ရန်ကုန်တိုင်း အတွင်း Alliance Star ကုမ္ပဏီက အကောင်အထည်ဖော်မည့် Eco-Green City စီမံကိန်းသည် အစိုးရ နှင့် စာချုပ် ချုပ်ဆိုပြီး ၆ လအတွင်း စီမံကိန်း စတင်ရမည် ဖြစ်သော်လည်း ယနေ့ အချိန်အထိ မဆောင်ရွက်မှု အပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်နေကြသည်။
အဆိုပါစီမံကိန်းသည် လှည်းကူးမြို့နယ် မြေဧက ၁၄၅၃ ဧက ပေါ်တည်ဆောက်မည် ဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် (၃/ဝ)မှ(၅/၄) ဘေးဝဲယာတွင် တည်ရှိသည့် ယင်းစီမံကိန်းအား ပွင့်လင်းမြင်သာစွာ ချပြန်ရန်နှင့် နိုင်ငံ တော်က ရသင့်ရထိုက်သော အကျိုးအမြတ်များ ရရှိရေး အတွက် ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်း အဝေး တွင် ပုလဲ မဲဆန္ဒနယ် အမတ် ဒေါ်ခင်စန်းလှိုင်က မေးခွန်းမေးမြန်းခြင်းဖြစ်သည် ။
ဒေါ်ခင်စန်းလှိုင်က“စာချုပ်ချုပ်မယ်ဆိုတာ အကြမ်းသဘောပဲ ရှိသေးတယ်။ နိုင်ငံတော်ဘက်က ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ကို ဘယ်လိုခွဲဝေထားသလဲဆိုတာ အခုချိန်အထိ ဘာမှလည်း မပါသေးဘူး။ စာချုပ်လည်း ပီပီပြင်ပြင် လည်း မချုပ်ဆိုနိုင်ဘူး။ နောက်တခုက ကက်ဘိနက် (အစိုးရအဖွဲ့) ကိုလည်း မဖြတ်ရသေးဘူး။ MIC ရဲ့ ခွင့်ပြုချက် လည်း မရသေးဘူး”ဟု သတင်းထောက်များအား ပြောသည်။
ယင်းစီမံကိန်းကို ဦးသိန်းစိန် အစိုးရ အာဏာမလွှဲခင် ၂၀၁၆ ခုနှစ် မတ်လအတွင်းက Alliance Star ကုမ္ပဏီကို လုပ်ပိုင် ခွင့် ချပေးခဲ့ခြင်းဖြစ်ကာ တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ၊ အိမ်ရာစီမံကိန်းများ၊ နိုင်ငံတကာ အဆင့်မီ Resort (အပန်းဖြေစခန်း)၊ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်၊ ကျောင်း၊ ဆေးရုံ၊ ဂေါက်ကွင်း၊ အားကစားရုံ၊ ပန်းဥယျာဉ်များ ပါဝင် သည့် မြို့ပြအိမ်ရာနှင့် ဥယျာဉ်စီမံကိန်း လုပ်ပိုင်ခွင့်များ ပါဝင်ကြောင်း သိရသည်။
မင်္ဂလာဒုံ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက“ခြံစည်းရိုး ကာထားတာ တခုပဲ ရှိတယ်။ အဲဒါတောင် အကုန် ကာတာ မဟုတ်ဘူး။ စီမံကိန်းကလည်း အရင် အစိုးရ မဆင်းခင်လေး ကပ်လုပ်သွားတာ ဆိုတော့ မြေဦးထားသလို ဖြစ် နေတာပေါ့။ အခု ၃ နှစ်ကြာပြီ၊ စာချုပ်တောင် မချုပ်ရသေးဘူး”ဟု ဧရာဝတီကို ပြောသည်။
ဒေါ်ခင်စန်းလှိုင်၏ မေးမြန်းမှုနှင့် ပတ်သက်၍ စီမံကိန်းဧရိယာ တခုလုံးအား ခြံစည်းရိုးခတ်ထားကာ Master Plan ညှိနှိုင်းရေးဆွဲရာတွင် နိုင်ငံတော်မှ ရရှိမည့် အိမ်ရာများ၏ အသေးစိတ်ပုံစံများအား ပြန်လည်ညှိနှိုင်းခြင်း၊ စီမံကိန်း လမ်းကြောင်းများ ပြန်လည်သတ်မှတ်ခြင်း၊ နိုင်ငံတော်က ရသင့်ရထိုက်သော အကျိုးအမြတ် ခွဲဝေမှုအတွက် အသေး စိတ် တွက်ချက်ခြင်းများ ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက လွှတ်တော်၌ လာရောက် ဖြေရှင်း ထားသည်။
ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်းက“စီမံကိန်းမြေ ဧရိယာ ၁၄၅၃ ဧကအနက် လမ်း၊ ရေမြောင်း၊ လျှပ်စစ်၊ ကျောင်းတို့ အတွက် မြေဧရိယာ ၄၄၇ ဧက အသုံးပြုမှာ ဖြစ်ပြီး ကျန်ဧရိယာ ၁၀၀၆ ဧကကို ဆောက်လုပ်ရေး ဝန်ကြီး ဌာနနဲ့ ကုမ္ပဏီတို့ကြား၂၀ : ၈၀ အချိုးနဲ့ ခွဲဝေရယူမှာ ဖြစ်ပါတယ်”ဟု ဖြေကြားသည်။
ယင်း စီမံကိန်းမှ နိုင်ငံတော် အနေဖြင့် ကျပ်ဘီလီယံချီ၍ အကျိုးအမြတ် ရရှိမည်ဟုလည်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန ဘက်က ရှင်းထားသည်။
Eco-Green City စီမံကိန်းကို လုပ်ပိုင်ခွင့်ရရှိပြီး ၆ လအတွင်း အကောင်အထည် မဖော်နိုင်သည့်အတွက် လုပ်ငန်း ပျက်ပြယ်သည့် အခြေအနေ ရှိသော်လည်း ဝန်ကြီးဌာနဘက်မှ ဆက်လက် ဆောင်ရွက်နေပြီး ပြည်လူထု ရှင်းလင်းစွာ သိစေရန် လွှတ်တော်တွင်း မေးမြန်းရခြင်း ဖြစ်သည်ဟုလည်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။
ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သူ ၎င်းက“နဂိုမူလတုန်းက Alliance Star ကုမ္ပဏီနဲ့ စာချုပ်ထားတယ်လို့ ပြောတယ်။ ဟိုတနေ့က ကျမတို့ သွားတွေ့တော့ Alliance Star နဲ့ မဟုတ်တော့ ဘူး။ ရွှေသံလွင်နဲ့ ဖြစ်သွားပြီလို့ ပြောပြန်တယ်။ အခုလွှတ်တော် လာဖြေတော့လည်း Alliance Star နဲ့ ဆက်ပြီး ဆောင်ရွက်မယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။
စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ယာယီ အလုပ်အကိုင်အခွင့်အလမ်း ၅ သောင်းခန့်နှင့် စီမံကိန်း ပြီးစီးပါက အမြဲတမ်း အလုပ်အကိုင်နေရာ ၁၅၀၀၀ ခန့် ဖန်တီးပေါ်ပေါက်နိုင်မည် ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ကလည်း စီမံကိန်း ရှင်းလင်းဆောင်တွင် မီဒီယာ ၁၀ ခုအား ဖိတ်ခေါ်ကာ ရှင်းလင်းမှုများ လုပ်ထားပြီး ဖြစ်ကြောင်း ဝန်ကြီး ဌာန ဘက်က တုံ့ပြန်ထားသည်။
ဝေဖန်မှုများ ရှိနေမှုနှင့် ပတ်သက်၍ Alliance Star ကုမ္ပဏီရုံးချုပ်သို့ ဆက်သွယ် မေးမြန်းရာတွင် ကုမ္ပဏီ တာဝန်ရှိသူ များ နေပြည်တော် သွားနေပါသဖြင့် ပြန်လည် ဆက်သွယ်ပေးမည်ဟုသာ ဖုန်းကိုင်ဖြေဆိုသူက ပြောသည်။
မြေရာဇဝင် မှတ်တမ်းအရ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနပိုင် စပါးလင်ဆီ စိုက်ခင်း မြေနေရာ ၁၄၅၃ ဒသမ ၇၂ ဧကအား စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ခွင့်ကို Alliance Star ကုမ္ပဏီက နှစ်ရှည် ငှားရမ်းခွင့် ရရှိခဲ့ပြီးနောက် ရေဝပ်မြေ ဖြစ်သဖြင့် ပြန်လည် အပ်နှံရာတွင် ကုမ္ပဏီဘက်မှ အဆိုပြုချက်အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတရုံးက ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့ကို ပူးပေါင်း၍ စီမံကိန်း လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။