ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားလော့ ကျေးရွာ အနီးတွင် တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တိုက်ပွဲဖြစ်၍ ဒေသခံတချို့ တိမ်းရှောင် နေရသည်ဟု သတင်း ရသည်။
နားလော့ ကျေးရွာမှာ သီပေါ – ပန်ချေတု – လွယ်လင်ကားလမ်းမနှင့် ၆ မိုင်အကွာတွင် ရှိပြီး နိုဝင်ဘာလ ၁၃ ရက်က တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်ကာ ဒေသခံများသည် နမ့်လန် ဘုန်းကြီးကျောင်း နှင့် နားအုံကျေးရွာ ဘုန်းကြီး ကျောင်းများသို့ တိမ်းရှောင်နေကြခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က ဧရာဝတီကို ပြောသည်။
စိုင်းခမ်းအောင် က“ကျနော်တို့ကြားတာက ၁၂ နာရီလောက်က ဖြစ်တယ်။ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ကြရ တာတွေ ရှိတယ်။ တချို့လည်း ကျနော်တို့ နမ့်လန်ကို ရောက်လာတာရှိတယ်။ တချို့လည်း ထီခေါက်ကျေးရွာ အုပ်စု ထဲက ဘုန်းကြီးကျောင်းမှာပေါ့။ နမ့်လန်ကို ရောက်လာတာ လူဦးရေ ၅၀ ကျော်လောက်ရှိတယ်။ မန်ခိုက်ကျေးရွာက လူတွေ ဖြစ်တယ်။ ထီခေါက်ဘက်မှာ တိမ်းရှောင်လာတဲ့ ဟာကတော့ သတင်းက မရဘူးဗျ”ဟု ပြောပြသည်။
တိုက်ပွဲကြောင့် နားလော့ ကျေးရွာနှင့် မန်ခိုက် ကျေးရွာမှ ဒေသခံ ၅၀၀ ကျော် မန်နားကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည်ဟု ဒေသတွင်း သတင်း ရင်းမြစ်များက ပြောဆိုနေကြ သော်လည်း အတည်ပြု၍ မရသေးပေ။
SSPP ၏ သတင်းနှင့် ပြန်ကြားရေး ဌာနက ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ အမှတ် (၅၀၂) ခြေမြန် တပ်ရင်း နှင့် SSPP တို့ နားလော့ ကျေးရွာ အနောက်ဘက် သချုႋင်းအနီး နိုဝင်ဘာ လ ၁၃ ရက် နေ့လယ်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ၌ နိုဝင်ဘာလ ၁၄ ရက်တွင် ဖော်ပြထားသည်။
SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က“ဖြစ်တာမှန်ပါတယ်။ နမ့်လန်နားက နားလော့ဆိုတဲ့ ရွာနားလေးမှာ ဖြစ်တာ။ တပ်မတော်စစ်ကြောင်းက ရုတ်တရက် ဝင်လာလို့ ပက်ပင်းတိုးပြီး ဖြစ်တယ်လို့ သိရတယ်။ မနေ့ကတည်းက ပြန်ခွာသွားကြပြီလို့ သိရတယ်”ဟု ဧရာဝတီကို ပြောသည်။
SSPP တပ်ဖွဲ့က ကားလမ်း အနောက်ဘက်မှ အရှေ့ဘက်သို့ ချီတက်လာစဉ် လမ်းတွင် ခဏတာ ချက်ပြုတ် စားသောက် ရန် လုပ်ဆောင်နေစဉ် တပ်မတော်ဘက်က နားမခေါ် ကျေးရွာမှ စတင်ကာ ခြေရာကောက် လိုက်လာစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး SSPP ဘက်မှ ထိခိုက်မှု မရှိဘဲ ဘေးကင်းကြောင်း SSPP ၏ လူမှုကွန်ရက် စာမျက်နှာ တွင် ပြောဆိုထားသည်။
လက်ရှိတွင် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားပြီဖြစ်ကာ တိမ်းရှောင်လာသူများအား နမ့်လန် ဘုန်းကြီးကျောင်းနှင့် ဒေသခံများက အကူအညီများ ပေးထားကြောင်း စိုင်းခမ်းအောင်က ပြောသည်။
“အခုသတင်းရတာ ကြားရတာတော့ တပ်တွေက ပြန်ဆုတ်သွားကြပြီး အခြေအနေ ကောင်းသွားပြီလို့ ပြောတယ်၊ တိုက်ပွဲ တွေက ငြိမ်သွားပြီ။ သူက ခဏလောက်ပဲ ဖြစ်တယ်ပြောတယ်။ ကျနော်တို့ ကြားသိတာ တပ်ဘက်က နယ်မြေ ရှင်းလင်းရေး ပုံစံမျိုးပေါ့ ဝင်လာတာ”ဟု ၎င်းက ဆိုသည်။
အဆိုပါ နားလော့ကျေးရွာအနီးတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်ကလည်း အစိုးရတပ်နှင့် SSPP တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသည်။
SSPP/SSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေးအတွက် ပြည်ထောင်စု နိုငငံရေးဆွေးနွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNDC) အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဆောင်ရွက်နေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။