အသုံးပြုခွင့် မှတ်ပုံမတင်ထားသည့် မြေများကို ၆ လအတွင်း မှတ်ပုံတင်စေသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကြောင့် ပဋိပက္ခဖြစ်ပွားနေဆဲ တိုင်းရင်းသားဒေသရှိ တောင်သူလယ်သမားများ အထိနာနိုင်သည့် အတွက် အရပ်ဘက် အဖွဲ့အစည်း ၂၀၀ ခန့်က ကန့်ကွက်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
ဒို့မြေကွန်ရက်မှ အတွင်းရေးမှူး မိခမွန်းက“Facebook မှာ ကန်ပိန်း လုပ်နေပါတယ်။ ကိုယ့်မြေပေါ်မှာနေပြီး ရာဇဝတ် သားဖြစ်ဖို့ ရက် ၁၀၀ ကျော်ပဲ လိုတော့တယ် ဆိုတာမျိုးပါ။ နောက် တိုင်းနဲ့ ပြည်နယ်အဆင့်တွေ ထပ်မံလုပ်ဖို့ ရှိပါ တယ်။ လောလောဆယ် ကန့်ကွက်လှုပ်ရှားနေတဲ့ အဖွဲ့ ၂၀၀ လောက် ရှိပါတယ်”ဟု ပြောသည်။
Facebook စာမျက်နှာ လူမှုကွန်ရက်တွင် ပြုလုပ်နေသည့် ကန်ပိန်းမှာ“ငါတို့ တိုင်းရင်းသားများရဲ့ မိရိုးဖလာ မြေပိုင် ဆိုင် မှုတွေ အပြီးတိုင် ဖျက်သိမ်းခံရရန် ရက် ၁၂၀သာ လိုတော့သည်”ဟူသည့် သတိပေးချက် စာသားများ၊ ဓာတ်ပုံ များ ကို ဖြန့်ဝေကြခြင်း ဖြစ်သည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေဟောင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ပြည်ထောင် စု လွှတ်တော်တွင် ပြန်လည်ပြင်ဆင်အတည်ပြုခဲ့ပြီး ဥပဒေ အတည်ပြုသည့်နေ့မှ ၆ လအတွင်း ယင်း ဥပဒေအရ အသုံးပြု ရန် ခွင့်ပြုထားခြင်းမရှိဘဲ စိုက်ပျိုးမွေးမြူရေးလုပ်နေသည့် မြေများအတွက် လုပ်ပိုင်ခွင့်များကို ဗဟို ကော်မတီ သို့မဟုတ် သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများသို့ လျှောက်ထားရမည်ဟု အစိုးရက ညွှန်ကြားထား သည့် အပေါ် ကန့်ကွက် ခြင်း ဖြစ်သည်။
ကန့်ကွက် လှုပ်ရှားနေကြသည့် အရပ်ဘက်အဖွဲ့များတွင် တိုင်းနှင့် ပြည်နယ်အလိုက် မြေယာအရေးဆောင်ရွက်သည့် အဖွဲ့များ၊ ငြိမ်းချမ်းရေး လှုပ်ရှားဆောင်ရွက်သည့်အဖွဲ့များ၊ အမျိုးသမီးအရေးနှင့် ကျား/မ တန်းတူရေးဆောင်ရွက်သည့် အဖွဲ့များ၊ ဥပဒေဆိုင်ရာ ပညာရှင်အဖွဲ့များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များ ပါဝင်သည်ဟု ဆိုသည်။
လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ မြန်မာနိုင်ငံ တဝန်း၌ အသုံးပြု ခွင့် ချပေးထားခြင်း မရှိသည့် မြေယာဧက ၄၅ သန်းရှိပြီး ၈၂ ရာခိုင်နှုန်းမှာ တိုင်းရင်းသား ဒေသများတွင် ဖြစ်ကြောင်း သိရ သည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုခွင့် လျှောက်ထားကြရန် နိုဝင်ဘာလ ၂ ရက်ကလည်း မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြေညာထားသေးသည်။
မလျှောက်ထားရသေးသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့်အညီ သိမ်းယူဖယ်ရှားခြင်း ခံရမည်ဖြစ်ကာ ခွင့်ပြုချက် မရဘဲ ဆက်လက် အသုံးပြုနေပါက ပြဋ္ဌာန်းဥပဒေအရ တရားစွဲကာ ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ် ၅ သိန်း သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပါရှိသည်။
ထို့ကြောင့် အသုံးပြုခွင့် မှတ်ပုံတင်မရှိသည့် မြေများအား ၆ လအတွင်း မှတ်ပုံတင်ခိုင်းခြင်းမှာ ပဋိပက္ခဖြစ်ပွားဆဲ တိုင်းရင်းသားဒေသများရှိ တောင်သူလယ်သမားများအား အထိနာစေနိုင်သည်ဟုဆိုကာ ကန့်ကွက်ကြခြင်းလည်း ဖြစ်သည်။
မိခမွန်းက“ကျမတို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်တောင်းဖို့ အစီအစဉ် ရှိသလို သမ္မတကြီးကိုလည်း စာပို့ိဖို့ ရှိသလို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေကိုလည်း စာပို့ဖို့၊ တွေ့ဖို့၊ တောင်းဆိုဖို့၊ လုပ်ဖို့တွေ ရှိပါတယ်”ဟု ပြောသည်။
တိုင်းရင်းသားဒေသများရှိ မြေနေရာများမှာ မိရိုးဖလာ ဘိုးဘွားလက်ထက် အဆက်ဆက် ပိုင်ဆိုင်မှုအရ လုပ်ကိုင် နေကြခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်ဆဲ ဒေသများတွင် မြေလွတ်မြေရိုင်းဟု ပြောဆိုရန်မှာ ခက်ခဲသည်ဟု သုံးသပ်သူများ လည်း ရှိသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက“ကချင်နဲ့ ရှမ်းပြည်နယ်မှာဆိုရင် စစ်ရှောင်တွေ ထွက်ပြေးပြီး ကျန်ခဲ့တဲ့ မြေတွေ ရှိတယ်။ အဲဒီမြေတွေပေါ်မှာ တပ်နဲ့ စီးပွားရေး လုပ်နေတာတွေ အများကြီးပဲ။ ဥပမာ ငှက်ပျောခြံတွေပေါ့။ တကယ့်တကယ် Register (မှတ်ပုံတင်) လုပ်ရင် ဒီမြေတွေ ဘယ်သူပိုင်တယ်ဆိုတာ ဘယ်သူက စိစစ်နိုင်မလဲ”ဟု ပြောသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က ပြင်ဆင်ပြဋ္ဌာန်းထားသည့်အတွက် ဥပဒေအရအသုံးပြုခွင့် မရှိသေးသည့် မြေများကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်မတိုင်မီ အပြီးသတ် လျှောက်ထားကြရမည် ဖြစ်သည်။
“ဥပဒေကြောင်းအရ ပြောမယ်ဆို လောလောလတ်လတ် လျှောက်လို့ရတာက တိုက်ပွဲတွေ မရှိတဲ့၊ ပစ်ခတ်မနေတဲ့ နေရာတွေမှာတော့ လွယ်ကူနေမှာပါ။ တိုက်ပွဲတွေ ရှိနေတဲ့ နေရာတွေ ဒီက လူထုတွေ ၂၀၁၁ ကနေ ပြေးခဲ့ရတာဆို တော့ ကိုယ့်ရဲ့ မြေတွေကို ပုံစံ (၇) လျှောက်ရမယ်ဆိုတာကတော့ မြေပြင်နဲ့ ဥပဒေက လုံးဝကွာဟနေတယ်”ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေ တရားလွှတ်တော်ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောသည်။
၎င်းက ဆက်လက်ပြီး“အောက်ခြေလူထုကို အရင် အသိပညာပေးရမယ်လို့ ကျနော်ထင်တယ်။ မပေးရင် မြေအများကြီး သိမ်းထားတဲ့ ခရိုနီတွေကတော့ ဆင်ပိန် ကျွဲလောက်နဲ့ သွားလို့ ရတယ်။ အောက်ခြေလူထုကတော့ ဒီမြေတကွက် နှစ်ကွက်နဲ့ သွားနေတာ။ မြေတွေ ဘာမှမသိဘဲ ဆုံးရှုံးရလိမ့်မယ်။ ဆုံးရှုံးသွားမယ်ဆိုရင် ဘဝတော်တော် နစ်နာသွား လိမ့်မယ်”ဟု သုံးသပ်သည်။
တိုင်းရင်းသားဒေသရှိ တောင်သူလယ်သမားများမှာ မိရိုးဖလာ စိုက်ပျိုးလုပ်ကိုင်သူများဖြစ်ခြင်း၊ သတင်း အချက် အလက် ရရှိရန် ခက်ခဲခြင်း၊ ဥပဒေပါ အကြောင်းအရာများအား ပဋိပက္ခဒေသများအထိ အသိပညာပေးနိုင်ခြင်းမရှိဘဲ အချိန်အကန့်အသတ်ဖြင့် မှတ်ပုံတင်ခိုင်းခြင်းတို့မှာ မှန်ကန်ကောင်းမွန်သည့် လုပ်ရပ်မဟုတ်ဟုလည်း သုံးသပ်မှုများ ရှိသည်။
ရှမ်းပြည်နယ်တွင် နေထိုင်သည့် တရားလွှတ်တော် ရှေ့နေဦးစိုင်းကို ကလည်း“မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေကို လာလျှောက်ကြပါဆိုတာက သတင်းစာမှာ ကြေငြာတာပေါ့ဗျာ။ ဒါကို တောကြိုအုံကြား လယ်ယာလုပ်နေသူတွေက မသိပါဘူး။ တကယ်တမ်း ဥပဒေအရ ရင်ဆိုင်ရတော့မယ်ဆိုရင် ဒီလူတွေက ရှုံးမယ့်ဘက်မှာ ရှိနေတယ်”ဟု ပြောဆို သည်။