ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေ တဦးဖြစ်သည့် ကိုရဲမင်းအောင် က အမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်မြင်တွေ့ ကြားသိခြင်း မရှိကြောင်း ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။
နိုဝင်ဘာ ၁၃ ရက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး ရုံးချိန်းတွင် တရားလိုပြ သက်သေများဖြစ်သော အခင်းဖြစ်ပွားခဲ့ သည့် The One Entertainment Park မှ လုံခြုံရေးမန်နေဂျာ ဦးကျော်သူ၊ လုံခြုံရေးဝန်ထမ်း ဦးသန့်ဇင်နှင့် ကိုရဲမင်း အောင် တို့ ၃ ဦးကို စစ်ဆေးရာ စွပ်စွဲခံရသူရှေ့နေ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
စွပ်စွဲခံရသူ အမှတ်(၃) တရားခံ ကျော်ဇောဟန်(ခ)ကျော်ဇော၏ အကျိုးဆောင်ရှေ့နေ ဦးချစ်ကိုကိုက“အချင်းဖြစ် နေရာ တွင် ကျနော် ရောက်ရှိနေသော်လည်း VVIP စင်ပေါ်သို့ ကျနော် ဝယ်ထားသည့် လက်မှတ်အရ တက်ရောက်ခွင့် မရှိ၍ အောင်ရဲထွေးနှင့် မည်သူတို့ အချင်းများသည်ကို ကျနော် ကိုယ်တိုင် မြင်တွေ့ သိရှိခဲ့ခြင်း မရှိဟု ဆိုလျှင်”ဟု မေးမြန်းရာ “မှန်ပါသည်” ၊ “ကျနော်သည် မျက်မြင်သက်သေ တဦး မဟုတ်”ဟု ကိုရဲမင်းအောင်က ပြောဆိုသည်။
ထိုနည်းတူ စွပ်စွဲခံရသူ အမှတ်(၁)(၂) တရားခံ သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ)အောင်လေး တို့၏ အကျိုးဆောင် ရှေ့နေကလည်း မေးမြန်းရာ အထက်ပါအတိုင်းပင် ထွက်ဆိုသည်ကို တွေ့ရသည်။
အသက် ၂၇ နှစ်အရွယ် ကိုရဲမင်းအောင် (ကျောင်းသား) (ခ) ရဲမင်းသည် အောင်လေးနှင့် တရပ်ကွက်တည်း နေထိုင် သည့် သူငယ်ချင်းများဖြစ်ပြီး အောင်လေး မိတ်ဆက်ပေးသဖြင့် စွပ်စွဲခံရသူ သန်းထွဋ်အောင်၊ ကျော်ဇောဟန်တို့နှင့် လွန်ခဲ့သော ၁ နှစ်ခန့်မှစ၍ ခင်မင်ရင်းနှီးခဲ့ကြောင်း၊ တခါတရံ အတူ Bar သွားလေ့ရှိကြောင်း ကိုရဲ
မင်းအောင် ၏ ထွက်ဆိုချက် အရ သိရသည်။
ဥပဒေ အရာရှိ၏ အဓိက စစ်ဆေးချက်တွင် ကိုရဲမင်းအောင်က“လက်မှတ်စစ်သည့် လုံခြုံရေးမှ ကျနော်နှင့် ကိုလတ် (စွပ်စွဲ ခံရသူတို့၏ သူငယ်ချင်း) ဝယ်ယူထားသော လက်မှတ်မှာ VVIP စင်ပေါ်သို့ တက်၍မရကြောင်း ပြောသဖြင့် လုံခြုံရေးနှင့် စကားပြောနေစဉ် VVIP စင်ပေါ်မှ အောင်လေးနှင့် သန်းထွဋ်အောင်တို့ ၂ ဦး ဆင်းလာသည်ကို တွေ့ရပါ သည်။ အောင်လေး က ကျနော့်အား ပြဿနာဖြစ်လာတယ် ဟု ပြောပါတယ်”ဟု ထွက်ဆိုခဲ့သည်။
ယင်းထွက်ဆိုချက်အပေါ် စွပ်စွဲခံရသူများ၏ အကျိုးဆောင်ရှေ့နေများက ပြန်လှန်စစ်မေးခဲ့ခြင်းလည်း ဖြစ်သည်။
ကိုရဲမင်းအောင်၏ ထွက်ဆိုချက်များအရ အခင်းဖြစ်နေ့ညက အောင်လေးတို့နှင့် အတူရှိနေသော်လည်း အချင်းဖြစ်ပွား ချိန်၌ ၎င်းအနေဖြင့် မိတ်ဆွေတဦးနှင့် သွားရောက်စကားပြောနေ၍ အောင်လေး၏ ပြောပြချက်အရသာ ပြဿနာဖြစ် လာ သည်ဟု သိရှိခဲ့ကြောင်း၊ ၎င်းတို့ ဂိတ်ပေါက်ဝ အထွက်တွင် အမျိုးသားတဦးအား လုံခြုံရေး ဝန်ထမ်းများက ပွေ့ချီ၍ ခေါ်သွားသည်ကို တွေ့ရကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။
ဆက်လက်၍ ၎င်းက ဇန်နဝါရီ ၂ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာပေါ်မှ သတင်းများအရ The One Entertainment Park တွင် လုံခြုံရေးဝန်ထမ်းများ ပွေ့ချီသွားသူမှာ အောင်ရဲထွေးဖြစ်ကြောင်း၊ အောင်ရဲထွေးမှာ သေဆုံး သွားကြောင်း၊ သန်းထွဋ်အောင်၊ အောင်လေးတို့နှင့် ပြဿနာဖြစ်သူမှာ အောင်ရဲထွေးဖြစ်သည်ဟု သိရှိရ ကြောင်းလည်း ထွက်ဆိုထားသည်။
အောင်ရဲထွေး အမှုတွင် တရားလိုပြသက်သေ ၂၂ ဦး တင်သွင်းထားသည့် အနက် ယခုအခါ တရားလို ကိုသန့်ဇင်ဦး (အောင်ရဲထွေး အစ်ကို) အပါအဝင် ၁၁ ဦးကို စစ်ဆေးပြီးဖြစ်ရာ လာမည့် နိုဝင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းတွင် ကျန်ရှိ သက်သေများထဲ မှ ၂ ဦးကို ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသ ဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲ ထွေး သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်ညပိုင်း The One Entertainment Park ၌ ပြုလုပ်သော နှစ်သစ်ကူးပွဲတွင် လူ တစု က ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက် နှင့် အာရုံကြောဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။