သတင်း

ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လုပ်သွားမည်ဟု NLD ဒုဥက္ကဋ္ဌ ပြော

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီတွင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက နေပြည်တော် စည်ပင်ရိပ်သာတွင် ပြုလုပ်သည့် ပါတီ ဗဟိုကော်မတီ (CEC) အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က “အမျိုးသမီးရယ်၊ ရပ်/ကျေးစည်း (ရပ်ကွက်/ကျေးရွာအဆင့် စည်းရုံးရေးအဖွဲ့) ရယ် လောလောဆယ် ပြန်ဖွဲ့မယ်။ မြို့နယ်စည်း (မြို့နယ်အဆင့် စည်းရုံးရေးအဖွဲ့) တွေမှာလည်း အင်အားမရှိရင် ပြန်ဖြည့်မယ်။ လောလောဆယ်မှာတော့ ပါတီကို အရင်ဆုံး Reform (ပြုပြင်ပြောင်းလဲရေး) ပြန်လုပ်မယ်။ ပါတီ Reform (ပြုပြင်ပြောင်းလဲရေး) ပြန်လုပ်ပြီးရင် ကိုယ်စားလှယ်အတွက် တဆင့်ချင်း စဉ်းစားမှာပေါ့”ဟု ပြောသည်။

အဆိုပါ CEC အစည်းအဝေးတွင် ပါတီတွင်း ကိစ္စရပ်များနှင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စများ ဆွေးနွေးခြင်းအပြင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ် သုံးသပ်ရေး ကော်မတီများကို ဖွဲ့စည်းခဲ့သည်ဟုလည်း သိရသည်။

နိုဝင်ဘာလ ၃ ရက်က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် NLD ဝင်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၃ နေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုး ၁ နေရာ၊ စုစုပေါင်း ၇ နေရာသာ အနိုင်ရရှိခဲ့ပြီး ယခင်က ပါတီအနိုင်ရခဲ့သည့် မဲဆန္ဒနယ်အချို့တွင် ရှုံးနိမ့်ခဲ့သည့်အပေါ် ပြန်လည် သုံးသပ်သွားမည်ဟုလည်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်က “မြစ်ကြီးနားမှာ ကျနော်တို့ ရနေကျမဲက အရင်က ၄ သောင်းကျော် ရတယ်။ အခု ၁ သောင်းကျော်ပဲ ရတယ်။ ဘာ့ကြောင့်ကျသွားသလဲဆိုတော့ မဲဆန္ဒရှင်မလာဘူးဆိုတာပဲ သုံးသပ်လိုက်တာပေါ့။ ဒါပေမယ့် တခြားပါတီကရော မဲရလား။ ကျနော်တို့မှာ အချက်အလက်တွေ ရှိပါတယ်။ ဒါတွေလည်း နောက်ပိုင်းကျရင် သုံးသပ်ရေးကော်မရှင်မှာ အတိအကျ ပါပါလိမ့်မယ်”ဟု ပြောသည်။

ကြားဖြတ်ရလဒ် သုံးသပ်ရေးကော်မတီတွင် ဒေါက်တာတင်မျိုးဝင်း၊ ဒေါ်မေဝင်းမြင့်၊ ဒေါ်ကြူကြူသန်း၊ ဦးအောင်ကြည်ညွှန့်၊ လူငယ် အဖွ့ဲဝင် တဦးပါဝင်သည့် နိုဝင်ဘာ ၁၁ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က “ကျနော်တို့ရဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သုံးသပ်ရေးကော်မတီကိုလည်း စနစ်တကျဖွဲ့ပြီးတော့ လွတ်လွတ်လပ်လပ် ပြန်သုံးသပ်ဖို့ လုပ်ထားပါတယ်”ဟု ဆိုသည်။

နေပြည်တော် CEC အစည်းအဝေးတွင် ပါတီဝင်များ၏ အားနည်းချက်များအပေါ် ပွင့်လင်းမြင်သာစွာ ဝေဖန်ထောက်ပြမှုများ ရှိခဲ့ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် ကိစ္စရပ်များ၊ တိုင်းနှင့် ပြည်နယ်များရှိ အောက်ခြေအဆင့် ပါတီဝင်များ လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ ပါတီတွင်း ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာနိုင်ရေးအတွက် သင်တန်းများ ပို့ချရေး ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ပါတီအောင်နိုင်ရေး စည်းရုံးရေးအဖွဲ့များကို ဖွဲ့စည်းထားသော်လည်း စာရွက်ပေါ်တွင်သာ ရှိကာ မြေပြင်တွင် မရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အချို့တွင် အရှုံးနှင့်ရင်ဆိုင်ရခြင်းမှာ ပြည်သူလူထုအသံကို နားထောင်မှု မရှိခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ အဆိုပါဖြစ်ရပ်ကို သင်ခန်းစာယူကာ ယင်းကဲ့သို့ ထပ်မဖြစ်ရန်အတွက် ပြင်ဆင်သွားမည်ဟုလည်း ပါတီဒုဥက္ကဋ္ဌနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

NLD ပါတီအတွင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပြင်ဆင်လာမှုမှာ ကောင်းမွန်သည့် လုပ်ရပ်တခုဖြစ်ပြီး အစိုးရယန္တရားကို ထိန်းချုပ်ထားသည့် အနိုင်ရပါတီဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် ထည့်သွင်းစဉ်းစား လုပ်ကိုင်သင့်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ သီပေါကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက “အမှားသိတဲ့ အချိန်မှာ ပြင်တယ်ဆိုတာ နောက်ကျတယ် မရှိပါဘူး။ ပါတီရဲ့ ချို့ယွင်းချက်တခုထဲတော့ မဟုတ်ဘူး။ သူက အနိုင်ရပါတီဖြစ်တော့ အုပ်ချူပ်ရေး အစိုးရယန္တရားကိုလည်း စီမံခန့်ခွဲရတော့ အစိုးရအဖွဲ့ရဲ့ ချို့ယွင်း အားနည်းချက်တွေလည်း ပါမှာပေါ့လေ။ ဥပမာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က လွှတ်တော်ကို ဂရုမစိုက်တာ။ ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းနဲ့ မညီတာဟာမျိုးတွေပေါ့နော်။ အဲဒါတွေက ပါတီနဲ့ သိပ်မဆိုင်ဘူးပေါ့။ လွှတ်တော်တို့၊ အစိုးရတို့နဲ့ ဆိုင်တာပေါ့။ ပြင်စရာ ချို့ယွင်းချက်တွေ တော်တော်များများ ရှိတယ်” ဟု သုံးသပ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading