ်” ဟု ၎င်းကဆိုသည်။
၎င်းတို့ကို ပညာရေးဝန်ကြီးဌာနက အလယ်တန်း၊အထက်တန်းကျောင်းများနှင့် ပညာရေးမှူးရုံးများ တွင် စာရေး ၁၊ ရုံးအကူ၊ သန့်ရှင်းရေး၊ သိပ္ပံအကူ၊ ညစောင့် တာဝန်များထမ်းဆောင်ရန် နေ့စားလပေး ရုံးဝန်ထမ်းများကို ခန့်ထားခြင်းဖြစ်ပြီး၊ ညစောင့် တာဝန်ထမ်းဆောင်သူမှအပ ကျန်ဝန်ထမ်းများမှာ သတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခလစာ (လက်ရှိ တရက်- ၄၈၀၀ ကျပ်) အတိုင်း ရုံးတက်ရက်များ တွင် ခံစားခွင့်ပြုထားပြီး ရုံးပိတ်ရက်များအတွက် မရရှိ ကြောင်း သိရသည်။
အမြဲတမ်းဝန်ထမ်းမခန့်သေးသဖြင့် နေ့စားလပေးရုံးဝန်ထမ်းများမှာ ဝန်ထမ်းလုပ်သက်အတွက် အဓိကနစ်နာနေ သကဲ့သို့ လစာနှင့် အခြားသော ခံစားခွင့်များတွင်လည်း နစ်နာနေသည်ဟု တပ်ကုန်း မြို့ ဗိုလ်မင်းရောင် အခြေခံပညာကျောင်းတွင် ညစောင့်တာဝန် ထမ်းဆောင်နေသော ကိုဇင်ကိုကိုက ပြောသည်။
“ကျနော်အနေနဲ့ ပြောရရင် ပညာရေးဝန်ကြီးကို တိကျတဲ့အဖြေတခုပေါ့။ ဘယ်နေ့ကို အမြဲတမ်း ခန့် မယ်။ ရှင်းပြစေချင်ပါတ ယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရုံးဝန်ထမ်းများနှင့် အတူတူ စာမေးပွဲဖြေဆို ခန့်ထားသော သင်ကြားရေးကဏ္ဍမှ နေ့စား လပေး ဆရာများကိုမူ တနှစ်အကြာတွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ပြီး ရုံးဝန်ထမ်းများကို ချန်လှပ်ထားသည်မှာ ပညာရေးဝန်ကြီးဌာနက ခွဲခြားဆက်ဆံသကဲ့သို့ ဖြစ်နေကြောင်းလည်း တောင်းဆိုသူများက ပြောသည်။
“နိုင်ငံဝန်ထမ်း ဥပဒေ အခန်း ၃ ပုဒ်မ ၁၉၊ ၂၀ မှာ ပါတဲ့ ညွှန်ကြားချက်တွေအတိုင်း စာမေးပွဲတွေ ဖြေ ပြီးတော့ ဒီရာထူးကိုရခဲ့တယ်။ ဒါဆို စာမေးပွဲဖြေခဲ့တာလည်း တူတယ်။ သင်ကြားရေးကို အမြဲတမ်း ဝန်ထမ်းခန့်နိုင်သေးရင် ဘာဖြစ်လို့ သူတို့ကို အမြဲတမ်းခန့်မပေးတာလဲ။ ဒါက ဝန်ကြီးဌာနတခုမှာ လုံးဝကို ခွဲခြားဆက်ဆံမှုတခုဖြစ်နေတယ်လို့ ယူဆတယ်။ ဒီအတွက် သူတို့ကို အမြန်ဆုံးခန့်ထားပေး ဖို့ တောင်းဆိုတာပါ”ဟု ဦးဖြိုးဝေအောင်က ပြောသည်။
၎င်းတို့အနေဖြင့် နေ့စားလပေး ရုံးဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းခန့် ထားရေးအတွက် အင်တာနက် လူမှုကွန်ယက်တွင် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော်လည်း ပညာရေးဝန်ကြီးဌာနမှ တစုံတရာ အသိအမှတ်ပြုမှုကို မရရှိခဲ့ကြောင်း၊ ထို့အတွက် ပြီးခဲ့ သည့် နိုဝင်ဘာလ ၅ ရက်စွဲဖြင့် နေ့စားလပေးတွေကို အမြန်ဆုံး