ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးများတွင် ဘင်္ဂါလီများအပေါ် စစ်တပ်၏ ကျူးလွန်မှုများနှင့် ပတ်သက်၍ လျစ်လျူရှု့ နေသည်ဟု စွဲချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဆုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့(AI) က ပြန်လည် ရုတ်သိမ်းကြောင်း တနင်္လာနေ့က ကြေညာသည်။
AIက ယင်းဆုကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေစဉ်အတွင်း ၂၀၀၉ ခုနှစ်က ယုံကြည်ချက် ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆု (Ambassador of Conscience)ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ ပြန်လည်ရုတ်သိမ်းလိုက် ကြောင်း လန်ဒန်အခြေစိုက် AI အဖွဲ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ထံ AI အဖွဲ့က ပေးပို့သည့်စာတွင် မျော်လင့်ချက် သင်္ကေတ၊ ရဲစွမ်းသတ္တိကို ကိုယ်စားမပြုသည့် အတွက် အလွန်အမင်း စိတ်ပျက်ကြောင်း အဖွဲ့ အကြီးအကဲ ကူမီနိုဒူးက ရေးသားထားသည်။
“ယုံကြည်ချက် သံတမန်ဆု လက်ခံထားသူအဖြစ် သင့်ရဲ့ရပ်တည်ချက်အပေါ် ဆက်လက်ထားရှိတာကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ တရားမျှတတယ်လို့ မယူဆတော့ပါဘူး။ အဲဒါမို့ ဝမ်းနည်းမှုများစွာနဲ့ပဲ သင့်ထံကနေ ဒီဆုကို ပြန်ရုတ်သိမ်းလိုက်ပါတယ်”ဟု ပါရှိသည်။
အဆိုပါအဖွဲ့က ၎င်းတို့ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ တနင်္ဂနွေနေ့က အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ လူသိရှင်ကြား ထုတ်ပြန်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိပေ။