သတင်း

နှစ် ၁၀၀ နီးပါးသက်တမ်းရှိ မန်းတက္ကသိုလ် ပင်မဆောင်အား အကြီးစားမွမ်းမံမှု လုပ်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတက္ကသိုလ်ဝင်း အတွင်းရှိ တက္ကသိုလ် ပင်မဆောင်ကြီးအား အကြီးစား မွမ်းမံပြင်ဆင်ခြင်းကို ယခုဘဏ္ဍာနှစ် အတွင်း လုပ်ဆောင်သွားမည်ဟု မန္တလေးတက္ကသိုလ် တာဝန်ရှိသူများထံမှ သိရသည်။

ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက “ပထမဆုံးအနေနဲ့ ပင်မဆောင်ရဲ့ ပျက်စီးနေတဲ့အပိုင်းတွေကို အရင်ပြင်သွားမှာပါ၊ ကုန်ကျမှု ဘယ်လောက်ရှိမယ်ဆိုတာတော့ မသိရသေးပါဘူး၊ ပြည်ထောင်စု ဘတ်ဂျက်နဲ့ လုပ်ဆောင် တာပါ။ ဒီဘဏ္ဍာနှစ် အတွင်းမှာပဲ ပြင်ဆင်သွားမှာပါ” ဟု ပြောသည်။

လက်ရှိတွင် မန္တလေးတက္ကသိုလ်အနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များနှင့် နားလည်မှုသဘောတူ စာချွန်လွှာများ ရေးထိုး ထားပြီး သင်ကြားရေး၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်နေကာ နိုင်ငံတကာမှ ကျောင်းသား များလည်း တက်ရောက် ပညာသင်ကြားလျက် ရှိသည်။

တက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံများအား အကြီးစား မွမ်းမံပြင်ဆင်ပေးနိုင်ရန်အတွက် မတ်လအတွင်းက ပြု လုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်တွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုး၏ မေးမြန်းခဲ့မှုအရ ယခုကဲ့သို့ ပြင်ဆင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“မန္တလေးတက္ကသိုလ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က တထပ်အဆောက်အအုံတွေ ဖြစ်ပြီးတော့ တက္ကသိုလ် သမိုင်းအတွက် အထင်ကရတွေပါ။ အဲဒီအဆောက်အအုံတွေက လက်ရှိမှာ ဟောင်းနွမ်း ပျက်စီးပြီးတော့ အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ရှိနေတယ်။ တက္ကသိုလ်ရဲ့အဆင့်အတန်းနဲ့ ဘယ်လိုမှ မသင့်လျော်တော့တဲ့ အခြေအနေကြောင့် ပြင်ဖို့အတွက် လွှတ်တော်မှာ မေးမြန်းခဲ့တာပါ” ဟု ဒေါက်တာလှမိုးက ပြောသည်။

တက္ကသိုလ်ပင်မဆောင်နှင့် အခြားသမိုင်းဝင် အဆောက်အအုံများ ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် ကော်မတီဖွဲ့၍ ဆောင်ရွက်လျက်ရှိပြီး ဦးစီးကော်မတီတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ ပါဝင်ကြောင်း သိရသည်။

“ပင်မဆောင်ကြီးကို ပြင်ဆင်ဖို့အတွက် ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါတယ်၊ ဒီနှစ်ဘတ်ဂျက်ထဲမှာ ကျပ်သိန်း တထောင် ကျော်တော့ ရရှိထားပါတယ်။ ပြင်ဆင်မယ့် အင်ဂျင်နီယာအဖွဲ့က ဘယ်လိုပုံစံ တွေနဲ့ ပြင်ဆင်သွားမယ်ဆိုတာကို ဆုံးဖြတ် ချက်မပြတ်သေးတော့ ဘယ်လိုပုံစံဆိုတာ ပြောလို့ မရသေးပါဘူး” ဟု မန္တလေးတက္ကသိုလ်မှ အင်ဂျင်နီယာမှူးကြီး ဦးကျော်သူထွန်းက ပြောသည်။

မန္တလေးတက္ကသိုလ်အား ၁၉၂၁ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံ အဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ် တွင် မန္တလေး ဥပစာ ကောလိပ်အဖြစ် ပြောင်းလဲခဲ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မန္တလေး တက္ကသိုလ်ပင်မဆောင်ကို ၁၉၂၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဥပစာကောလိပ်အဖြစ် ဖွင့်လှစ်ချိန် တွင် ပင်မဆောင်ကို ကျောင်းဆောင်အဖြစ် အသုံးမပြုခဲ့ဘဲ ဒုတိယကမ္ဘာစစ်ပြီးချိန်မှသာ ကျောင်းဆောင်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

မန္တလေးတက္ကသိုလ်အဖြစ် ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် (ဝိဇ္ဖာသိပ္ပံ၊ ဆေးပညာ၊ စိုက်ပျိုးရေး) နှင့် မကွေးကောလိပ် ပါဝင်သော မဟာဌာနကြီး ၄ ခုဖြင့် မန္တလေးတက္ကသိုလ်ကို စတင်ထူထောင်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် စတင်ထူထောင်သည်မှာ နှစ် ၁၀ဝ နီးပါး သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ မန္တလေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၅ ခု၊ ဘွဲ့ကြိုသင်တန်းမှ ပါရဂူအထိ သင်တန်း အမျိုးအစား၂၀၆ ခု၊ ဒီပလိုမာ သင်တန်းပေါင်း ၁၂ ခုနှင့် ဘာသာရပ်အမျိုးမျိုး၌ သုတေသန လုပ်ဆောင်နေသော ကျောင်းသားများ ပညာဆည်းပူးရာ တက္ကသိုလ်တခု ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading