ဒုတိယကမ္ဘာစစ်အတွင်းနှင့် ယင်းနောက်ပိုင်းတွင် ကျဆုံးမြှုပ်နှံခဲ့သော မည်သူမည်ဝါ ခွဲခြားနိုင်ခြင်း မရှိသေးသည့် နိုင်ဂျီးရီးယားစစ်သား ၆၅၀ ထက်မနည်း မြန်မာ စစ်သင်္ချိုင်းများတွင် ရှိနေနိုင်ကြောင်း သိရသည်။
မှန်ကန်ကြောင်း အတည်ပြုနိုင်ပါက ထိုကိန်းဂဏန်းသည် မြန်မာနိုင်ငံတွင် ကျဆုံးမြှုပ်နှံခဲ့သည်ဟု နိုင်ဂျီးရီးယား အစိုးရက တရားဝင် မှတ်တမ်းတင်ထားသည့် ပမာဏထက် ဆယ်ဆ ပိုမိုများပြားနေသည်။
လွန်ခဲ့သော တပတ်အထိ နိုင်ဂျီးရီးယား အစိုးရသည် ကိုလိုနီခေတ် ဗြိတိသျှ တပ်မတော် အမှတ် ၈၂ အနောက်အာဖရိက တပ်မ အမှတ် ၁ အနောက်အာဖရိက တပ်မဟာတွင် ပါဝင်တိုက်ခိုက်သော နိုင်ဂျီးရီးယား တပ်ရင်းမှ ကျဆုံးသူ ၆၃ ဦးကိုသာ အတည်ပြုနိုင်သည်ဟု သတင်းများက ဆိုသည်။
သို့သော် လွန်ခဲ့သော တပတ်ကမူ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ နိုင်ဂျီးရီးယား သံအမတ်သစ် အာမက် ဘာမာလီသည် သူ၏ခန့်အပ်လွှာကို သမ္မတ ဦးဝင်းမြင့်ထံသို့ သွားရောက်ပေးအပ်ပြီး မြန်မာနိုင်ငံရှိ နိုင်ဂျီးရီးယား အသိုင်းအဝန်းနှင့် တွေ့ဆုံသောအခါတွင်မူ သူ့ကို ရန်ကုန် စစ်သင်္ချိုင်းသို့ လှည့်လည် ပြသခဲ့သည်။
ယင်းစစ်သင်္ချိုင်းသည် ဓနသဟာယ စစ်သင်္ချိုင်းဖြစ်ပြီး ဟံသာဝတီအဝိုင်းအနီး တည်ရှိသည်။
စစ်သင်္ချိုင်းမှ အရာရှိများက စစ်တွင် ပါဝင်တိုက်ခိုက်ပြီး ကျဆုံးကာ တခြားသော စစ်သင်္ချိုင်းတခုတွင် မြှုပ်နှံထားသော နိုင်ဂျီးရီးယား စစ်သား အနည်းဆုံး ၆၅၀ တို့၏ ဂူများ ရှိသည်ဟု သံအမတ်ကြီးအား ပြောကြားခဲ့ ကြောင်း နိုင်ဂျီးရီးယား သတင်းစာ Premium Times က ရေးသည်။
“ကျနော် ရန်ကုန်က စစ်သင်္ချိုင်းကို သွားခဲ့တယ်။ အဲဒီမှာ ဂူတွေ အတော်များများရှိတယ်။ ဒါပေမယ့် ဗြိတိန် အစိုးရ လက်အောက်ကနေ ဒီစစ်သင်္ချိုင်းကို ကြီးကြပ်တဲ့ သူတွေက နိုင်ဂျီးရီးယား စစ်သားတွေ အများအပြား မြှုပ်နှံထားတဲ့ နောက်ထပ် သင်္ချိုင်းတခုရှိသေးတယ်လို့ ကျနော့်ကို ပြောလိုက်တယ်” ဟု သံအမတ်ကြီး ဘာမာလီက ဖုန်းဖြင့်ပြောကြောင်း သတင်းစာက ရေးသည်။
“ကျနော်မြန်မာနိုင်ငံကို ပြန်သွားပြီး အဲဒီနေရာကိုရှာပြီး ကိန်းဂဏန်း အတိအကျ သိရအောင်လုပ်မယ်။ ဒီ အရေအတွက်ဟာ အတိအကျလို့တော့ ကျနော်မပြောချင်ဘူး။ ဒါပေမယ့် သေချာ သိရအောင် လုပ်ချင်တယ်။ သူတို့ကတော့ ၆၅၀ လို့ ပြောတယ်။ ကျနော်က အတိအကျ ပြောချင်တယ်။ ဒါကြောင့် ရန်ကုန်ကို ပြန်သွားမယ်။ နောက် တပတ်လောက် ဖြစ်နိုင်မယ် ထင်တယ်။ ဒါမှ တိတိကျကျသိရမှာ” ဟုလည်း သူက ဆက်ပြောသည်။
“ရန်ကုန်မှာ ကျနော်တို့တွေ့ခဲ့တဲ့ နိုင်ဂျီးရီးယား စစ်သားတွေရဲ့ ဂူက ၂၅ ခုပဲ ရှိတယ်။ ဒါပေမယ့် ရန်ကုန်ကနေ တနာရီလောက်ပဲ ဝေးတဲ့ ဒေသတခုမှာ ပိုမိုကြီးမားတဲ့ နောက်ထပ် စစ်သင်္ချိုင်းကြီး တခုရှိပြီး အဲဒီမှာ နိုင်ဂျီးရီးယား စစ်သားတွေရဲ့ ဂူတွေ အများအပြား ရှိတယ်လို့ ပြောတယ်။ ကျနော် မြန်မာနိုင်ငံကို ပြန်သွားတဲ့ အခါ အချက်အလက် အတိအကျ ရပြီး အစိုးရကို ပြန်ပြောပြနိုင်မယ်” ဟုလည်း သူက ပြောသည်။
ယင်းသည် ထောက်ကြန့်စစ်သင်္ချိုင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှ အဓိက စုဆောင်းခဲ့သော ထိုစစ်သားများသည် ဂါနာမြောက်ပိုင်းမှ လူ အများစု ပါဝင်သော တခြား အာဖရိက တပ်ရင်းများနှင့်အတူ မြန်မာနိုင်ငံကို ဂျပန် ဘုရင့်တပ်မတော်က သိမ်းပိုက် ထားသည့် ၁၉၄၂ မှ ၁၉၄၅ အတွင်း ဂျပန်တို့ကို မောင်းထုတ်ရန် တိုက်ခိုက်ခဲ့ကြသည်။
ထိုတပ်မှ တချို့သော စစ်သားများမှာ စစ်သား စုဆောင်းချိန်တွင် အသက် ၁၆ နှစ်ခန့်သာ ရှိသေးသည်။ ထိုတပ်မသည် သွေးထွက်သံယို အများဆုံး စစ်ပွဲကို တိုက်ခိုက်ခဲ့သော်လည်း ထိုက်ထိုက်တန်တန် အသိအမှတ် ပြုခြင်း မခံရသောကြောင့် အမေ့ခံ တပ်ဟု လူသိများသည်။
ထိုတပ်မမှ အာဖရိက စစ်သားများတွင် စက်ပြင်ဆရာများ၊ ယာဉ်မောင်းများ၊ အမြောက်တပ်သားများ၊ ဆေး ဝန်ထမ်းများ စာရေးများ ပါဝင်သကဲ့သို့ ခြေလျင်စစ်သားနှင့် သယ်ယူပို့ဆောင်ရေး သမားများလည်း ပါဝင်သည်။