ကျောင်းဆရာမအား ဓားထောက် ခိုးပြေးရန် ကြိုးစားသူကို ဖမ်းဆီး
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ကျောင်းဆရာမတဦးအား ဓားဖြင့် ထောက်ကာ ခိုးပြေရန် ကြိုးစားမှုတရပ် နိုဝင်ဘာလ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)၊ (၆၉)လမ်း၊ ၄၃လမ်းနှင့် သိပ္ပံလမ်းကြားရှိ KGI ကိုယ်ပိုင် အလယ်တန်း ကျောင်းမှ ကျောင်းဆရာမဖြစ်သူ မယွန်းဝင့်ဝါသည် ယမန်နေ့ ည ၆ နာရီ ခန့်က နေအိမ်သို့ပြန်ရန် လာကြို မည့်သူအား စောင့်ဆိုင်းနေစဉ် လှိုင်မင်းအောင်ဆိုသူ ရောက်ရှိလာ၍ အသင့်ပါလာသော ဓားဖြင့် လည်ပင်းကို ထောက်၍ အတင်းအဓမ္မ ဆိုင်ကယ်ပေါ်တင် ခိုးပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်မှူး ရဲမှူးတင်ထွန်အောင်က “ကောင်မလေးရဲ့ လည်ပင်း ကို ဓားနဲ့ ထောက်ထားတာကို စခန်းက ဒုရဲအုပ်တယောက်က ဖျောင်းဖျပြောဆိုပြီး တရားခံကို နေရာ မှာပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံကို လက်နက်မှုနဲ့ အမှုဖွင့်ထားပြီးပါပြီ။ ဆရာမလေးကလည်း ဆက်ပြီး အမှုဖွင့်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အခင်းဖြစ်ပွားစဉ် မယွန်းဝင့်ဝါအား လာကြိုသည့် အဒေါ်ဖြစ်သူ ဒေါ်သဲသဲလွင် ရောက်ရှိလာကာ ရဲစခန်းသို့ အကြောင်း ကြား တိုင်တန်းခဲ့သည့်အပြင် တူမဖြစ်သူ ဓားထောက်ခံထားရသည့်ပုံကို လူမှုကွန်ရက် ဖေ့ဘုတ် စာမျက်နှာပေါ်တင်ကာ အကူအညီ တောင်းခံခဲ့သည်။
ဒေါ်သဲသဲလွင်က “အွန်လိုင်းပေါ်မှာ ပျံနှံ့နေသလို သမီးရည်စား မဟုတ်ပါဘူး၊ တူမလေးနဲ့က ကျောင်း နေဘက် သူငယ်ချင်း ဆိုတော့ အိမ်ကိုလည်း အဝင်အထွက်တော့ ရှိတယ်။ သူ့ကို ပြန်မကြိုက်တာ ကြောင့် အခုလို ပြဿနာ တက်တာပါ။ ဒီကိစ္စ အရင်ကလည်း အကြိမ်ကြိမ် နှောင့်ယှက်တာမျိုးတွေ လုပ်ထားတာ ရှိတယ်။ သက်သက်မဲ့ အသက်ကို ရန်ရှာပြီး ရမ်းကား သွားတာပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး စခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်” ဟု ဆိုသည်။
မယွန်းဝင့်ဝါမှာ ဓားထောက် အကြမ်းဖက်ခံရမှုကြောင့် လည်ပင်း ပြတ်ရှဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေ မဟုတ်ကြောင်းနှင့် တရားခံအား သာမန်နာကျင်စေမှု ပုဒ်မ ၃၂၄၊ အလိုမတူဘဲ ခိုးယူပေါင်းသင်း မှု ပုဒ်မ ၃၆၆ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်နေ လှိုင်မင်းအောင် (၂၀ နှစ်) အား ပြစ်မှု ဥပဒေ ပုဒ်မ ၁၉ (င) လက်နက်မှုဖြင့် မဟာအောင်မြေ မြို့နယ် အမှတ်(၉) မြို့မရဲစခန်း ကလည်း အမှုဖွင့်ထားသည်။