ဆေးဝါးလုပ်ငန်းတွင် သုံးရန် ဆေးခြောက် ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို တားဆီးနိုင်သည်ဟူသော ပူပန်မှုများကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပယ်ချလိုက်ပြီး ထိုအစီအစဉ်ကို အစိုးရက ထောက်ခံကြောင်း ပြောကြားလိုက်သည်။
ပြည်ပလုပ်ငန်းတခုက တန်ဖိုးကြိးမားလှသော မှတ်ပုံတင် မူပိုင်ခွင့် လက်ဝါးကြီးအုပ်ရန် ကြိုးစားမှုကို ဟန့်တားမည်ဟု ထိုင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာပြီး ဉာဏပစ္စည်းမူပိုင်ခွင့် ဌာနသည် ပြည်ပလုပ်ငန်းတခုထံမှ လျှောက်လွှာတစောင်ကို ရရှိလက်ခံထားကြောင်းနှင့် ထိုလျှောက်ထားမှုကို အတည်ပြုမည်မဟုတ်ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသည်။
ဆေးခြောက်ထုတ်ကုန်များကို ထိုင်းနိုင်ငံဥပဒေအရ မူပိုင်ခွင့် မှတ်ပုံတင်ခြင်းမပြုနိုင်သောကြောင့် ပြည်တွင်း သုတေသီများအနေဖြင့် ဆေးခြောက်အသုံးပြုပုံများကို ဆက်လက်သုတေသနပြုရန် ဝန်ကြီး ဆန်တာရက် ဆန်တီဂျီရာဝန် က နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။
ဥပဒေကြမ်းတခု၏ အစိတ်အပိုင်းအဖြစ် ဆေးဝါးများတွင်သုံးစွဲရန် ဆေးခြောက်ထုတ်ကုန်များကို တရားဝင်ဖြစ်အောင် ပြုလုပ်ပေးမည့် အစီအစဉ်ပေါ်ပေါက်နေစဉ် ထိုနိုင်ငံခြားကုမ္ပဏီက ဆေးခြောက်ဆေးဝါးများ အသုံးပြုခွင့်ကို တဦးတည်းမှတ်ပုံတင်မူပိုင် လျှောက်ထားလိုက်ခဲ့သောကြောင့် သူက အာမခံချက်ပေးပြောကြားလိုက်ခြင်းဖြစ်သည်။
ဆန်တာရက်သည် စစ်အစိုးရ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ပလန် ပရာချာရက် ပါတီ(PPRP) တွင် အဆင့်မြင့်အဖွဲဝင်ဖြစ်ပြီး လက်ရှိနိုင်ငံရေးသမားနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်သည်ဟူသောအချက်မှာ သတိထားစရာကောင်းသောအချက်ဖြစ်သည်။
ပုဒ်မပေါင်း ၁၇ ခုပါသော ထိုဥပဒေကြမ်းကို အစိုးရအဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။ အမျိုးသားဥပဒေပြုလွှတ်တော်က ထိုဥပဒေကို မ ပြဌာန်းမီ အစိုးရက အတည်ပြုပေးရန် လိုအပ်သည်။
ထိုဥပဒေကို အတည်ပြုပြဌာန်းနိုင်ပါက ဆေးဝါးလုပ်ငန်းအတွက် ဆေးခြောက်အသုံးပြုခြင်းသည် တရားဝင်လာမည်ဖြစ်သည်။
အမည် ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော ထိုပြည်ပလုပ်ငန်းသည် ဆေးခြောက်ထုတ်ကုန်များအတွက် မူပိုင်ခွင့်မှတ်ပုံတင် ချထားပေးရန် ၂၀၁၀ ခုနှစ်ကတောင်းဆိုမှုပါဝင်သော လျှောက်ထားမှုကို တင်သွင်းခဲ့သည်။ ထိုလျှောက်ထားမှု၏ အသေးစိတ်အချက်အလက်များကို မူပိုင်ခွင့် မှတ်ပုံတင်ဌာန၏ သတင်းစာမျက်နှာတွင် ၂၀၁၆ ခုနှစ်က ဖေါ်ပြခဲ့သည်။
ထိုသို့လျှောက်ထားသည်ကို အတည်မပြုသော်လည်း လျှောက်လွှာကို လက်ခံခဲ့ခြင်းသည် အခြားသူများဆေးခြောက်ထုတ်ကုန် ထုတ်လုပ်ခွင့်ကို အလိုအလျှောက် တားဆီးပြီးဖြစ်သွားကြောင်း ချူလာလောင်ကွမ် ဆေးရုံမှ ဒေါက်တာ တီရာဝပ် ဟီမာချုတာကပြောကြောင်း မကြာသေးမီက ကိုးကားပြောဆိုမှုများရှိခဲ့သည်။
ထိုကဲ့သို့သော ပြဿနာများကို ကြိုတင်ကာကွယ်ရန် မူပိုင်ခွင့်မှတ်ပုံတင်ဌာနသည် လျှောက်လွှာကို မည်သည့်အတွက် ချက်ခြင်းပယ်ချခြင်းမပြုခဲ့သနည်းဟု သူမေးခွန်းထုတ်သည်။
နိုင်ငံတကာအလေ့အထအရ မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားမှုတခုသည် အခြားလိုအပ်သော စာရွက်စာတမ်းများပြည့်စုံပြီး မှန်ကန်စွာ တင်သွင်းပါက ဌာနအနေဖြင့် လက်ခံရသည်ဟု ဆန်တာရက် ကပြောသည်။
ဆေးခြောက်ထုတ်ကုန်များကို ဆေးဝါးအတွက်အသုံးပြုရန်ယခုဆွေးနွေးမှုများကို အစိုးရဆေးဝါးလုပ်ငန်းအသင်းက နှိုဆော်ခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့သည် ဆေးခြောက်ထုတ်ကုန်များကို ဆေးဝါးအဖြစ်ထုတ်လုပ်မည့် စက်ရုံသစ်အတွက် ဘတ် သန်း ၁၂၀ ရင်းနှီး မြှုပ်နှံထားသည်။
အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှုအဖွဲ့ FDA ကလည်း ဆေးခြောက်နှင့်ပတ်သက်သော ကန့်သတ်ချက်များဖြေလျှော့ခြင်းကို ထောက်ခံပြီး ဆေးခြောက်ပင်ကို အသုံးပြုပုံသစ်များကို စည်းကမ်းထိန်းကြောင်းသည့် သီးခြားဥပဒေတခုကို ရေးဆွဲနေသည်။
ဆေးခြောက်သည် ထိုင်းနိုင်ငံတွင် အမျိုးအမည် (၅) အဆင့် မူးယစ်ဆေးဝါးဖြစ်သောကြောင့် တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
အမျိုးသား ဥပဒေပြုလွှတ်တော်အဖွဲ့ဝင် ၄၄ ဦးကအဆိုပြုသော ထိုဥပဒေမူကြမ်းသည် FDA ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ကဲ့သို့သော ရပ်တည်မှုသဘောထားများနှင့်တူသည်။ FDA မူးယစ်ဆေးထိန်းချုပ်အဖွဲ့သည် သောကြာနေ့က ထိုကိစ္စကို လှုံဆော်စည်းရုံးရန် တွေ့ဆုံခဲ့သည်။ ရှေ့ဆက်မလုပ်ဆောင်မီ အချို့သော ရေးရာများအတွက် ဝန်ကြီးချုပ်ဦးစီးသည့် နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်ရယူရန် လိုသည်။