အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ရှေ့ဆက်နိုင်ရေး ပြည်သူ လူထု၏ လိုလားချက်များ အကောင် အထည် ဖော်ရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေ/အုပ်) ဝန်ထမ်းများ၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်း ကြောင်း လွှတ်တော် အမတ်များက ပြောသည်။
ထိုသို့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ထွေ/အုပ် ဝန်ထမ်းများ နှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမှုများသည် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် အမတ် အများစု ဖြစ်သည်။
ထွေ/အုပ်၏ အကြီးအကဲ ပြည်ထဲရေး ဝန်ကြီးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသော်လည်း အစိုးရ အဖွဲ့တွင် ပါဝင်၍ သမ္မတ၏ လက်အောက်တွင် ရှိနေသဖြင့် အစိုးရအဖွဲ့ အကြီးအကဲသည် သမ္မတဖြစ်ကြောင်း ခိုင်ခိုင် မာမာ ခံယူပြီး အောက်အဆင့်ဆင့်ကိုလည်း ထိုကဲ့သို့ ညွှန်ကြားမှသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ချော့မွေ့ လာ လိမ့်မည်ဟု NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က နေပြည်တော်တွင် သတင်းထောက်များကို ပြော သည်။
“ကျနော်လည်း အုပ်ချုပ်ရေးမှူးနဲ့ အပြန်အလှန် အော်ဟစ်၊ စကားများကြနဲ့ ဒါမျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့က နိုင်ငံရေး သမား ဆိုတော့ ပြန်ပြီးတော့ စည်းရုံးရေးနည်း ပုံစံနဲ့တော့ သွားပါတယ်။ သွားတဲ့အခါ နားလည်ပါတယ်။ တခါ တလေကျ သူကလည်း အလုပ်များတာ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်ကလည်း ရှေ့ကို မရွေ့တာ ကြာလာတဲ့အခါ ကျတော့ စိတ်က အားမလို အားမရ ဖြစ်လာပြီးတော့ မကျေမချမ်းနဲ့ ပြောမိဆိုမိတာတွေ ရှိတယ်”ဟု တွံတေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောဆိုသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ၎င်းက“နိုင်ငံ့ဝန်ထမ်း ယန္တရားအတွင်း ကြိုးနီစနစ် လျှော့ ချ ရေး နှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း” စသည့် မေးခွန်းတခုကို မေးမြန်းခဲ့သည်။
ယင်းမေးခွန်းကို မေးမြန်းရခြင်းသည် ပြည်သူလူထု လိုလားသည့် လုပ်ငန်းတချို့သည် အစိုးရ ဝန်ထမ်းများ၏လက်ထဲ တွင် အချိန်ကြာနေခြင်းကို ဖြေလျှော့နိုင်ရန် ဖြစ်သည်ဟု သိရသည်။
“သူတို့ အခုထက် ပိုပြီး အားထုတ်ဖို့ လိုတယ်။ အခုထက် အဂတိ လိုက်စားမှု ကင်းရှင်းဖို့ လိုတယ်။ ထွေ/အုပ် ကတော့ အများဆုံးပဲ။ ဒုတိယက မြေစာရင်း။ ကျန်တဲ့ ဌာနတွေက သိပ်အများကြီး မရှိဘူး။ ဒီကြိုးနီစနစ် ရှင်သန်နေတာ အဲဒီ ၂ ခု မှာပဲ ရှိတယ်”ဟု ဦးမြင့်လွင်က ပြောသည်။
တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေများအရ ထွေ/အုပ် ဌာနကို သမ္မတရုံး ဝန်ကြီး ဌာန၏ အောက်တွင် ထည့်သွင်းရန် အစီအစဉ် ရှိမရှိ မေးခွန်းတခုကို မေးမြန်းခဲ့သော်လည်း လတ်တလော အဆင်သင့် မဖြစ်သေးဟု သမ္မတရုံးက အကြောင်း ပြန်ပေးခဲ့ကြောင်း ပြောဆိုသည်။
