ပါတီစည်းကမ်း ချိုးဖောက်သည့် အတွက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးအား သတိပေးထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်ပြီး မည်သည့် စည်းကမ်း ချက် ချိုးဖောက်သည့် အတွက် သတိပေးသည်ကိုမူ ပါတီဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်သူ ဒေါက်တာ မျိုးညွန့်က“ကျနော်တို့ ပါတီကလူထုနဲ့ ဆက်ဆံတဲ့ အခါ မှာ မလုပ်ရတဲ့ အလုပ်ကို သတ်မှတ်ထားတာ ရှိပါတယ်။ သူက ဥပဒေဖောက်ဖျက်မှု မရှိပါဘူး။ ပါတီက မလုပ်ပါနဲ့ ဆိုတာ ကို လုပ်တဲ့အတွက် သတိပေးချက် သတ်မှတ်တာပါ။ သူ့ရဲ့ အုပ်ချုပ်ရေးတာဝန် တရပ်ကတော့ ဘာမှ ထိခိုက်မှာ မဟုတ်ပါ ဘူး၊ သတိပေးတာပါ။ ခေါ်ယူပြီးတော့ ဘယ်အချက် ဘယ်အချက်တွေ မလုပ်သင့်ဘူးဆိုတာကို ခေါ်ယူပြီးတော့ သတိပေး တာ ပါ။ ကျနော်တို့က ပါတီတွင်းကိစ္စကို သိပ်ပြီး ပြောလေ့ပြောထ မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။
သတိပေးခံရမှုနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိခဲ့ပေ။
ခေါ်ယူသတိပေးသည့် ကိစ္စတွင်မူ ပြည်နယ် ဝန်ကြီးချုပ်က ကယားပြည်နယ် မယ်စဲ့ တိုက်နယ်ရှိ လွိုင်ကော် ကက်သလစ် ဘုန်းတော်ကြီးကျောင်းနှင့် မြေယာအငြင်းပွားနေသည့် ကိစ္စရပ်လည်း ပါဝင်သည်ဟု သိရသည်။
“ကက်သလစ်ကျောင်း မြေသိမ်းတာ ပြောလို့ရမလား၊ ဒါလည်း စဉ်းစားတဲ့ အချက်ထဲမှာ ပါပါတယ်။ ကျနော်တို့ကတော့ ပြည်သူတွေကို အဖွဲ့နဲ့ပတ်သက်ပြီးတော့ စိတ်ပျက်မသွားအောင် အမြဲတမ်း ဂရုစိုက်ပြီးတော့ ထိန်းကျောင်းနေတာပါ”ဟု ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးနှင့် မြေယာအငြင်းပွားမှု ဖြစ်ပွားနေသည့် မယ်စဲ့တိုက်နယ် ကက်သလစ် ကျောင်း မှ ကျောင်းထိုင် ဘုန်းတော်ကြီး ရစ်ချတ် သူရထွန်းက ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့် ၂၀၁၈ ခုနှစ် မေလတုန်းက နိုင်ငံ တော် သမ္မတ အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် NLD ပါတီ ခေါင်းဆောင်များကို ဖြေရှင်းပေးရန် တိုင်ကြားစာ ပေးပို့ခဲ့ဖူးသည်။
ထို့ပြင် ယခုနှစ် နိုဝင်ဘာလ ၈ ရက်ကလည်း ရန်ကုန်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သေးသည်။
ဘုန်းတော်ကြီး ရစ်ချတ် သူရထွန်းက“ကျနော်တို့ သတင်းမှာတော့ ကြားတယ် သတိပေးလိုက်တယ်ဆိုတာ။ ဒါပေမယ့် ဘယ်လို သတိပေးတာလဲ၊ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာ မသိရဘူး။ ဒါကြောင့် ကျနော် ဘာမှ မပြောနိုင်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လေ။ ကယားပြည်နယ်မှာတော့ ကျနော်တို့ ကက်သလစ်ကျောင်း ဘော်ဒါဆောင်မှာ တက်သွားတဲ့ ကလေးတွေ အများစု ပြောနေတာတော့ ဒီမြေကို မသိမ်းသင့်ဘူးပေါ့။ ဒါက မဖြစ်သင့်ဘူးပေါ့။ အဲဒီလို အခြေအနေလေး တွေ တော့ ဖြစ်နေပါတယ်”ဟု ပြောသည်။
NLD အနေဖြင့် ကယားပြည်နယ် လူထုထက် ပါတီအရေးကို ဦးစားပေးနေပြီး လူထုထက် ပါတီအဖွဲ့ဝင်များကိုသာ ကာကွယ် ရပ်တည်နေသည်ဟု ပြောဆိုမှုများလည်း ရှိသည်။
ကယားပြည်နယ်သူ နော်ဖောဝါးက“ပြည်သူအတွက် ရပ်တည် ကာကွယ်ဖို့ထက် ပါတီအဖွဲ့ဝင် ဘာလုပ်လုပ် ရပ်တည် ကာကွယ် ပေးတယ်လို့ပဲ မြင်တယ်။ ပြည်သူ့အစိုးရ မဟုတ်တော့ဘူး။ တပါတီ အာဏာရှင် အစိုးရ ဖြစ်နေပြီလို့ မြင်တယ်။ သတိပေးတာနဲ့ မပြီးဘူးလေ၊ ဘယ်သူမှားလဲ ပြောရမယ်။ တရားဝင် ဝန်ခံဖို့ လိုတယ်။ အခုက ပါတီက သတိပေးရုံပဲ ဆို တော့ ဖြစ်စဉ်တခုလုံးက မသဲကွဲဘူး။ အဲဒီတော့ သူ့ (ကယားပြည်နယ် ဝန်ကြီးချုပ်) လုပ်ရပ်ပဲ မှန်နေသလိုလို ဖြစ်နေတယ်။ အရင် က လည်း ပြည်သူကို စစ်တပ်နဲ့ ခြိမ်းခြောက်ပြီးပြီ။ အဲဒီတုန်းကလည်း သတိပေးရုံ၊ အခုတခါလည်း သတိပေးရုံ”ဟု ဆို သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လက ဗိုလ်ချုပ်ပုံတူ ကြေးရုပ် ထားရှိမည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံ အရပ်ဘက် အဖွဲ့ အစည်း များက ဆန္ဒပြသည့် အတွက် ဖမ်းဆီးမှုများ ရှိခဲ့သည့်အပြင် တပ်မတော်ကို ခေါ်ယူ၍ တာဝန်ပေးမည်ဟု ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုသည့် အတွက် ဝေဖန်သံများ ထွက်ပေါ်ခဲ့ကာ ဒေသတွင်း ထောက်ခံမှု ကျဆင်းခဲ့သည်။
သို့သော် တဖက်တွင် မယ်စဲ့ တိုက်နယ်အတွင်း ပါတီကို ထောက်ခံသည့် အတွက် ပါတီဝင် ၈၀၀ ဝင်ရောက်ရာ နိုဝင်ဘာလ ၁၁ ရက်က ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – “သူ့ကိုယ်ပိုင်အိမ် ဆောက်ဖို့အတွက် သိမ်းတာပါ”