ဧရာဝတီ ပညာ၊ ကျန်းမာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဧရာဝတီတိုင်းအစိုးရထံ ပေးရ မည့် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံအနက် ဘဏ်တွင် အပ်ထားသည့် ကျပ် ၃ ဒသမ ၂ ဘီလီယံကို ပြန်လည်ပေးသွင်းပြီဖြစ်ကြောင်း သိရသည်။
ယခင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ခေါင်းဆောင်သည့် တိုင်းအစိုးရဟောင်းက ဖောင်ဒေးရှင်း ထံ လွှဲပြောင်းလှူဒါန်းခဲ့သည့် ငွေများအနက် ဘဏ်၌ အပ်နှံထားသည့် ငွေများကို ဆောလျင်စွာ ပြန်ပေး ရန် လက်ရှိ တိုင်းအစိုးရအဖွဲ့က ညွှန်ကြား ခဲ့သည့်အတွက် နိုဝင်ဘာလ ၁ ရက်တွင် ဘဏ်တွင် အပ် ထားငွေ ၃ ဒသမ ၂၉၇ ဘီလီယံကို ပြန်လည်ပေးသွင်းခြင်း ဖြစ် ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ယမန်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကြေ ညာသည်။
ဦးအောင်ကျော်ခိုင်က “ဘဏ်စာရင်းမှာရှိတဲ့ ငွေလက်ကျန် ၃ ဒဿမ ၂၉၇ ဘီလီယံကို ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ငွေစာရင်းသို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည် ပေးသွင်း ခဲ့ပြီး ဖြစ်ပါတယ်” ဟု တိုင်းလွှတ်တော်တွင် ပြောသည်။
ထို့အပြင် ဧရာဝတီ ပညာ၊ ကျန်းမာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ကုမ္ပဏီ ၃ခုသို့ ထုတ် ချေးထားသည် ဆိုသော ကျပ် သိန်း ၄၀၀၀ ကို ရက် ၃၀ အတွင်း ပြန်သွင်းရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၂၈ ခုသို့ ထုတ်ချေးထားသည့် ငွေကျပ် ၈၆၂၆ ဒသမ ၂၆ သိန်းကို ရက် ၆၀ အတွင်း ပြန်လည် ပေးသွင်းရန်လည်း တိုင်းအစိုးရက ညွှန်ကြားထားသည်ဟု သိရသည်။
“ပေးသွင်းရန် ကျန်ရှိငွေများကို သတ်မှတ်ရက်အတွင်း ပေးသွင်းစေဖို့ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ရန်ပုံငွေအား တိုင်း ဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့် အညီ သုံးစွဲသွားမည် ဖြစ်ကြောင်း လွှတ်တော် ကို အသိပေးပါတယ်” ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်အစည်းအဝေးတွင် ပြောဆိုသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်း ပြု လုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ပထမ ပုံမှန်အစည်း အဝေး၌ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေအား လက်ရှိအစိုးရသို့ လွှဲပြောင်း ပေးခြင်း ရှိ၊ မရှိကို ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဇေယျာမင်းသိန်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ရာမှ စတင်ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်တွင်း ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ ခေါင်းဆောင် သည့် တိုင်းအစိုးရအဖွဲ့က ၂၀၁၆ ခုနှစ်တွင် ဖောင်ဒေးရှင်းအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
ယင်းနောက် တိုင်းအစိုးရ တင်ပြချက်အရ အဆိုပါ ရန်ပုံငွေကိစ္စအား သမ္မတရုံးမှ တိုက်ရိုက် ကိုင်တွယ် ၍ ပြည်ထောင် စု စာရင်းစစ်ချုပ်ရုံးအား စစ်ဆေးရန်အတွက် တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
စာရင်းစစ်ချုပ်ရုံးမှ ဖောင်ဒေးရှင်းအား စစ်ဆေးပြီးနောက် အဆိုပါ ဖွံ့ဖြိုးရေး ရန်ပုံငွေများမှာ နိုင်ငံတော်ငွေများ ဖြစ်နေသည့် အတွက် ပြန်လည် တောင်းခံသင့်ကြောင်း သမ္မတရုံးထံ အစီရင်ခံစာ တင်ပြခဲ့သည်။
သမ္မတရုံးက ယင်းတင်ပြချက်အရ ဖောင်ဒေးရှင်းထံမှ ရန်ပုံငွေများကို ပြန်လည် တောင်းခံရန်အတွက် တိုင်းအစိုးရထံ ညွှန် ကြားခဲ့သည့်အတွက် ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဘဏ်အပ်ငွေများ၊ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအား ချေးထားငွေများနှင့် ကုမ္ပဏီ များနှင့် အကျိုးတူ လုပ်ကိုင်ထားသည့် ရရန်ရှိ အကြွေး စာရင်းများကို တိုင်းအစိုးရထံ လွှဲပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းအစိုးရက ငွေသားချည်းသာ ရလိုပြီး ဖောင်ဒေးရှင်းမှ ဘဏ်လက်ကျန်ငွေနှင့် အကြွေး စာရင်းများပါ လွှဲပေးလိုသည့် အတွက် ဖောင်ဒေးရှင်းနှင့် တိုင်းအစိုးရကြား ညှိနှိုင်းမရဖြစ်နေပြီး ငွေလက်ခံရေးအတွက် လအနည်းငယ် ကြန့်ကြာခဲ့သည်။
ထို့ကြောင့် တိုင်းအစိုးရက ဘဏ်တွင် အပ်ထားငွေများအား ဆောလျင်စွာ ပေးရန်၊ ကျန် ပြင်ပသို့ ထုတ်ချေးထားမှုများအား သတ်မှတ်ပေးထားသည့် ရက်အတွင်း ပြန်ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေ အရ အရေးယူမည်ဟု အောက်တိုဘာလ အတွင်းက ဖောင်ဒေးရှင်း တာဝန်ရှိသူများထံ အကြောင်း ကြားခဲ့သည့်အတွက် ပုသိမ်မြို့ရှိ ဘဏ်များတွင် အပ်နှံထားသည့် ငွေများအား ပြန်လည်ပေးအပ် ခြင်းလည်း ဖြစ်သည်။
ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကြည်အောင်က “ဘဏ်က လက် ကျန်ငွေတွေကို ကျနော်တို့ တခါတည်း လွဲှပေးခဲ့တယ်။ ဘာမှ ပြဿနာမရှိပါဘူး။ ကျန်ရှိငွေတွေလည်း ညွှန်ကြားချက် အတိုင်းပဲ သတ်မှတ်ရက်အတွင်းမှာ ပြန်လည်ပေးသွင်း သွားမှာ ပါ။ ငွေပေးရမယ့်လူတွေကို သေချာပြောထားပါတယ်။ သူတို့ကလည်း ပေးဖို့ အဆင်ပြေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး ပါတီ) ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည့် ယခင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အစိုးရ လက်ထက်တွင် ဧရာဝတီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို တည်ထောင်ကာ လုပ်ငန်းရှင်များအား ရန်ပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတ ဖျော်ဖြေပွဲများ ပြုလုပ်၍ ရန်ပုံငွေ ရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းသိရှိ ရသည်။
ယင်းနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ ရှုံးနိမ့်ပြီးနောက် ဦးသိန်းအောင်၏ တိုင်း အစိုးရအဖွဲ့ တာဝန် လွှဲပြောင်းခါနီးတွင် ဖောင်ဒေးရှင်းကို ဖျက်သိမ်းကာ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အမည်ဖြင့် ဖောင်ဒေး ရှင်း အသစ်ဖွဲ့၍ ရန်ပုံငွေများကို ဖောင်ဒေးရှင်း အသစ်ထံ လွှဲပြောင်း လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဖောင်ဒေးရှင်းကို ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်အပါအဝင် အစိုးရဝန်ကြီးဟောင်း များက နာယကများ အဖြစ် ပါဝင်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်အစိုးရလက်ထက်က လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း မောင်မောင်ဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဧရာဝတီတိုင်း ပညာ ရေးမှူးဟောင်း ဦးကြည်အောင်က အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။
ဆက်စပ်သတင်း
ဧရာဝတီတိုင်း ရန်ပုံငွေ ကျပ် ၅ ဘီလီယံကျော်အရေး မပြေလည်သေး