“နိုင်ငံတော် သမ္မတအနေနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေ ဆီ ကို တိုက်ရိုက် စိစစ်နိုင်တာပေါ့။ ကြားခံ သွားစရာ မလိုတော့ဘူး။ အဲဒီလို စိစစ်နိုင်ရင် ပိုအဆင်ပြေနိုင်တယ်ပေါ့”ဟု ၎င်း က ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်တိုင်းသည် မြို့နယ်အဆင့် အုပ်ချုပ်ရေး ဝန်ထမ်းများ အားလုံးနှင့် အဆင်မပြေခြင်းမျိုး မဟုတ် ဘဲ တချို့ ကိုယ်စားလှယ်များ အဆင်ပြေကြပြီး ထိုအုပ်ချုပ်ရေး ဝန်ထမ်းများကလည်း တပ်မတော်မှ အငြိမ်းစား မဟုတ်ဘဲ အရပ်သား ဝန်ထမ်းများ ဖြစ်နေကြောင်း တွေ့ရှိရသည်။
ထွေ/အုပ် လက်အောက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးများသည် တပ်မတော် အရာရှိ အငြိမ်းစားများ ဖြစ်နေကြပြီး ၎င်းတို့ထဲမှ အနည်းစုသည်သာ လွှတ်တော် ကိုယ်စားလှယ်များနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အ ဆင် ပြေကြသည်ဟု သိရသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က“ကျနော်တို့ကတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပူးပေါင်း ဆောင်ရွက်တယ်။ မြေယာကိစ္စတွေဆိုရင်လည်း သူအားတဲ့အချိန်မှာ စိစစ်တယ်။ လွှတ်တော် ရှိနေရင်လည်း ကျနော်တို့ စောင့်ပေးတယ်။ ကျနော်တို့ကတော့ အတူတူ ညှိနှိုင်းလုပ်ပြီး အားလုံး အဆင်ပြေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေကမူ ယခင် မြို့နယ် အုပ်ချုပ်ရေးမှူးသည် လွှတ်တော် ကိုယ်စား လှယ်နှင့် ပူးပေါင်း ဆောင်ရွက်သလို ရှိသော်လည်း လက်တွေ့ အလုပ်မဖြစ်ခြင်း၊ ရည်ရွယ်ချက်များနဲ့ လွဲချော်အောင် ပြုလုပ်ခြင်းနှင့် တရားမဝင် ငွေကြေး ကောက်ခံမှုတချို့ ရှိခြင်းတို့ကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့ရာ တိုင်ကြားခံရသူမှာ တခြားနေရာတခုသို့ ပြောင်းရွှေ့သွားရကြောင်း ပြောပြသည်။
“နွားဖမ်းတာကို လာမယ်ပြောထားပြီး ရှောင်နေသလို ဖြစ်နေတာ။ တကယ်လည်း ဖမ်းရော ဖုန်းဆက်ခေါ်တော့ မလာ ဘူးလေ။ နောက် ဖုန်းပိတ်လိုက်တယ်။ မြို့နယ်မှာ ဝန်ထမ်းက ပိုက်ဆံ မကောက်ရတာကို ပညာရည်ချွန် ဆုပေးပွဲ အတွက် ဆိုပြီး သိန်း ၁၂၀ ကျော်ကျော်လောက် ကောက်လိုက်တယ်။ ဆုလည်း ပေးတယ်။ နောက် အထက်ကို တိုင် လိုက်တာ သူပြောင်းသွားရတယ်”ဟု ၎င်းက ပြောသည်။
တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေး ကာလတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဆောင်ရွက်မှုသည် ယခု အခြေ အနေထက် ပိုကောင်းသင့်ကြောင်း၊ ဌာနဆိုင်ရာများဘက်သို့ ဆောင်ရွက်ရန် ပြောသည့်အခါ ဥပဒေ၊ အမိန့် ညွှန်ကြား ချက်များသည် ရှေ့နောက် လွဲမှားနေသည်များ ရှိကြောင်း၊ ထို့ကြောင့် လူထု လိုအပ်ချက်များကို ဆောင်ရွက်သည့်အခါ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ပြော ဆို သည်။
“အောက်ခြေဝန်ထမ်းက အပေါ်က လူကြီးရဲ့ လုပ်ပိုင်ခွင့်ဘာဆိုတာ သိရမယ်။ ဒီကိစ္စက လုပ်ပိုင်ခွင့်ထက် ပိုလုပ်နေ တယ်။ အောက်ခြေဝန်ထမ်းက လုပ်ပိုင်ခွင့်ထက် ပိုခိုင်းနေတယ် ဆိုတာကို သိရမယ်။ ဘောင်ကျော်နေတာ၊ မူကျော်နေ တာ ဆိုရင် ဘယ်သူမှ လုပ်လို့ မရဘူး။ အပြန်အလှန် ဝေဖန်မှုစနစ်က ဝန်ထမ်းလောက အထူးသဖြင့် ထွေ/အုပ်တွေထဲ မှာ ရှိအောင် ကျနော်တို့ ကြိုးစား ပေးရမယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ရာထူးဝန် အဖွဲ့က အထက်အရာရှိများက လက်အောက်သို့ လုပ်ပိုင်ခွင့် ခွဲဝေအပ်နှင်းခြင်း မရှိသည်ကို လေ့လာ ဆန်းစစ်ရာတွင် ဌာနအသီးသီး၌ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ထားမှု မရှိခြင်း၊ ကျွမ်း ကျင် စွာ ဆောင်ရွက်ရန် လေ့ကျင့်သင်ကြား ပြသ၍ လုပ်ကိုင်စေမှု မရှိခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကျုးလွန် ဖောက်ဖျက်ပါက အရေးယူမှု မပြုခြင်းတို့ကို တွေ့ရသည်ဟု လွှတ်တော်တွင် ပြောကြားသည်။
ယင်းကိစ္စကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ကလည်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်း ပြုပြင် ပြောင်းလဲရေး (CSR) ကို ဆောင်ရွက်ရာတွင် သင်တန်း ပို့ချနေရုံနှင့် မပြီးဘဲ သက်ဆိုင်ရာ အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပြီး လူထု လိုအပ်ချက်များကို ဥပဒေနှင့်အညီ တုံ့ပြန်နိုင်ရေး ဆောင်ရွက်သွားရန် မေတ္တာရပ်ခံကြောင်း ပြောဆို သည်။
တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က“အဲဒီလို ဝန်ထမ်းမျိုးတွေကို သေချာ စုံစမ်းစစ်ဆေး ရေး အဖွဲ့ ဖွဲ့ပြီးတော့ နောက်ကွယ်ကနေ တိတ်တဆိတ် စုံစမ်းစစ်ဆေး အရေးယူနိုင်မှပဲ ပြည်သူတွေရဲ့ဘဝ အပြောင်း အလဲ ဖြစ်လိမ့်မယ်။ ပြောင်းလဲတဲ့အခါမှာလည်း ဒီမြို့ကနေ ဟိုဘက်မြို့ ပြောင်းလိုက်ဆိုရင် သူတို့ ပန်းပန်လျက်ပဲ”ဟု ပြောဆိုခဲ့သည်။
အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးတင်မြင့်၊ ထွေ/အုပ် ဌာန ညွှန်ကြား ရေးမှူး ဦးအောင်သိုက်ဝင်း တို့ထံ ဧရာဝတီက ဆက်သွယ် ခဲ့သော်လည်း မရရှိခဲ့ပါ။
NLD အစိုးရတက်ခါစ ၂၀၁၇ ခုနှစ် သြဂုတ်လကလည်း ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ ထွေ/အုပ် အပါအဝင် ဌာန ၅ ခုကို တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များ လက်အောက်သို့ ထည့်သွင်းမည်ဟု စီစဉ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ယင်း အမိန့်ကို ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။
၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်တွင် တပ်မတော်က ဦးဆောင်၍ ထွေ/အုပ် ဝန်ထမ်းများ အပါ အဝင် လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့သလို ၁၉၇၇ ခုနှစ် တွင် မူ ထွေ/အုပ် ကို နိုင်ငံတော်ကောင်စီက လွှဲပြောင်းရယူခဲ့ဖူးသည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက် တချို့အရ သိရ သည်။
ထွေ/အုပ်ကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခဲ့သည်မှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် နှစ် ၃၀ ပြည့် ပြီ ဖြစ်သည်။