ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပြုထားသော နိုင်ငံခြားဘဏ်များအနေဖြင့် ငွေထုတ်ချေးရာတွင် ဒေါ်လာ နှင့် ကျပ်ငွေ နှစ်မျိုးလုံး အသုံးပြုနိုင်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
ကျပ်ငွေ ချေးငွေ အတိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် ၈ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ သတ်မှတ်ခွင့်ပြုပြီး ဒေါ်လာ ချေးငွေ အတိုးနှုန်းကိုမူ ကန့်သတ်ထားခြင်း မရှိကြောင်း နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်သည့် ဗဟိုဘဏ် သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက “ခွင့်ပြုချက်အရ ဆိုရင် နိုင်ငံခြားဘဏ်ခွဲတွေက နဂိုက ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို Financing (ချေးငွေ) ပေးသလို ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကိုလည်း Financing ပေးနိုင်မှာ ဖြစ်တယ်။ Financing မှာ အမေရိကန်ဒေါ်လာနဲ့ ပေးနိုင်တဲ့ ချေးငွေရှိတယ်။ ဒုတိယက ကျပ်ငွေနဲ့ ပတ်သက်တဲ့ ချေးငွေနဲ့ ချေးနိုင်တယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “Foreign Currency Loan (နိုင်ငံခြား ချေးငွေ) အတွက်က Interest Rate (အတိုးနှုန်း)ကို မသတ် မှတ်ထားပါဘူး။ ဈေးကွက် လိုအပ်ချက်အရပဲ ချေးနိုင်ပါတယ်။ နောက်တခုက ဘာလဲဆိုရင် ဆက်စပ်တဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ပေးနိုင်တယ်” ဟု ဆိုသည်။
ဆက်စပ်သော လုပ်ငန်းများဆိုသည်မှာ LC (Letter Of Credit) ဖွင့်ခြင်းကဲ့သို့သော ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ဘဏ် ဝန်ဆောင်မှု လုပ်ငန်းများကို ဆိုလိုခြင်း ဖြစ်သည်။ Letter of Credit ဆိုသည် မှာ ဘဏ်တခုနှင့် တခု အချက်အလက် ပြည့် စုံလျှင် ငွေလွှဲတန်ဖိုးအရ ပေးချေရန် ကတိကဝတ် ပြု သည့် ငွေလွှဲစာတမ်းဖြစ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင် ငွေပေး ငွေယူကိစ္စများအား ဘဏ်မှ တဆင့် ပြုလုပ်ခြင်း ဖြစ်သည်။
“သူတို့ကို ကျနော်တို့ မပေးတဲ့အချက်က ၂ ချက်ပဲ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျပ်ငွေနဲ့ ပတ် သက်တဲ့ fixed deposit (ပုံသေအပ်ငွေ) တွေကို လက်ခံလို့ မရဘူး။ အဲဒီအပေါ်မှာ အတိုးလည်း ပေး လို့ မရဘူး။ ဒါကိုပဲ ကျနော်တို့ ကန့် သတ်ထားတယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။
ချေးငွေအာမခံအဖြစ် မြေယာနှင့် အဆောက်အအုံများကို လက်ခံခွင့်မရှိဘဲ ရွှေနှင့် ငွေတိုက်စာချုပ် ကဲ့သို့သော နိုင်ငံတကာ စံနှုန်းအရ ချေးငွေပေးရန် လက်ခံနိုင်သည့် ကျန်ပစ္စည်းအားလုံးအား အာမခံခွင့်ရှိသည်ဟု သိရသည်။
နိုင်ငံခြားဘဏ်မျာအား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင်းနှီးမတည်ငွေ ရရှိနိုင်မှု အခွင့်အရေး တိုးမြှင့်ရန် ရည်ရွယ်ချက် ဖြင့် ချေးငွေဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ကြောင်း နိုဝင်ဘာလ ၈ ရက် တွင် ဗဟိုဘဏ်က ကြေညာထားသည်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌတဦးဖြစ်သူ ဦးဘိုဘိုငယ်ကလည်း “စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ နိုင်ငံခြား ဘဏ်က ချေးငွေရရှိဖို့ဆို တာ ပြည်တွင်းဘဏ်က ချေးငွေရရှိဖို့ထက် ၁၀ဆ ပိုပြီး ခက်ခဲပါတယ်။ ဒါကြောင့် ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေရဖို့ ဆိုရင် သေသေချာချာ ပြင်ဆင်ပြီးတော့ လုပ်ဖို့က အဓိက အရေးကြီးဆုံးဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၄ ခုနစ်အတွင်း ပြည်တွင်း၌ နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့် လှစ်ခွင့်ကို စတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် တရုတ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ထိုင်းအခြေစိုက်ဘဏ်များ အပါအဝင် နိုင်ငံခြား ဘဏ် ၁၃ ခုက ဘဏ်ခွဲများ ဖွင့်လှစ်ထားသည်။
ထို့ပြင် လာမည့် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲများ လာရောက်ဖွင့်လှစ်ခြင်းကို ထပ်မံခွင့်ပြုသွား မည်ဟုလည်း ဗဟိုဘဏ်ထံမှ သိရသည်။