အာဆီယံခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းသည် ရခိုင်ပြည်မြောက်ပိုင်း အကျပ်အတည်းနှင့်ပတ်သက်ပြီး အဖွဲ့ဝင် မြန်မာနိုင်ငံအပါ် ထူးထူးခြားခြား ပြင်းထန်သော စကားလုံးများ သုံးရန်ပြင်ဆင်နေကြောင်း စင်ကာပူမှ လာသော သတင်းများက ဆိုသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ဒုက္ခသည် ၇ သိန်းကျော်မှ ပထမဆုံး အသုတ်ကို ပြန်လည် လက်ခံရေး ကြာသပတေးနေ့တွင် စတင်ရန် စီစဉ်ထားသည်နှင့် တပြိုင်နက်တည်း လူသားချင်းစာနာမှုအခြေအနေသည် စိုးရိမ်စရာကိစ္စဖြစ်နေသည်ဟု သတင်းဌာနအချို့က မြင်တွေ့ရသည်ဟုဆိုသော အာဆီယံ ဥက္ကဌ၏ အစောပိုင်းမူကြမ်းတွင် ရေးသားထားကြောင်း သိရသည်။
သို့ရာတွင် နောက်ဆုံးထုတ်ပြန်မည့် ပူးတွဲ ကြေညာချက်တွင် ထိုစိုးရိမ်ပူပန်မှုကို ဖေါ်ပြ၊မပြ ဟူသောအချက်ပင်။ ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ပြင်ဆင်နေသော မြန်မာနိုင်ငံကလည်း အပြင်းအထန် ကန့်ကွက်နိုင်သည်။
မြန်မာနိုင်ငံက ထူထောင်ထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် “လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်များနှင့် ဆက်စပ်ပြဿနာများကို လွတ်လပ်မျှတစွာ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အပြည့်အဝ အရေးယူရန် အာဆီယံက တွန်းအားပေးသည်”ဟု အထက်ပါ မူကြမ်းအရ သိရသည်။
အာဆီယံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးမူအရ ကြည့်ပါက ထိုသို့ ပြင်းထန်သောလေသံသည် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပျော့ပျောင်းသော သဘောထားမှ လမ်းခွဲထွက်လိုက်ခြင်းဖြစ်မည်။ ထိုသို့ပြင်းထန်သောစကားများသုံးခြင်းသည် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲထားသည့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် ပတ်သက်ပြီး တိုးတက်မှုနှေးကွေးနေခြင်းကို အဖွဲ့ဝင်များအကြား ပိုမိုစိတ်မရှည်ဖြစ်လာကြောင်းလည်း ပြသနေသည်။
မွတ်ဆလင်အများစုဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှား ကဲ့သို့သောနိုင်ငံများသည် မြန်မာနိုင်ငံကို ဖိအားပေးရန် တွန်းအားပေးနေသည်ဟု ယူဆရသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုသည် ရိုဟင်ဂျာပြဿနာအပေါ် ဖိအားပေးရန် ရပ်တည်ချက် ပိုမိုခိုင်မာလာသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲရပြီး ထိုပြဿနာကို အရေးမယူသောကြောင့် အတိုက်အခံများ၏ ဝေဖန်မှုကို ရှောင်နိုင်မည့် နည်းလမ်းဖြစ်သည် ဟုမြင်ကြသည်။
မေလက မလေးရှားဝန်ကြီးချုပ်ပြန်လည်ဖြစ်လာသော မဟာသီယာ မိုဟာမက်သည်လည်း ပိုမိုပြင်းထန်သော သဘောထားကို ပြသနေသည်။
“ အရင်က ဖမ်းဆီးထိန်းသိမ်းခံဖူးသူတဦးအနေနဲ့ နာကျင်မှုတွေကို နားလည်ပြီး သူတပါးကို နာကျင်အောင်မလုပ်သင့်ဘူး” ဟု မဟာသီယာသည် အင်္ဂါနေ့တွင် စင်္ကာပူရှိ သတင်းထောက်များအား ပြောပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖိအားပေးနေသည်။ “အာဆီယံ အနေနဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံထဲက သူတို့နေရာကို သူတို့ နိုင်ငံသားအဖြစ် ပြန်ရောက်ပြီး ဒီကိစ္စပြေလည်သွားတာကို လိုလားတယ်” ဟုလည်း သူပြောသည်။
လွန်ခဲ့သောနှစ်က စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စစ်ဆင်ရေးများပြုလုပ်သောအခါ မွတ်ဆလင်များ အလုံးအရင်းဖြင့် ထွက်ပြေးကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားရှိ ယာယီစခန်းများမှ လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် ကမ္ဘာ့ ကြီးထွားမှု အမြန်ဆုံး ဒုက္ခသည် အစုအဝေးဖြစ်လာသည်။
ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေး မနက်ဖြန် နိုဝင်ဘာ ၁၅ ရက်တွင် စတင်မည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံအနေဖြင့် တခန်းတကဏ္ဍ ပါဝင်စေချင်ကြောင်း အာဆီယံ သံတမာန်တဦးကို ကိုးကား၍ သတင်းများက ဆိုသည်။