ဖက်ဒရယ် ပြည်ထောင်စု ဆိုင်ရာ မူဝါဒများ ဆွေးနွေးရာတွင် ကချင်ပြည်နယ် အတွက် လက်ကိုင်ထားမည့် မြေယာ မူဝါဒ နှင့် သယံဇာတ မူဝါဒ ကို ဒုတိယအကြိမ် ကချင် အမျိုးသားရေး မူဝါဒဆိုင်ရာ လူထု တွေ့ဆုံဆွေးနွေးပွဲတွင် အတည်ပြုလိုက်သည်ဟု သိရသည်။
ဆွေးနွေးပွဲကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ပြုုလုပ်ခြင်းဖြစ်ပြီး KIA မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ ကချင် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့ (KPCT) က ဦးဆောင် ပြုလုပ်ခြင်း ဖြစ် သည်။
ဆွေးနွေးပွဲ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မရန်ဆန်ထွယ်က“မြေယာမူဝါဒမှာ လွန်ခဲ့တဲ့ ကျမတို့ သမိုင်းတလျှောက် မြန်မာ နိုင်ငံ မှာ ရှိခဲ့တဲ့ ဥပဒေတွေရယ်၊ မြေယာနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့တဲ့ အပေါ်တွေမှာ သမိုင်းကြောင်းကို အခြေခံပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်မှာ ကျမတို့ မြေယာမူဝါဒ ဘယ်လိုရှိသင့်တယ်ဆိုတာကို ဆွဲထားတာပါ”ဟုပြောသည်။
အတည်ပြုလိုက်သည့် ကချင်မြေယာမူဝါဒတွင် အခန်း (၁၄) ခန်း ပါဝင်ကာ မြေယာများအား အသုံးချခြင်း၊ စီမံခန့်ခွဲ ခြင်း၊ ပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်၊ လွှဲပြောင်းခွင့်၊ အမွေ ဆက်ခံပိုင်ခွင့်များကို အသေးစိတ် ရေးဆွဲထားပြီး စီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံ မှု လုပ်ပါက ပေးဆောင်ရမည့် အခွန်ဆိုင်ရာ ကဏ္ဍများလည်း ပါဝင်သည်ဟု သိရသည်။
ထို့ပြင် ပြည်နယ်တွင်း နေထိုင်သည့် ကချင်လူမျိုးများအပြင် အခြားတိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ ထုံးတမ်းအရ မြေယာပိုင်ဆိုင်မှုကဏ္ဍကို အနာဂတ်တွင် ရေးဆွဲမည့် မြေယာဥပဒေများတွင် ထည့်သွင်းရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များ ကြောင့် ဒေသခံများ စွန့်လွှတ်လိုက်ရသည့် မြေများ ပြန်လည် ပိုင်ဆိုင်ခွင့်ရရှိရေး ဆိုင်ရာ အချက်များကိုလည်း အဆိုပါ မြေယာမူဝါဒတွင် ထည့်သွင်းရေးဆွဲထားသည်ဟု ဆိုသည်။
“အမျိုးသမီး မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကျား/မ မခွဲခြားဖို့၊ ကချင်ရိုးရာဓလေ့ အရက များသောအားဖြင့် အမျိုးသား တွေက အမွေဆက်ခံကြတာ ဆိုတော့ ဒါတွေကို မဖြစ်အောင် ကျား/မ မခွဲခြားဘဲ မြေယာဆက်ခံပိုင်ခွင့်ရှိဖို့ ဆိုတာတွေ ချမှတ်သင့်တယ်၊ ဥပဒေတွေ ရှိသင့်တယ် ဆိုတာကို အာမခံဖို့ ဒီမူဝါဒမှာ ရေးထားတယ်”ဟု ဒေါ်မရန်ဆန်ထွယ် က ဆိုသည်။
လိုင်ဇာတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲကို ပြည်တွင်းပြည်ပမှ ကချင်လူထု အခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့များ၊ ကချင်ပြည်နယ်ရှိ ရပ်မိရပ်ဖကိုယ်စားလှယ်များနှင့် KIA မှ အကြီးအကဲတချို့ အပါအဝင် စုစု ပေါင်း လူ ၅၀၀ ကျော် တက်ရောက်ကြောင်း သိရသည်။
ကချင် သဘာဝသယံဇာတဆိုင်ရာ မူဝါဒတွင် အခန်း (၈) ခန်း ပါဝင်ပြီး ဒေသခံ တိုင်းရင်းသားများ၏ သယံဇာတကို ခွဲဝေ ရာတွင် အသုံးပြုမည့် စနစ်၊ ခွဲဝေပြီး အခွန်ပေးဆောင်ရမည့် စနစ်၊ သယံဇာတ ခွဲဝေသုံးစွဲမည့် စနစ်များကို အဓိက ထားကာ အသေးစိတ်ရေးဆွဲထားသည်ဟုလည်း ဆိုသည်။
ဒေါ်မရန်ဆန်ထွယ်က“ကျမတို့ ရှေ့မျှော်မှန်းတဲ့ နိုင်ငံဖက်ဒရယ်မူအတိုင်း ပြည်နယ်ဖွဲ့စည်းပုံအတိုင်း မူဝါဒကို ရေးဆွဲ ထား တယ်။ သဘာဝသယံဇာတကို ထုတ်ယူသုံးစွဲမယ်ဆိုရင် တချိန်တည်းကုန်အောင် ထုတ်တာမျိုး မဟုတ်ဘဲ မျိုးဆက် အဆက် ဆက်အတွက် ချန်ခဲ့ဖို့ ဘယ်လိုလုပ်မလဲဆိုတာတွေ ပါတယ်”ဟု ပြောသည်။
ယခု အတည်ပြုလိုက်သည့် မူဝါဒ နှစ်ရပ် ရေးဆွဲစဉ်က ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်တိုင်းရင်းသားများ ၏ အသံများကို ရယူစုဆောင်းခဲ့ပြီး ရေးဆွဲချိန်တွင်လည်း နိုင်ငံတကာ စံနှုန်း၊ ဥပဒေများနှင့် ညီစေရန် အသိပညာရှင်၊ အတတ် ပညာရှင်၊ ဥပဒေပညာရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ကာ အတည်ပြုထားသည်ဟု သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေးဆိုင်ရာမူဝါဒ၊ လုံခြုံရေးနှင့် လူထုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒ၊ စီးပွားရေးဆိုင်ရာ မူဝါဒ၊ လူမှုရေးဆိုင်ရာ မူဝါဒနှင့် ကချင်ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ မူဝါဒတို့ကို မူကြမ်းများအဖြစ် ဆွေးနွေးထားသည်ဟု လည်း KPCR က ဆိုသည်။
သို့သော် ယခု လူထုတွေ့ဆုံ ဆွေးနွေးပွဲ၌ တရားဝင် မှတ်ပုံတင်ထားကာ ငြိမ်းချမ်းရေ လုပ်ငန်းစဉ်များတွင် ပါဝင် ဆွေးနွေး နေသည့် ကချင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ ပါဝင်ခြင်း မရှိပေ။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) အထွေထွေ အတွင်းရေးမှူး ဦးတူးရော်က“ကျနော်တို့ကို ဖိတ်တာ မရှိပါဘူး။ ဘာလို့ဆိုတော့ အခု အစိုးရရဲ့ ကြေညာထားတဲ့ မတရားအသင်း ဆက်သွယ်မှု ၁၇(၁) ဆိုတာကလည်း ရှိနေတော့ ဖိတ်ရင် တောင် ကျနော်တို့လည်း မသွားဘူး။ အဲဒီကို တခြားအရပ်ဘက်နဲ့ ယဉ်ကျေးမှုအဖွဲ့တွေတော့ ပါပါတယ်” ဟု ပြောသည်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု အတွက် မူဘောင်များ တင်ပြပြောဆိုရမည့် အချိန်တွင် ကချင်ပြည်နယ်အတွက် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ ကချင်အခြေစိုက် နိုင်ငံရေး ၄ ပါတီကလည်း ဖက်ဒရယ်မူဘောင် တခုအား သီးသန့် ရေးဆွဲလျက်ရှိသည်ဟု သိရသည်။
ကချင်အခြေစိုက် နိုင်ငံရေး ပါတီ ၄ ခုမှာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) နှင့် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – ကချင်ပြည်နယ် (UDPKS) တို့ ဖြစ်သည်။
ယင်း ဖက်ဒရယ်မူဘောင်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ကချင်အမျိုးသား ညီလာခံ အတွင်း ကချင်နိုင်ငံရေးပါတီများ၊ အသိပညာ အတတ်ပညာရှင်များ၊ ဒေသအသီးသီးမှ ရပ်မိရပ်ဖများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ ပါဝင်ဆွေးနွေး အတည်ပြုထားသည့် ရလဒ်များကို အခြေခံ ရေးဆွဲနေခြင်း ဖြစ်သည်။
KDP ပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းကလည်း“ကျနော်တို့ ဆွဲနေတဲ့ ဖက်ဒရယ်မူနဲ့ လိုင်ဇာက မူက တခုတည်းဖြစ်ဖို့ ကျနော် တို့ ကြိုးစားနေပါတယ်။ လက်ရှိအခြေအနေအရ ကျနော်တို့ တွေ့ဆုံလို့ ရတဲ့ အနေအထား မရှိသေးလို့ပါ။ အခြေအနေ အခွင့် အရေးပေးရင်တော့ ဒီ ၂ ခုက တခုတည်း ဖြစ်သွားပါလိမ့်မယ်”ဟု ဆိုသည်။
ကချင် တိုင်းရင်းသားများ နေထိုင်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားသည့် KIA သည် အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
တပ်မတော်နှင့် KIA ကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစကာ ယနေ့အထိ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေပြီး တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရသော စစ်ဘေးရှောင်ဒေသခံများ ကျန်ရစ်ခဲ့သည့် မြေယာများမှာ စီးပွားရေး လုပ်ငန်း ရှင်များ၏ အမည်ပေါက်များ ဖြစ်သွားခြင်း၊ နိုင်ငံခြားသားများ လာရောက် ရင်းနှီးမြှုပ်နှံသည့် သီးနှံစိုက်ခင်းခြံ များ ဖြစ်သွားခြင်း စသည့် အခြေအနေများ ရှိနေသည်။
ထို့ပြင် ကချင်ပြည်နယ်တွင် ထွက်ရှိသည့် ကျောက်စိမ်း၊ ပယင်း၊ နီလာ၊ ရွှေ၊ သစ် စသည့် သဘာ၀ သယံဇာတများနှင့် ပတ်သက်၍လည်း ဒေသခံများ အကျိုးအမြတ် ခံစားခွင့် မရရှိဘဲ ဖြစ်နေသည်။
ပယင်း၊ ကျောက်စိမ်းနှင့် ရွှေ ထွက်ရှိသည့် ကချင်ပြည်နယ် ဖားကန့်နှင့် တနိုင်းမြို့နယ်တို့တွင်လည်း တပ်မတော်နှင့် KIA ကြား သယံဇာတ နယ်မြေလု တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ ကျော် တိုးလာခဲ့သည်ဟု သိရသည်။