ပဲခူးတိုင်း သာယာဝတီခရိုင် နတ္တလင်းမြို့ သကျမဟာမြတ်မုနိ ဘုရားပွဲ အကြို ဖျော်ဖြေပွဲ ကျင်းပရာ ပွဲကန်ထရိုက်မှ အဆိုတော်များအား ငွေအကျေ မချေသည့်အတွက် သီချင်းမဆိုဘဲ ပြန်သွားရာမှ ပွဲ ကြည့်ပရိတ်သတ် တချို့ မကျေနပ်၍ ဖျက်ဆီးမှု ပြုခဲ့ခြင်း ဖြစ်စဉ်၌ မည်သူကိုမျှ အရေးယူထားခြင်း မရှိသေးကြောင်း နတ္တလင်း မြို့နယ် မြို့မရဲစခန်းမှ သိရသည်။
မြို့မရဲစခန်းမှ စခန်းမှူး ဇော်မိုးက “ကျနော်တို့သိရတာ တီးဝိုင်းပိုင်ရှင်က သားငယ်ကိုငှားတယ်ပြော တယ်။ သားငယ်နဲ့ ရှင်းနေတယ် အမှုလာဖွင့် မယ်တော့ပြောနေတယ်။ လာတော့မလာသေးဘူး၊ အမှု လာဖွင့်ရင် ဥပဒေအနဲ့အညီဆောင်ရွက်ဖို့ စီစဉ်ထားတယ်။ ကျနော်တို့ဆီကတော့ ဖွင့်ထားတာ မရှိ သေးဘူး နစ်နာတဲ့လူက ဖွင့်မှ ကျနော်တို့က ဖွင့်ပေးရမှာ။ ရဲအရေးပိုင်မဟုတ်ပါဘူး၊ ပစ္စည်းဆုံးရှုံး တဲ့လူက လာဖွင့်မှ ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာ သိမှာလေ” ဟု ဧရာဝတီကို ပြောသည်။
စက်ပစ္စည်းများနှင့် ထိုင်ခုံများကို ဖျက်ဆီးသူများကို အခင်းဖြစ်ပွားစဉ် ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်းအရ လိုက်လံ စုံစမ်း အရေးယူနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဖြစ်တဲ့အချိန်မှာ တကွင်းလုံးကလည်း မှောင်မဲ နေတာ၊ လူတွေကလည်း နယ်ပေါင်းစုံကလာကြတာကို ဒါပေမယ့် ဗွီဒီယို ဖိုင်တွေကြည့်ပြီးလိုက်ရင် ရပါတယ်။ ကျနော်တို့ အဲဒါမျိုးတော့ စီစဉ်ထားပါတယ်”ဟု စခန်မှူး ဇော်မိုးကဆိုသည်။
နတ္တလင်းမြို့ သကျမဟာမြတ်မုနိဘုရားပွဲတော်အကြိုအဖြစ် အဆိုတော် Rဇာနည်၊ ဝေလ၊ သားငယ်၊ ချမ်းငြိမ်း၊ ပိုးမီနှင့် မိုင်းမိုင်ဆိုင်းတို့ ဖျော်ဖြေမည့်ပွဲအား ရုံဝင်ခ ကျပ်၅ ထောင်၊ ထိုင်ခုံကြေး ကျပ်၅ ထောင်တို့ဖြင့် လက်မှတ်များရောင်းချခဲ့ပြီးမှ ပွဲမစမှီ ကန်ထရိုက်မှ ငွေအကျေမချေနိုင်သည့် အတွက် အဆိုတော်များ ပြန်သွားရာမှာ လက်မှတ် ဝယ်ယူထားသူ လူငယ် တချို့မှ ပွဲရုံအတွင်းရှိ ပစ္စည်းများ အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စတိတ်ရှိုးမီးတာဝန်ခံ ကိုအောင်မြတ်သူက ဧရာဝတီကို ပြောသည်။
“အဆိုတော်တွေ ပြန်သွားတာသိတဲ့ ပရိတ်သတ်တချို့ကပြန်သွားပြီ။ အဲဒီအထဲက သောက်စားထားတဲ့ လူငယ်တချို့က ထပြီး ငါးထောင်ပေးထားတာ ငါတို့ ချွေးနဲစာနဲ့ ရှာထားတာဆိုပြီး ပေါက်ကွဲပြီး ခုံတွေ ရိုက်ခွဲကြတယ်။ စတိတ်စင်ပေါ်အထိ တက်လာပြီး၊ မီးတွေရိုက်ခွဲတယ်။ နောက်ဆုံး ကီးဘုတ်တလုံး ပျောက်တယ်။ ဒရမ်ဆို ဆိုက်ဒရမ်းလေးနဲ့ ရှဲလေး ၂ ချပ်ပဲ အကောင်းပြန်ရတယ်။ ကျနော်က မီး တာဝန်ယူထားတာ ၁၅ သိန်းဖိုးလောက်ပဲရှုံးတယ်။ အော်ဒီယိုသမားကတော့ သိန်း ၆ ရာကျော်ဖိုး လောက် ဖျက်ဆီးခံလိုက်ရတယ်။ ရန်ကုန်က ငှားလာတာ သုံးတဲ့ပစ္စည်းတွေက မာရှယ်တို့လို့ အကောင်းစားတွေ၊ ကျနော်တို့ မျက်စေ့ ရှေ့တင်ဖျက်ဆီးနေတာ ကျနော်တို့လည်း တားလို့လည်း မရတော့ ဗွီဒီယိုရိုက်ပြီး ဒီအတိုင်းပဲထိုင်ကြည့်နေရတယ်။”ဟု ကိုအောင်မြတ်သူက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပွဲလုံခြုံရေးတာဝန်ယူခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကို ခရိုင်ရဲတပ်ဖွဲ့မှုမှ ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း၊ ပွဲကန်ထရိုက်ယူထားသူများ နွယ်ခွေ အုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်ပြီး ပွဲကန်ထရိုက်အပါအဝင် ပစ္စည်းများအား ဝင်ရောက်ဖျက်ဆီးသူများကို အရေးယူရန် လိုအပ်ကြောင်း နတ္တလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဧရာဝတီကိုပြောသည်။
“ ကျနော်ဖြစ်စေချင်တာက ပွဲကန်ထရိုက်ကိုလည်း တရားစွဲ၊ ဖျက်တဲ့လူတွေကိုလည်း တရားစွဲရမှာ။ ဗွီဒီယိုရိုက်ထားတာဗျာ ဘယ်သူတွေဖျက်တယ်ဆိုတာ အကုန်မြင်နေရတာပဲ။ ကျနော်က တရားစွဲဖို့ ရဲမှူးကိုပြောတော့ တိုင်တဲ့လူရှိမှ စွဲလို့ရမယ် တဲ့ဗျာ။ ဖျက်နေတဲ့အချိန်မှာ အဲဒီနားက ဘိုးဘွာရိပ်သား နားမှာ ရဲတွေ လုံခြုံရေးတွေရှိတယ် လူ ၂၀ လောက်ဖျက်နေတာကို လုံးဝ မတားဘူး မသိရင် လွှတ်ပေး ထားသလားတောင်ထင်ရတယ်။ သိန်း ၇၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးသွားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဆက်ပြောသည်။
ယခုလို ပွဲပျက်ရခြင်းနှင့် ပတ်သက်၍ အဆိုတော်များအား စရန်ပေးရန် ပျက်ကွက်ခဲ့ပြီး၊ ပွဲကျင်းပမည့် နေ့တွင်လည်း ငွေအကျေ မပေးချေနိုင်သည့်အပြင် ပွဲကန်ထရိုက်များပင် အဆိုတော်များနှင့်ပင် တွေ့ ဆုံရန် အကြိမ်ကြိမ်ဖုန်းခေါ် ဆိုခဲ့ရ ကြောင်းနှင့် ပွဲစီစဉ်သူများဘက်မှ စီစဉ်ထားသည့် အသံပိုင်း ဆိုင် ရာပစ္စည်းများနှင့်ပတ်သက်၍ အသုံးပြုရန် အဆင်မပြေ ၍ အဆိုတော်သားငယ်အနေနှင့် ရန်ကုန်မှ တာဝန်ယူ ငှားရမ်းပေးခဲ့ရပြီး ပျက်ဆီးဆုံးရှုံးသွားသည့် ပစ္စည်းများအား ပွဲတာဝန်ခံ များမှ လျော်ကြေး ပေးရန်နှင့် မပေးပါက ဥပဒေကြောင်းအရ တရားစွဲသွားမှာဖြစ်ကြောင်း အဆိုတော်သားငယ်၏ ဖေ့စ်ဘုတ်မှ Live လွှင့်၍ ဖြေရှင်းခဲ့သည်။
“အဆိုတော်တွေကလည်း ကျနော်မျက်နှာနဲ့ လိုက်လာကြတာပေါ့။ ပွဲစီစဉ်တဲ့လူတွေကို ဘယ်လိုမှ ဖုန်း လည်း ဆက်မရဘူး ပြောလို့လဲမရဘူး။ စက်တွေကတော့ ရန်ကုန်ကိုပြန်ရောက်သွားပြီ။ တချို့လည်း မြင်ကြမှာပါ မိုက်တွေဘာတွေ မော်နီတာတွေပါ ထမ်းပြီး ဆိုင်ကယ်နဲ့ ပြန်သွားကြတာ။ ဒီပိုက်ဆံ ကုန် ကျတဲ့ ပမာဏကို သူတို့ လျော်ရင်တော့ ပြဿနာပြီးမယ်။ အဆိုတော်ဖိုးတွေ စက်ပစ္စည်းဖိုးက အများ ဆုံးပဲ ကျနော်တို့ကို အလျော်ပေါ့လေ ပေးမယ်ဆိုရင် အမှုဖွင့်တာကို ကျနော်တို့စဉ်းစားပေးလို့ရတယ်။ အဲဒီအတိုင်းမှမဟုတ်ရင် တရားဥပဒေအတိုင်းပဲ အမှုဖွင့်ပြီး အလုပ်လုပ်ရ မှာပေါ့”ဟု အဆိုတော် သားငယ်က ၎င်း၏ ဖေ့စ်ဘုတ်တွင် live လွှင့်ပြောဆိုခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ပွဲတာဝန်ခံနှင့် ဖျက်ဆီးသူများအား အရေးယူဆောင်ရွက်နိုင်ရန် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်မှ အမှုဖွင့်တိုင်းကြားရန်နှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြို့နယ် တာဝန်ရှိသူများမှ သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဧရာဝတီကိုပြောသည်။
အခင်းဖြစ်ပွားစဉ် ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်း
Video credit: Zin Moe