ခန့်ထားပေးပါရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ပညာရေးဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ထံ စာဖြင့် တင်ပြတောင်းဆို ထားကြောင်း သိရသည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်တောင်းဆိုကာ အမြဲတမ်း ဝန်ထမ်းခန့်ထားရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်းဆိုမှုများအား လစ်လျူရှုနေပါက ဆန္ဒပြတောင်းဆိုသည့် နည်းလမ်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း တောင်းဆို သူများက ပြောသည်။
“တွေ့ဆုံခွင့် မပေးရင် သို့မဟုတ် ပေးပြီး တိကျတဲ့ အဖြေမရဘူးဆိုရင်လည်း ကျနော်တို့က ဆန္ဒပြ မယ်။ နေပြည်တော်မှာ ဆန္ဒပြဖို့ စီစဉ်မယ်။ ဒါနဲ့မှ မရသေးဘူးဆိုရင် မြိ့နယ်တိုင်းမှာ နေ့စားလပေး တွေ လှုပ်ရှားမှုတွေဖြစ်လာလိမ့်မယ်။ ကျနော် တို့က အဲဒီလောက်အထိ မသွားချင်ဘူး။။ ပညာရေး ဝန်ကြီးဌာနကို တိုက်ခိုက်နေတာ မဟုတ်ဘူး။ ကျနော်တို့ ရသင့်တဲ့ အခွင့်အရေးတွေကို တောင်းဆိုနေ တာဖြစ်တယ်” ဟု ဦးဖြိုးဝေအောင်က ပြောသည်။
နေ့စားလပေး ရုံးဝန်ထမ်းတဦးဖြစ်သူ ကိုဇင်ကိုကိုက “လက်ရှိ နေ့စားလပေး ရုံးဝန်ထမ်းတွေက တယောက်မှ စိတ်မချမ်း သာပါဘူး။ မျှော်လင့်ချက်ကလေး ရှိလာမလား ဆိုပြီးတော့ အလုပ်လုပ်နေ ရတာပါ။ အဲဒါကြောင့် ပညာရေးဝန်ကြီးအနေနဲ့ တိကျတဲ့ အဖြေတခုနဲ့ အမြဲတမ်းဝန်ထမ်း အမြန့်ခန့် ပေးဖို့ တောင်းဆိုချင်ပါတယ်။ အဲဒီလို လုပ်မပေးနိုင်ဘူးဆိုရင် ဆန္ဒပြသင့် ရင်လည်း ပြရမှာပါ” ဟု ပြောသည်။
၎င်းတို့၏ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ရန်ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌ ဒေါက်တာတင်အောင်က ယင်းကိစ္စနှင့် ပတ်သက်ပြီး အသေး စိတ် မသိရှိသော်လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ရရှိသော ဘတ်ဂျက်ကို စနစ်သစ် ပညာရေးကဏ္ဍ၊ လိုအပ်နေသော ဆရာခန့်ထားရေးကဏ္ဍ၊ အခြေခံအဆောက်အဦများ အတွက် ဦစားပေးသုံးစွဲနေရသဖြင့် ၎င်းတို့ကို မခန့်နိုင်ခြင်းဖြစ်မည်ဟု ယူဆကြောင်း၊ ဘတ်ဂျက်လုံ လောက်ပါက ခန့်ထားသင့်ကြောင်း ပြောကြားသည်။
“ကျနော့်အနေနဲ့ ပြောရရင် ငွေရေးကြေးရေးအရ ပေးနိုင်တယ်ရင်တော့ ပေးသင့်တာပေါ့ဗျာ။ ငွေရေးကြေးရေးက ပညာရေး ဌာနက ရတဲ့ ဘတ်ဂျက်တွေကလည်း ကျောင်းတွေ နှစ်တန်းတိုးလို့ အခြေခံအဆောက်အဦတွေ ဆောက်ရတာ အများကြီး ပဲ။ ဆရာဆရာမကလည်း တနှစ်ကို အနည်းဆုံး ၃သောင်းလောက် မခန့်နိုင်ဘဲနဲ့ စနစ်သစ်ပညာရေးက မအောင်မြင်ဘူး။ ပညာရေးက ဘတ်ဂျက် မသုံးနိုင်တာတော့ သိတယ်” ဟု ဒေါက်တာတင်အောင်က ပြောသည်။