ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဖွဲ့အစည်းတခုလုံး တညီတညွတ်တည်း ပါဝင်ရန်အတွက် လုံလောက်သည့် အချိန်တခု လိုအပ် နေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ တရားအစည်းအဝေးများတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) က ကြေညာလိုက်သည်။
နိုဝင်ဘာလ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် KNU ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်စေရန်အတွက် လည်းကောင်း၊ အဖွဲ့အစည်း တခုလုံး တညီတညွတ်တည်း ပါဝင်ရန် လုံလောက်သည့် ကာလတခု ရယူရန် လိုအပ်သည့်အတွက် လည်း ကောင်း အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်ကာ အလွတ်သဘော တွေ့ဆုံဆွေးနွေး မှုလမ်းကြောင်းမှ တဆင့် ဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
NCA သဘောတူ စာချုပ်ပါအတိုင်း တခုတည်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ် များနှင့်အညီ တည်ဆောက်သွားမည်ဟုလည်း ပြောဆိုထားသည်။
KNU မှ အထွေထွေအတွင်းရေးမှူး ပဒို စောတာဒိုမှူးက “ဘာကြောင့် အဲဒီလို ဆုံးဖြတ်လိုက်ရလဲ ဆို တော့ ဒီနေ့ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ကျနော်တို့ဗဟိုကော်မတီရဲ့ သုံးသပ်ချက်ကို ကြည့်လိုက်မယ်ဆိုရင် မူလသွားနေတဲ့ လမ်း ကြောင်းကနေ တိမ်းစောင်းနေတဲ့ အချက်တချက်ကို တွေ့တယ်။ ဘာကြောင့် တိမ်းစောင်းရသလဲ ဆိုတော့ ဥပမာ- ကျနော်တို့ UPC သုံးကြိမ်နဲ့ ဖက်ဒရယ်ဖောင်းဒေးရှင်းကို ချဖို့ဆိုတဲ့ သဘောမျိုးကို သဘောတူထားတာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ UPC က သမ္မတကြီး ဦးသိန်းစိန် ခေတ်ကနေ ပြန်တွက်လိုက်မယ်ဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေး ညီလာခံကို လုပ်တာ (၄) ကြိမ် ရှိ သွားပါပြီ။ အမှန်တကယ် အနှစ်သာရရှိတဲ့ အချက်အလက်က တော်တော်လေးကို နည်းပါတာ ကျနော်တို့ တွေ့ရတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ အဲဒီအတွက်ကြောင့် လာမယ့် (၂၁) ရာစု ပင်လုံ အစည်းအဝေးတွေမှာ အဖြေ ကောင်း၊ ရလဒ် ကောင်း ရရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ နိုင်ငံရေး သဘောတူညီ ချက်တွေကို အရင်ရအောင် လုပ်ဖို့ဆိုတဲ့ အခြေခံနဲ့ ကျနော်တို့ ကြားမှာ သဘောတူထားတာ ရှိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရေး သဘောတူညီချက်တွေကို ရအောင် လုပ်ဖို့ဆိုတဲ့ နေရာမှာလည်း ထပ်ပြီးတော့ ပိတ်ဆို့နေ တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီနိုင်ငံရေး သဘောတူညီချက် ကိုရအောင် ဖော်ဆောင်တဲ့ နေရာမှာ ဒီပိတ်ဆို့ မှုတွေကို အလွတ်သဘော ဆွေးနွေးမှုတွေကနေ ကျော်လွှားဖို့ လိုပါတယ်။ အဲဒီအတွက်ကြောင့် အချိန်ယူဖို့ လိုတယ်၊ အဲဒီအတွက်ကြောင့် ကျနော်တို့ ယာယီ ရပ်ဆိုင်ထားတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယာယီရပ်ဆိုင်းကြောင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ကရင်ပြည်နယ်၊ ဘားအံ ခရိုင်၊ လေးဝါးတွင် ပြုလုပ်သည့် KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး ကျင်းပပြီနောက် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
KNU သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တခြားသော လက်နက်ကိုင် (၇) ဖွဲ့နှင့်အတူ လက်မှတ်ထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
ယင်းကြောင့် NCA စာချုပ်အရ အကောင်အထည်ဖော်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ညီလာခံ အပါအဝင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူူးတွဲကော်မတီ(UPDJC)၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြင်ဆင်/ ရေးဆွဲခြင်း အစည်းအဝေး စသည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ NCA ထိုးထားသည့် လက်နက် ကိုင် အဖွဲ့များ ပါဝင်ဆောင်ရွက်နေသည့် အစည်းအဝေးများကို တက်ရောက်ရသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ရှေ့ဆက် လျှောက်လာနိုင်ဖို့ အချိန်တခု လိုတယ်။ ဒါတွေ အောင်မြင်ဖို့ တရားဝင် ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ယာယီ ရပ်ဆိုင်း ထားမယ်၊ အလွတ်သဘော ဆွေးနွေးပွဲတွေကနေ အဖြေရှာပြီး သွားမယ်ပေါ့။ UPDJC ကလည်း အစိုးရကို အလွတ်သဘော ဆွေးနွေးမှုတွေကနေ တရားဝင် ဆွေးနွေးမှုထဲကို ပြန်ပါလာအောင် လုပ်ဖို့ အဆိုပြုသွားဖို့ရှိပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅-၁၆ ရက်က အစိုးရ၊ တပ်မတော်၊ လွှတ်တော် ထိပ်သီး ခေါင်းဆောင် ၁၀ ဦးနှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင် ၁၀ ဦးတို့ ခွဲမထွက်ရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိစ္စ၊ တခုတည်းသော တပ်မတော် လက်ခံရေးကိစ္စ အပါအဝင် တခြားသော ကိစ္စများကို အလွတ်သဘော ဆွေးနွေးခဲ့ကြ သေးသည်။
ထိုဆွေးနွေးမှုအပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ငြိမ်းချမ်းရေးဆွေးနွေး မှုများကို KNU အနေဖြင့် ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် အဖွဲ့အစည်းအတွင်း ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ရန် ရှိကြောင်း အောက်တိုဘာ ၂၇ ရက်မှာ စာပို့ခဲ့သည်။
ယင်းနောက် နိုဝင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ KNU အရေးအပေါ် အစည်းအဝေးလုပ်ကာ အောက်တိုဘာ ၁၅-၁၆ ရက်က ဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးကာ တရားဝင် ဆွေးနွေးပွဲများကို ယာယီ ရပ်ဆိုင်းထားပြီး အလွတ်သဘောဆွေးနွေးမှုများကနေ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသော Stakeholder များအနေဖြင့် NCA အပေါ် နားလည်မှုများ ကွဲလွဲနေသည်များရှိသော်လည်း ဖြေရှင်းခြင်းထက် ရှောင်ကွင်း၍ မိမိနားလည်သလို အကောင်အထည်ဖော်နေခြင်းကြောင့် ရှုပ်ထွေးမှုများ ဆင့်ကဲဖြစ်ပေါ်နေကြောင်း၊ တဖက်တွင်လည်း NCA ပါ အချက်များအား အကောင်အထည် မဖော်နိုင်သေး သည် များလည်း ရှိနေသောကြောင့် ထိုအကြောင်းအရာများအားလုံးကို အဖြေရှာနိုင်ရေးကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ Staeholder များနှင့် ဆက်လက် ဆွေးနွေးသွားမည်ဟု ဖော်ပြသည်။
ထို့ပြင် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများ ဖော်ဆောင်ရန် လိုအပ်နေသေးသည့်အပြင် ယုံကြည်မှုတည်ဆောက်သည့် လုပ်ငန်းစဉ်များ၊ ဖော်ဆောင်ရာတွင် အခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် ယုံကြည်မှုတည်ဆောက်ခြင်း ဆိုင်ရာ ယန္တရားများ၊ ဘုံမျှော်ရည်ချက်များ (Common Visions) နှင့် ဘုံစံတန်ဖိုးများ (Shard Values) ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကို Stakeholder များအကြား တည်ဆောက်ရမည်ဟု အခိုင်အမာ ယုံကြည်ပါသည်ဟုလည်း ဆိုထားသည်။