သတင်း

အာဆီယံစီးပွားရေးဆု၊ ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ ရရှိ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့အထူးတန်းဝင် Genius Shan Highlands (ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်) ကော်ဖီကို ထုတ် လုပ်သည့် အောင် နေလင်းထွန်း ကုမ္ပဏီသည် ရေရှည် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း (Sustainable Social Enterprise category) ကဏ္ဍအတွက် ၂၀၁၈ ခုနှစ် အာဆီယံစီးပွားရေးဆုကို ရရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်နေ့က စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့် ၂၀၁၈ခုနှစ် အာဆီယံ စီးပွားရေး ဆုများကို ရေရှည် လူမှု အကျိုးပြု စီးပွားရေးလုပ်ငန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (SME Excellence – Corporate Social Responsibility, Employment, Growth, and Innovation)၊ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင် (Young Entrepreneur)၊ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင် (Women Entrepreneur) နှင့် မိသားစုစီးပွားရေးလုပ်ငန်း (Family Business) အပါ အဝင် ကဏ္ဍ ၇ ခု အတွက် ဆုများ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီမှာ ရေရှည်လူမှု အကျိုးပြု စီးပွားရေးလုပ်ငန်း အတွက် ရွေးချယ်ခံရသည့် အာဆီယံဒေသတွင်းမှ ဆုရှင်လုပ်ငန်း လေးခုအနက် တခုဖြစ်သည်။

ထိုဆုသည် တီထွင်ဆန်းသစ်မှု ရှိပြီး လူမှု အသိုင်းအဝိုင်း အတွက် အထောက်အကူပြု မြှင့်တင်မှုများ ပြုလုပ်နိုင်ခဲ့သည့် လုပ်ငန်းများကို အသိအမှတ်ပြု ချီးမြှင့်သည့် ဆု ဖြစ်သည်။

အောင်နေလင်းထွန်း ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့် ကော်ဖီကို စတင် တည်ထောင်ခဲ့သည်။ ကနဦးတွင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှ ကော်ဖီစေ့များကို ဝယ်ယူပြီး ကြိတ်ခွဲ ရောင်းချခဲ့သည်။ ယခုအခါတွင် ဒေသခံတောင်သူ ၆ ထောင်ကျော်ဖြင့် ကော်ဖီပင်များ စိုက်ပျိုးပြီး ကော်ဖီစေ့ ကုန်ကြမ်းများကို ထုတ်လုပ်လျှက် ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ဉာဏ်ကြီးရှင်ကော်ဖီကို USDA နှင့် EU တို့မှ သြဂဲနစ် အသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ခဲ့သည်။

“လုပ်ငန်းကို အာဆီယံအဆင့် အသိအမှတ်ပြု ခံရတဲ့အတွက် နိုင်ငံတကာကို တင်ပို့ရောင်းချဖို့နဲ့ တိုးချဲ့ ဖို့ အားအင်တွေ ဖြစ် စေပါတယ်” ဟု ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီ လုပ်ငန်း တည်ထောင် သူ ဦးငွေထွန်းက ဧရာဝတီကို ပြောသည်။

ဉာဏ်ကြီးရှင် ထုတ်ကုန်များကို အမေရိကန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ ကနေဒါ၊ ဂျာမနီ၊ နော်ဝေး၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိသည်။

အလားတူပင် မြန်မာနိုင်ငံ၏ နာမည်အကြီးဆုံးထိုးမုန့် အမှတ်တံဆိပ် တခုဖြစ်သည့် မြင့်မြင့်ခင်သည် အာဆီယံ အဆင့် လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆု (ASEAN-level Young Entrepreneur Award) ရရှိခဲ့သည်။

Fame Pharmaceuticals ၊ အောင်နိုင်သစ္စာ ကုမ္ပဏီများအုပ်စုနှင့် Frontiir တို့သည်လည်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအတွက် နိုင်ငံအလိုက် ထူးချွန်ဆုများ ရရှိကြသည်။ Jewel Collection Manufacturing Co., Ltd, က အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆု (Women Entrepreneur) ကို ရရှိခဲ့သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် စမ်းယမင်းအောင်ရေးသားသော Shan State Coffee Producer Wins ASEAN Business Award ကို ဘာသာပြန်ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading