လူ့အခွင့်အရေး အဖွဲ့များနှင့် အကူအညီပေးရေး အေဂျင်စီများက အခြေအနေများသည် ဒုက္ခသည်များ ပြန်သွားရေး အတွက် အဆင်မပြေသေးကြောင်း သတိပေးနေသော်လည်း ဒုက္ခသည် ပထမဆုံး အသုတ်ကို စတင်ပြန်လည်ပို့ဆောင်ရန် နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောသည်။
တနှစ်နီးပါးကြာ စီစဉ်ခဲ့ပြီးနောက် ဒုက္ခသည် ၂၂၆၀ ပါဝင်သည့် ပထမဆုံးအသုတ်(အားလုံးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ သူများဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သည်)ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်၍ပြန်လည်ပို့ဆောင်ရန် ပြီးခဲ့သည့်လက ၂ နိုင်ငံ သဘောတူညီမှုရရှိခဲ့သည်။
ဒုက္ခသည်များကို မြန်မာအာဏာပိုင်များသို့ လွှဲပြောင်းပေးရန် နယ်စပ်တလျှောက်တွင် စစ်ဆေးရေး စခန်း ၂ ခု (ရေလမ်း သို့မဟုတ် ကုန်းလမ်းမှ ပြန်ကြမည့် ဒုက္ခသည်များအတွက် စခန်းတခုစီ) တည်ဆောက်ခဲ့ပြီး ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန် ရှိသူများက ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည်ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာ Mohammad Abul Kalam က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ပို့ဆောင်မှုများ စတင်ရန်အတွက် သူ၏ အစိုးရက ပြင်ဆင်မှုများကို အလျှင်အမြန် ဆောင်ရွက်နေကြောင်း ပြည်တွင်းမီဒီယာကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
အစပိုင်းတွင် ဒုက္ခသည်များက မြန်မာနိုင်ငံသို့ ပြန်သွားရေးနှင့် ပတ်သက်၍ စိတ်ပျက်ကြလိမ့်မည်ဟု အာဏာပိုင်များက မျှော်လင့်ကြောင်း အဆိုပါ တာဝန်ရှိသူကပြောသည်။ မြန်မာနိုင်ငံတွင် တပ်မတော်က လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ် သည့် စစ်ဆင်ရေးတခုကို ပြုလုပ်ခဲ့ပြီး ထိုစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ ၇၀၀၀၀၀ နီးပါး နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးရသည်ဟု ကုလသမဂ္ဂမှ တာဝန်ပေးသည့် စုံစမ်းစစ်ဆေးသူများက စွပ်စွဲထားသည်။
“သူတို့ရဲ့ စိုးရိမ်မှုကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမယ့် မကြာမီ အားလုံးက ပုံမှန်ဖြစ်သွားပါလိမ့်မယ်” ဟု အမည်မ ဖော်လိုသူ အဆိုပါ တာဝန်ရှိသူက ပြောသည်။ သူ့တွင် မီဒီယာနှင့် စကားပြောရန် အခွင့်အာဏာ မရှိသောကြောင့် ဖြစ် သည်။
ဒါကာအခြေစိုက် New Age နေ့စဉ်သတင်းစာက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖော်ပြခဲ့သော သတင်းတပုဒ်အရ ဒုက္ခ သည် ၂၂၆၀ ဦးကို ပြန်လည်ပို့ဆောင်ရေးက ၁၅ ရက်ကြာလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦး လွင်ဦးက ပြောကြောင်းသိရသည်။
သို့သော်လည်း ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော ဒုက္ခသည်များက သူတို့ကို တန်းတူအခွင့်အရေး များအတွက် အာမခံချက် မပါဘဲ မြန်မာနိုင်ငံသို့ ပြန်သွားရေးကို စိတ်ဝင်စားမှု အနည်းငယ်သာ ပြခဲ့ကြသည်။ ပြန်သွားသည့် အခါ သူတို့ဘဝများသည် အဆိုပါ အခွင့်အရေးများမရှိဘဲ ရေရှည်ရပ်တည်နိုင်လိမ့်မည် မဟုတ်ဟု ပြောကြသည်။
မြန်မာနိုင်ငံက နိုင်ငံသားဖြစ်ခွင့်အတွက် အရည်အချင်းပြည့်မီသော ဌာနေတိုင်းရင်းသား လူမျိုးစု အဖြစ် သတ်မှတ်ခြင်း မရှိ၊ အစိုးရက သူတို့ကို ထုတ်ပေးလိုသော NVC ကတ်များသည် သူတို့၏ ဒုတိယတန်းစား နေထိုင်သူ အဆင့်အတန်းကို ပိုမို ခိုင်မာသွားစေရုံသာ ဖြစ်သည်ဟု ဒုက္ခသည် အများစုက ပြောကြသည်။
“ကျနော်တို့က ကျနော်တို့ရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ လုံခြုံမှုကိုလိုချင်တယ်” ဟု Arakan Rohingya Society for Peace and Human Rights မှ အဖွဲ့ဝင် ဒုက္ခသည်တဦး ဖြစ်သည့် Shafi Ullah ကပြောသည်။
၎င်းတို့ အနေဖြင့် မြန်မာနိုင်ငံအတွင်းတွင် လွတ်လပ်စွာ သွားလာခွင့် အာမခံချက် ရရှိသင့်ကြောင်းနှင့် ပြန်သွားသူများက သူတို့၏ ပိုင်ဆိုင်မှုများအားလုံးကို ပြန်ရသင့်ကြောင်း သူက ပြောသည်။
အစိုးရက ပြန်လည်ပို့ဆောင်ရေးကို အလောတကြီး ဆောင်ရွက်နေကြောင်းနှင့် အကယ်၍ သူတို့မြန်မာနိုင်ငံသို့ ပြန်သွားပါ က လုံခြုံဘေးကင်းမှုရှိလိမ့်မည်ဟု ဒုက္ခသည်များက ယခုအချိန်အထိ ယုံကြည်မှုမရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Nur Khan Liton က ပြောသည်။
“ပြန်လည်ပို့ဆောင်ရေးက ရေရှည်ခံနိုင်ပါမလားဆိုတာကို ကျနော်စိုးရိမ်ပါတယ်” ဟု သူက ပြောသည်။ မှားယွင်းသည့် မည်သည့် ခြေလှမ်းမျိုးကမဆို မြန်မာနိုင်ငံသာမက ဘင်္ဂလားဒေ့ရှ် နိုင်ငံပါ နိုင်ငံတကာနှင့် သီးခြားဖြစ်သွားစေနိုင်သည် ဟု သူက သတိပေးလိုက်သည်။
ကုလသမဂ္ဂ၏ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ ဖြစ်သော UNHCR က ဒုက္ခသည်များ သူတို့၏ မူလနေရာ သို့မဟုတ် ရွေးချယ် သည့်နေရာများသို့ မိမိဆန္ဒ အလျှောက်နှင့် ရေရှည်ခိုင်မြဲစွာ ပြန်သွားနိုင်ရေး အတွက် တောင်းဆိုနေခဲ့သည်။ မြန်မာနိုင်ငံမှ အခြေအနေများက ပြန်သွားရေးအတွက် မဖြစ်နိုင်သေးကြောင်း UNHCR က မကြာသေးမီက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကော့စ်ဘဇားမှ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ပြီးနောက် အမေရိကန် နိုင်ငံမှ အာဖရိကနှင့် အာရှဆိုင်ရာ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်း အခြေချမှုဗျူရို ဒုတိယလက်ထောက် ဝန်ကြီး Richard Albright က ဒုက္ခသည်များ ပြန်သွားရေးသည် မိမိဆန္ဒအလျှောက်၊ ဘေးကင်းလုံခြုံမှုရှိစွာ နှင့် ဂုဏ်သိက္ခာ ရှိစွာ ဖြစ်သင့်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျနော်တို့က UNHCR နဲ့ သဘောတူပါတယ်။ အခုအချိန်မှာ ပြန်သွားဖို့ အလားအလာရှိတဲ့ ဧရိယာတွေက လက်တွေ့ အခြေအနေက ပြန်သွားတဲ့သူတွေကို ရေရှည်ထောက်ပံ့ပေးဖို့ အဆင်မပြေပါဘူး” ဟု သူက ပြောသည်။
ပြန်လည်ပို့ဆောင်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ဒုက္ခသည်များနှင့် ဆွေးနွေးညှိနှိုင်းရန်နှင့် အကြံပေးရန် ဘင်္ဂလား ဒေ့ရှ် နိုင်ငံက ထင်ထင်ရှားပင် ပျက်ကွက်ခဲ့သည်ဟု International Crisis Group က ပြောသည်။ အစိုးရသည် ဒုက္ခသည် များကို ပြန်လည်ပို့ဆောင်ရေးအတွက် တရုတ်နိုင်ငံ၏ ဖိအားပေးခြင်းကို ခံနေရသည်ဟုလည်း ပြောသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် လူ့အခွင့်အရေးအဖွဲ့အစည်းတခု ဖြစ်သည့် Fortify Rights က ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာတို့၏ အခွင့်အရေး ပြန်လည်ရရှိသည့် အချိန်အထိ ပြန် လည်ပို့ဆောင်ရေးကို ဆိုင်းငံ့ထားသင့်သည်ဟု ပြောသည်။
ကော့စ်ဘဇားတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ခြိမ်း ခြောက်ခြင်း၊ စခန်းခေါင်းဆောင်များကို နှောက်ယှက်ခြင်းအားဖြင့် ဒုက္ခသည်များကို ID ကတ်များအတွက် သူတို့၏ ကိုယ်ရေးအချက်အလက်များပေးရန် ဖိအားပေးနေသည်၊ အတင်းပြန်လွှတ်ခြင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်ဟု Fortify Rights က စွပ်စွဲခဲ့သည်။
“ဒုက္ခသည်များ ပြန်သွားရေးက လုံခြုံဘေးကင်းစွာ၊ မိမိဆန္ဒအလျှောက်နဲ့ ဂုဏ်သိက္ခာရှိစွာ အမြဲတမ်း ဖြစ်သင့်ပါတယ်။ လက်ရှိအချိန်မှာ အစုအပြုံလိုက် ပြန်သွားတာ မှန်သမျှက စောနေပါလိမ့်မယ်။ ဖိအားပေးတာ ဖြစ်ပါလိမ့်မယ်။ ရိုဟင်ဂျာ တွေရဲ့ ဘဝတွေကို အန္တရယ်ရှိစေပါလိမ့်မယ်” ဟု အဖွဲ့၏ အမှုဆောင် အရာရှိချုပ် Matthew Smith က ပြောသည်။
နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄နာရီမှ ၅ နာရီအတွင်းတွင် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့က ဒုက္ခသည်စခန်းတခုမှ ရိုဟင် ဂျာ အသိုင်းအဝိုင်းခေါင်းဆောင် ၁၈ ဦးကို လုံခြုံရေးစခန်းတခု အနီးတွင် အစည်းအဝေးတခု ပြုလုပ်ရန် စုစည်းခဲ့သည်ဟု Fortify Rights ၏ အဆိုအရ သိရသည်။ ဘင်္ဂလားဒေ့ရှ် အရာရှိများက သူတို့ကို ရိုက်နှက်ခဲ့ကြပြီး ဒုက္ခသည်များကို သူတို့ ၏ ကိုယ်ရေးအချက်အလက်များ ပါဝင်သည့် စမတ်ကတ်များကို လက်ခံရေး ညွှန်ကြားရန် ပြောခဲ့ကြသည်ဟု ခေါင်းဆောင်အချို့က ပြန်ပြောပြကြောင်း Fortify Rights ကဆိုသည်။
ဒုက္ခသည်များ အထောက်အထား ခိုင်မာစေရန်နှင့် ဝန်ဆောင်မှုများနှင့် အကူအညီများ ပိုမိုကောင်းမွန်စွာ ပေးနိုင်ရေး ရည်ရွယ်သည့် ပူးတွဲ အားထုတ်မှု အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် UNHCR တို့က ကတ်များကို ဇွန်လတွင် ထုတ် ပေးခဲ့သည်။ ပြန်လည်ပို့ဆောင်ရေးကို ဆိုင်းငံ့ထားခြင်းက စခန်းများတွင် ကြောက်ရွံ့မှုများနှင့် ကောလာဟလများကို တိုးပွားလာစေ သည်ဟု ဒုက္ခသည်များက ဧရာဝတီသို့ပြောသည်။
သို့သော်လည်း ကော့စ်ဘဇားရှိ အူခီယာရဲစခန်းမှ တာဝန်ခံအရာရှိ Abul Khair ကမူ ဒုက္ခသည်များက မကြောက်လန့်ကြဘဲ သူတို့၏ ဘဝများ တိုးတက်လိမ့်မည်ဟု သူတို့မျှော်လင့်သော မြန်မာနိုင်ငံသို့ ပြန်သွားရေး စိတ်လှုပ်ရှားနေကြကြောင်း ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရှိ UNHCR မှ ပြောရေးဆိုခွင့်ရှိသူ Joseph Surja Tripura က ဒုက္ခသည်များက မြန်မာနိုင်ငံသို့ အမှန် တကယ် မိမိ ဆန္ဒအလျှောက် ပြန်သွားခြင်း ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် UNHCR က ဒုက္ခသည် ၂၂၆၀ စာရင်းကို စစ်ဆေး သွားမည် ဖြစ်သည်ဟု နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။
( အင်္ဂလိပ်ဘာသာဖြင့် Bangladesh Pushes Ahead With Rohingya Repatriation Plans Despite Int’l Resistance တွင် ဖတ်ပါ။)