ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည် ပြန်လက်ခံရေး စင်ကာပူတွင် ဒေါ်အောင်ဆန်းစုကြည် တင်ပြဖွယ်ရှိ
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာခေါ် ဘင်္ဂလီဒုက္ခသည်များကို စတင် လက်ခံရန် မြန်မာအစိုးရက မည်ကဲ့သို့ စီစဉ်နေသည်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ထိ စင်ကာပူတွင် ကျင်းပနေသော အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကဲ့သို့ ဒေသတွင်း ခေါင်းဆောင်များအား ရှင်းလင်းတင်ပြဖွယ် ရှိသည်။
စင်ကာပူ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေသော အုပ်စုတွင်း ဝါရင့်ခေါင်းဆောင်ဖြစ်သော မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ရိုဟင်ဂျာ ပြဿနာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အယုံအကြည် မရှိတော့ကြောင်း သတိပေးထားသည်။
“ကျနော်တို့က သူ့ကို ထောက်ခံမှု မရှိတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ” ဟု မဟာသီယာက တူရကီ သတင်းဌာန TRT နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လွန်ခဲ့သော တလကျော်က ပြောကြားခဲ့သည်။
အာဆီယံ၏ မွတ်စလင်အများစု နေထိုင်သော နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်း တို့က ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်ပြီး တင်းမာသော သဘောထား ရှိကြပြီး ကမ္ဘောဒီယား၊ လာအိုနှင့် ဗီယက်နမ်တို့က မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး မဟာမိတ်များ ဖြစ်နေသည်။ မကြာသေးမီနှစ်များအတွင်း စစ်တပ် ထိန်းချုပ်သည့် နိုင်ငံဖြစ်သော ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံကို အကာအကွယ် ပေးလိုကြောင်း ပြခဲ့သည်။
“အုပ်စုတွင်း ဘာသာရေးကွာခြားမှုအရ အကွဲအပြဲဖြစ်မှာကို အာဆီယံ ခေါင်းဆောင်တွေက စိုးရိမ်နေကြတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ရစ်ချတ် ဟိုဆေးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
ရခိုင် အကျပ်အတည်းအတွက် တာဝန်ရှိသူများကို အရေးယူရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်တခုကို အပြည့်အ၀ တာဝန်ပေးရန် အာဆီယံက မြန်မာနိုင်ငံကို တိုက်တွန်းထားသည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်ကလည်း ယခုနှစ် အစောပိုင်းတွင် ပြောခဲ့သည်။
အာဆီယံသည် ယခင်က ထွက်ပြေးသူများကို ပြန်လည်လက်ခံရန်နှင့် အသိုင်းအဝိုင်းများ အကြား သင့်မြတ်ရေး လုပ်ဆောင်ရန်သာ ပြောခဲ့သောကြောင့် အထက်ပါကဲ့သို့ တင်းတင်းမာမာ ပြောဆိုလာခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရှောင်လွှဲမရသော အခြေအနေပင်။
သို့ရာတွင် အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်ဝန်ကြီးချုပ် လီ ခဲချာန်း၊ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ အပါအဝင် အာရှ-ပစိဖိတ်ဒေသ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံဆွေးနွေးမည့် ယင်း ထိပ်သီးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် တရားဝင် ဆွေးနွေးပြောကြားမည့် အကြောင်းအရာများမှာ ကုန်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး စသည်တို့သာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
တချိန်တည်းမှာပင် လွန်ခဲ့သောလက မူအရ သဘောတူခဲ့သော ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ကြာသပတေးနေ့တွင် စတင်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာအာဏာပိုင်များကို အကြောင်းကြားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယမန်နေ့ တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ တနေ့လျှင် လူ ၁၅၀ နှုန်းဖြင့် ကနဦးအသုတ် ၂၂၅၁ ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်လက်ခံမည်ဟု ဝန်ကြီးက ဆိုသည်။
၂၀၁၇ ခုနှစ် ဩဂုတ်လက အာဆာတိုက်ခိုက်မှုကို နှိမ်နင်းသော စစ်ဆင်ရေးအပြီးတွင် ရိုဟင်ဂျာများ အလုံးအရင်း ထွက်ပြေးကြသည်။ စစ်ဆင်ရေး၏အတိုင်းအတာ၊ ဖွဲ့စည်းမှုနှင့် ပြင်းထန်မှုကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက လူမျိုးစုသုတ်သင်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုဟု စွပ်စွဲသည်။ ထိုအချက်ကို မြန်မာအစိုးရက ပယ်ချသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်နှင့် လူ့အခွင့်အရေးများ ငြင်းဆန်ခံနေရသောကြောင့် ဒုက္ခသည်များ နေရပ်ပြန်ရန် မလုံခြုံသေးကြောင်း လူ့အခွင့်အရေးအကျိုးဆောင်များက ကန့်ကွက်နေကြသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးသူ ယန်ဟိလီက ဒုက္ခသည်များ နေရပ်ပြန်သောအခါ ထပ်မံနှိပ်စက်မခံရရန် အာမခံချက် မရှိခြင်းသည် စိုးရိမ်စရာဖြစ်သည်ဟုပြောပြီး အလျင်စလို ပြန်ပို့မည့် အစီအစဉ် ရပ်ထားရန် လွန်ခဲ့သောအပတ်ကပြောသည်။
တနင်္ဂနွေနေ့က ထုတ်ပြန်သည့် မြန်မာအစိုးရကြေညာချက်အရ ပြန်လာသူများသည် ပြန်လည်လက်ခံရေးစခန်းများတွင် ၂ ရက်နေရမည်ဖြစ်ပြီး ကြားစခန်းများသို့ မပို့မီ အစားအစာနှင့် အဝတ်အထည်များ ရရှိမည်ဟု သိရသည်။ ဒုက္ခသည်ပြန်လက်ခံရေး တရုတ်၊ အိန္ဒိယ နှင့် ဂျပန်တို့က လိုအပ်သောအကူအညီပေးကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
ပြန်ရောက်လာသော ဒုက္ခသည်များကို စစ်ဆေးပြီး National Verification Card နိုင်ငံသား လျှောက်ထားပိုင်ခွင့်ရ အဖြူရောင်ကတ်များ ထုတ်ပေးမည် ဖြစ်ပြီး ယင်းကတ်ကိုင်ဆောင်ထားသူများသည် မောင်တောခရိုင်အတွင်း လွတ်လပ်စွာ သွားလာခွင့် ရမည် ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံသားအဖြစ် ၁၉၈၂ နိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များအတိုင်း လျှောက်ထားရယူနိုင်ကြောင်း သိရသည်။