ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများတွင် ပါဝင်နေမှုများအား ကရင်အမျိုးသား အစည်းအရုံး (KNU) က ယာယီ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် ရိုက်ခတ်မှုများ ရှိနေသည်ဟု တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် အဖွဲ့များက ပြောဆိုသည်။
KNU က ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်မှု ဖြစ်ရေးနှင့် အဖွဲ့အစည်းတခုလုံး တညီတညွတ် တည်း ပါဝင်ရေး အချိန်ရယူရန် လိုအပ်သည့်အတွက် ယာယီရပ်ဆိုင်းကြောင်း နိုဝင်ဘာလ ၁၀ ရက်က ထုတ်ပြန်ထား သည်။
ထို့ကြောင့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များကြား ပူးပေါင်း ဆောင်ရွက် သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော် မတီ (UPDJC) အစည်းအဝေး ကျင်းပရေး၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့် အစည်းအဝေး ကျင်းပရေး၊ အစိုးရ၊ တပ်မတော် နှင့် တွေ့ဆုံဆွေးနွေးမှုများ စသည့် ငြိမ်းချမ်းလုပ်ငန်းစဉ်များအပေါ် သက်ရောက်မှု ရှိ သည်ဟု ဆိုသည်။
ချင်းအမျိုးသား တပ်ဦး (CNF) ဒု ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “KNU ဥက္ကဌ ကလည်း ကျနော်တို့ PPST အဖွဲ့ခေါင်းဆောင် ဖြစ်နေတယ်လေ။ ဆိုတော့ အခုလတ်တလော ရိုက်ခတ်မှုကတော့ ကျနော်တို့ နိုဝင်ဘာလ စကတည်းက စပြီးတော့ ရပ်ထားတာ။ အဲဒီကတည်းက ၄-၅-၆ မှာခေါ်မယ့် PPST အစည်းအဝေး ခေါ်လို့မရဘူး။ PPST အစည်းအဝေး ခေါ်လို့မရတဲ့ အတွက် နိုဝင်ဘာ ၁၁ က နေ ၁၇ ရက်ထိက လက်မှတ် ထိုးထားတဲ့ အဖွဲ့နဲ့ မထိုးထားတဲ့ အဖွဲ့ ပေါင်းပြီးတော့ ကျင်းပဖို့ ရည်ရွယ်တဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေး ကျင်းပလို့ မရဘူး။ ပြီးတော့ အောက်တို ဘာ ၁၅-၁၆ ထိပ်သီး အစည်းအဝေးမှာ သဘောတူထားတဲ့ နိုဝင်ဘာလမကုန်ခင်မှာ ပြန်တွေ့ပြီးတော့ ပင်လုံညီလာခံ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဟာလည်း အခုထိ လုပ်လို့မရတော့ဘူး။ ဆိုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်များကတော့ တော်တော် လေး ကမောက်ကမတော့ ဖြစ်နေပါတယ်”ဟု ပြောသည်။
KNU သည် NCA ထိုးထားသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) တွင် အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး အစိုးရ၊ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးပွဲများတွင်လည်း ဦးဆောင် တက်ရောက် ဆွေးနွေးနေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
၎င်းအနေဖြင့် တရားဝင် အစည်းအဝေးများ တက်ရောက်မှုကို ယာယီ ရပ်ဆိုင်းထားသော်လည်း အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းမှတဆင့် ဆွေးနွေးအဖြေရှာသွားမည် ဟုလည်း ကြေညာထားသည်။
NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များကြား ဖွဲ့စည်းထားသည့် PPST အစည်းဝေးကို ခေါ်ယူကာ ယင်းကိစ္စကို ဆွေးနွေးရန် လိုအပ်သည့်အပြင် တဖွဲ့ချင်းအနေဖြင့်လည်း အဖြေရှာထားရန် လိုအပ်နေပြီဟု သုံးသပ်မှုများလည်း ရှိ သည်။
“ကျနေ်ာတို့ အချင်းချင်းကြားမှာလည်း ပြန်ပြီးတော့ ဆွေးနွေးဖို့လည်း လိုပါတယ်။ အဲဒီအခါကျမှ ကျနော်တို့ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ရပ်တန့် မနေအောင် ဘယ်လိုလုပ်မလဲ ပြောနိုင်မှာပါ။ အခု ကျနော်တို့ သက်ဆိုင်ရာ PPST ခေါင်း ဆောင် တွေ ဆုံးဖြတ်ကြရမှာပေါ့လေ။ PPST အစည်းအဝေး ဖြစ်နိုင်ဖို့ကို ကျနော်တို့ ညှိနှိုင်းနေပါတယ်”ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒု ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုခေါင်းဆောင် ဒေါ်စောမြရာဇာလင်း က လည်း “လက်ရှိ ငြိမ်းချမ်းရေးအပေါ် နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ ရိုက်ခတ်မှုတော့ ရှိနိုင်တယ်လို့ သုံးသပ်ပါ တယ်။ ဒါပေမယ့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အကောင်းဆုံးသော ဖြစ်စဉ်တခုလို့ အားလုံး သုံး သပ် ထားကြပါ တယ်။ လိုတာရှိမယ်၊ မပြည့်စုံတာတော့ ရှိမှာပေါ့။ ဒီမပြည့်စုံတာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ပြည့်စုံ အောင် ဘယ်လိုလုပ်ရ မလဲ ဆိုတဲ့ အနေအထားမျိုးကိုတော့ အားလုံးကဝိုင်းဝန်းကြိုးပမ်းဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းက သွေဖယ် သွားလောက်တဲ့ အနေအထားကို မရောက်ဖို့ ထိန်းထိန်းသိမ်းသိမ်း သွားရမယ်လို့ ထင်ပါ တယ်”ဟု ပြောသည်။
KNU က ငြိမ်းချမ်းရေး အစည်းအဝေး များတွင် ပါဝင်မှုအား ယာယီရပ်ဆိုင်းခြင်းမှာ အောက်တိုဘာလ ၁၅၊ ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်မှ ထိပ်သီး ၁၀ ဦးနှင့် NCA ထိုး လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီး ၁၀ ဦးတို့ အစည်းအဝေးပြီးနောက် အဖွဲ့အတွင်း မကျေလည်မှုများ ဖြစ်ပွားရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
ယင်း အလွတ်သဘော ထိပ်သီးအစည်းအဝေးတွင် ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် လက်ခံရေးကိစ္စများ ဆွေးနွေးကြရာတွင် အဆင်မပြေဖြစ်ခဲ့ပြီးနောက် အဖွဲ့အတွင်း ဖြေရှင်းစရာများ ရှိသည်ဟုဆိုကာ KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်မှုအား ယာယီ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် KNU သည် နိုင်ငံရေးပြဿနာများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ်တစိုက် တောင်းဆိုခဲ့ပြီး ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာလ ၁၀ ရက် ထုတ် ပြန် ချက်တွင် ဖော်ပြပါရှိသည်။
UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက“အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ ဆက် လျှောက်လာနိုင်ဖို့ အချိန်တခု လိုတယ်။ ဒါတွေအောင်မြင်ဖို့ တရားဝင်ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ယာယီ ရပ်ဆိုင်း ထားမယ်။ အလွတ် သဘောဆွေးနွေးပွဲတွေကနေ အဖြေရှာပြီးသွားမယ်ပေါ့။ UPDJC ကလည်း အစိုးရကို အလွတ် သဘော ဆွေးနွေးမှု တွေကနေ တရားဝင်ဆွေးနွေးမှုထဲကို ပြန်ပါလာအောင်လုပ်ဖို့ အဆိုပြုသွားဖို့ ရှိပါတယ်” ဟု ဧရာဝတီကို ပြောဆိုထားသည်။
လက်ရှိတွင် NCA ကို KNU၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင် ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ လက်မှတ်ထိုးထားသည်။
ဆက်စပ် ဖတ်ရှုရန် –
ငြိမ်းချမ်းရေး တရားဝင်ဆွေးနွေးပွဲများ ပါဝင်မှု KNU ယာယီ ရပ်ဆိုင်း
ငြိမ်းချမ်းရေးသဘောထား အတည်ပြုနိုင်ရန် KNU ခေါင်းဆောင်ပိုင်းတွေ့ဆုံ
ဘာ့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက KNU ထွက်ရသလဲ