ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ် ပန်ပီ့ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်မှုတွင် လူသေဆုံး မှုနှင့် ဒဏ်ရာရရှိမှု များနှင့် ပတ်သက်၍ တိုင်ကြားလာမှု မရှိခြင်း၊ ကော်မတီအတွင်း အစည်းအဝေး မခေါ်နိုင်ခြင်းများကြောင့် ကြားဝင် ဖြေရှင်း နိုင်မှု မရှိသေးကြောင်း ရှမ်းပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ရက်နေ့ညပိုင်းက ပန်ပီ့ကျေးရွာရှိ ဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး၊ ကျောင်း အတွင်း ရှိ ကိုရင်လေးအပါး ၃၀ ကျော်အနက် ၂ ပါး ပျံလွန်၍ ၂ ပါး ဒဏ်ရာရရှိ ခဲ့ ကြရာ ဒေသခံများမှ ရှမ်းပြည် ပြန်လည် ထူထောင် ရေးကောင်စီ (RCSS/SSA) က လုပ်ဆောင်ခြင်း ဟု စွပ်စွဲလျက်ရှိသည်။
JMC-S မှ အတွင်းရေးမှူး-၁ ခွန်ထွန်းတင်က “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာတော့ တိုင်စာ ရောက်လာတာ မရှိ သေးဘူး၊ ဒီမီးလောင်မှု မတိုင်ခင်မှာ အဲဒီဒေသတွေက သူတို့ စားဝတ်နေရေး ကျပ် တည်းတယ်ဆိုပြီးတော့ ကျနော်တို့ JMC ကို လှမ်းအကြောင်းကြားတာ ရှိတယ်၊ ဘုန်းကြီး ကျောင်းက မီးလောင်မှု ဖြစ်သွားတယ်။ အခုထိတော့ တိုင်ကြားစာတော့ မရောက်လာသေးဘူး၊ အကယ်၍ တိုင်ကြားစာ ရောက်မယ်ဆိုရင်တော့ ကျနော်တို့ ဆောင်ရွက်ရမှာပေါ့” ဟု ပြောသည်။
ပန်ပီ့ကျေးရွာ ဒေသခံတဦးကမူ JMC-S ထံ တိုင်ကြားစာ ပို့ရန် စီစဉ်နေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် လုံခြုံရေး အာမခံချက် မရှိခြင်းကြောင်း မပို့နိုင်သေးခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
JMC-S တွင် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ထိုးထားသည့် RCSS နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNL) တို့မှ ကိုယ်စားလှယ် ၃ ဦးစီ၊ အစိုးရ ကိုယ်စားလှယ် ၃ ဦးနှင့် အရပ်သား ကိုယ်စားလှယ် ၂ ဦး ပါဝင်မှ အရေးပေါ်အစည်းအဝေး ခေါ်ယူ ခွင့်ရှိသည်ဟု အစည်းအဝေး ထမြောက်ကြောင်းလုပ်ငန်းလမ်းညွှန် (TOR) တွင် ပြဋ္ဌာန်းထားသည်။
“ကျနော်တို့ အလုပ်က စောင့်ကြည့်မယ်၊ စိစစ်မယ်၊ ဖြေရှင်းမယ်။ JMC-S အဆင့်က အဲဒီလိုပဲ လုပ်ခွင့် ရှိတာပေါ့။ အခု ကတော့ တိုင်ကြားစာ မရောက်သေးဘူး။ ဒါပေမယ့် ဟိုမှာတော့ ပြဿနာဖြစ်နေပြီး အမှန်ဆိုရင် အရေးပေါ် အစည်း အဝေးခေါ်ရမှာပေါ့။ ဒါပေမယ့် လုပ်ငန်းလမ်းညွန်အရ အစည်းအဝေး က အစုအဖွဲ့ တဖက်ဆီမှာလူ ၃ ယောက် ပြည့်မှ အစည်းအဝေး အထမြောက်တယ်ဆိုတော့ ကျနော် တို့က အခက်အခဲကြုံနေတယ်”ဟု JMC-S အတွင်းရေးမှူး-၁ ခွန်ထွန်းတင်က ပြောသည်။
မီးလောင်မှုနှင့် ပတ်သက်၍ RCSS ဘက်ကမူ ငြင်းဆိုထားပြီး ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦး က “ပြည်သူလူထုကို ထိခိုက်တာ၊ ဘုန်းကြီးကျောင်းတွေကို လုပ်ခွင့်လည်းမရှိဘူး။ ကိုယ်တိုင်လုပ်ဖို့ စိတ်ရင်းစိတ်ထားလည်း မရှိဘူး။ ဒီလိုမျိုး မပြောနဲ့ ဘယ်ရွာဖြစ်ဖြစ်၊ ရှမ်းရွာ၊ ပအို့ဝ်ရွာ ဖြစ်စေ၊ ဘုန်းကြီးကျောင်းအသစ်ဆောက်ရင် တတ်နိုင်သလောက် ကူညီပါ တယ်။ ကျနော်တို့အဖွဲ့ကို စွပ်စွဲတာ ပြဿနာတွေကို ပိုကြီးအောင်ဆွပေးသလိုပါပဲ” ဟု နိုဝင်ဘာ ၉ ရက် က ဧရာဝတီကို ပြောဆိုထား သည်။
ထို့ပြင် RCSS အနေဖြင့် JMC အဆင့်ဆင့် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းထား မည်ဖြစ်ကာ ဆက်လက် တက်သင့်၊ မသင့်ကို အဖွဲ့အတွင်း အစည်းအဝေးထိုင် ဆုံးဖြတ်ပြီးမှသာ ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာလ ပထမပတ် အတွင်းက ထုတ်ပြန်ထားသည့်အတွက် JMC-S အစည်းအဝေးများ မကျင်းပနိုင်ခြင်းလည်း ဖြစ်သည်။
JMC အဆင့်ဆင့် အစည်းအဝေးများ မတက်ရောက်ခြင်းမှာ တရားမျှတမှု မရှိခြင်း၊ ပူးတွဲကော်မတီ ဖြစ်သော်လည်း အပေါ် စီးမှ မည်သို့လုပ်ပါဟူ၍ ညွှန်ကြားမှုများ ရှိခြင်း၊ ပြဿနာများအား မဖြေရှင်း နိုင်ဘဲ အစပျိုးသည့် နေရာကဲ့သို့ ဖြစ်နေသည့် အတွက်ဟု RCSS ဘက်က ထုတ်ဖော်ပြောဆိုထား သည်။
JMC-S မှ အမည်မဖော်လိုသူကိုယ်စားလှယ် တဦးက “အခု JMC ကတော့ ဘာမှ မလုပ်သေးဘူး။ အစည်းအဝေးလည်း မလုပ်နိုင်သေးတာ ၂ လလောက်ရှိသွားပြီ။ ပန်ပီ့ရွာက ဘုန်းကြီးကျောင်း မီးလောင်မှုကိစ္စ တိုင်စာက ခိုလမ်ရုံးကို ရောက်ပြီလား၊ မရောက်သေးဘူးလား မသိရဘူး။ ပြီးခဲ့တဲ့လမှာ EAO (လက်နက်ကိုင်အဖွဲ့အစည်း) ဘက်က လူမစုံလို့ အစည်းအဝေး မဖြစ်လိုက်ဘူး။ ဒီလမှာကတော့လည်း RCSS ဘက်က သူတို့က JMC အဆင့်ဆင့်မှာ အစည်းအဝေးတက်ဖို့ ယာယီရပ်ဆိုင်းထားတယ်ဆိုတော့ အစည်းအဝေး ခေါ်မယ်ဆိုရင်လည်း ToR အရ အထမမြောက်ဘူး” ဟု ဆိုသည်။
အစည်းအဝေး မခေါ်နိုင်ခြင်းအား ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည်ရေး ကော်မတီ (JMC-U) သို့ တင်ပြကာ လုပ်ဆောင်နိုင်သော်လည်း တိုင်စာ မရောက်ရှိ သည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဖြစ်နေသည်ဟု သိရသည်။
JMC – U အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က “တကယ်လို့ တိုင်စာဝင်လာရင်တော့ ကျနော်တို့ စိစစ်မှုတွေ တခုခု လုပ်ရမှာပေါ့နော်။ အခုက ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာ မသိတော့။ ဖြစ်သင့် တာက ရဲက ပိုပြီးလိုက်တာ ဖြစ်သင့်တယ်” ဟု ပြောသည်။
လက်ရှိတွင် မီးလောင်သွားသည့် ဘုန်းတော်ကြီးကျောင်း ပြန်လည် ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာထံမှ အကူအညီ အထောက်အပံ့ မရရှိသေးပေ။
ပန်ပီ့ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ ကျော်ရှိကာ လုံခြုံရေးအာမခံချက် မရှိခြင်း၊ စားဝတ်နေရေး ခက်ခဲခြင်း၊ လက်နက်ကိုင်အဖွဲ့အချို့၏ အဓမ္မ တပ်သားသစ် စုဆောင်းခံရခြင်း၊ အခွန် (ဆက်ကြေး) ပေးရခြင်းတို့ကြောင့် ထိုင်းနိုင်ငံနှင့် အနီးရှိ နောင်ချိုရွာဘက်သို့ ပြောင်းရွှေ့နေထိုင်သူ ၇၀၀ ကျော်ရှိသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပန်ပီ့ကျေးရွာအနီးတွင် NCA ထိုးထားသည့် PNLO နှင့် RCSS အပါအဝင် တပ်မတော် တပ်ရင်းများ အခြေစိုက် လှုပ်ရှားလျက် ရှိပြီး ၂၀၁၈ ခုနှစ်၊အောက်တိုဘာ ၁၆ ရက်က PNLO နှင့် RCSS နယ်မြေအငြင်းပွား၍ တိုက်ပွဲ ဖြစ်ခဲ့ကြသေးသည်။
ဆက်စပ်သတင်း
ပန်ပီ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ကိုရင် ၂ ပါး ပျံလွန်