အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်သမိုင်းတွင် သေဆုံး၊ ပျောက်ဆုံးမှုအများဆုံး တောမီး အဖြစ် အာဏာပိုင်များ က ထုတ်ပြန်ရာ ပျောက်ဆုံးသူ ၁၃၀ ဦးရှိပြီး၊ သေဆုံးသူ ၅၉ ဦး အထိ မြင့်တက်လာကြောင်း သိရသည်။
ပျောက်ဆုံးသူ အရေအတွက်အများစုမှာ ကာလီဖိုးနီးယားမြောက်ပိုင်းရှိ Butte စီရင်စု ပါရာဒိုက်မြို့ မှဖြစ်ပြီး၊ ဆီရာနီဗာဒါ တောင်တန်းတောင်ကုန်းများ ပတ်လည်ဝိုင်းနေသည့် တောင်ခြေမြို့လေး ပါရာဒိုက်သည် အငြိမ်းစားသက်ကြီး ရွယ်အို များ နေထိုင်သည့် အေးချမ်းသည့် မြို့လေးဖြစ်ကာ ယခုအုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သည့်ပျောက်ဆုံးသူများထဲတွင် အသက် ၇၀ ကျော်၊ ၈၀ ကျော်နှင့် ၉၀ ကျော် အရွယ်များဖြစ်ကြသည်။
တောမီးလောင်ကျွမ်းမှု ပြင်းထန်သဖြင့် လူအနည်းဆုံး ၅၉ ဦးသေဆုံးကြောင်း သတင်းထွက်ပေါ်လာ ခဲ့ပြီးနောက် ပါရာဒိုက် မြို့ ၌ သေဆုံးသူရုပ်အလောင်းရှာဖွေရေးအဖွဲ့များမှာ အနံ့ခံခွေးများဖြင့် ဗုဒ္ဒဟူးနေ့က တအိမ်တက်ဆင်း ရှာဖွေနေဆဲဖြစ် ကြောင်း သိရသည်။
ယင်းမြို့အနီးတဝိုက်သည် ပြီးခဲ့သည့်ရက်သတ္တပတ်က တောမီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မြေပုံပေါ် တွင် မျက်မြင် အပျက်အစီးများပြားနေကြောင်း သိရသည်။
Butte စီရင်စုအုပ်ချုပ်ရေးမှူးက ကိုရီဟိုနီးယားက သတင်းထောက်များကို ဗုဒ္ဒဟူးနေ့ ညနေပိုင်းက ပြောကြားရာတွင် ရှာဖွေကယ်ဆယ်ရေးသမား ၄၆၁ ဦးနှင့် အနံ့ခွေး ၂၂ ကောင်တို့ဖြင့် ပျောက်ဆုံးသူ များပြားခဲ့သည့်နေရာများကို ပိုက်စိတ်တိုက်ရှာဖွေနေကြောင်း၊ မီးလောင်သေဆုံးခဲ့သူများကို စိစစ်နိုင်ရန် DNA စမ်းသပ်မှုများလည်း လုပ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။
“ဒီတပတ်ကြာသပတေးနေ့ကစပြီး DNA နမူနာနဲ့ ပျောက်ဆုံးနေတယ်လို့ ယုံကြည်ရတဲ့မိသားစုဝင် တွေကို ရှာဖွေပေးနေပါ တယ်” ဟု အုပ်ချုပ်ရေးမှူး ဟိုနီးယားက ပြောသည်။
ပရာဒိုက်မြို့တွင် လူနေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့်အခြေခံအဆောက်အဦများ လုံးလုံးလျား လျား ပြာကျသွားသဖြင့် အားလုံးပြန်တည်ဆောက်ရမည်ဖြစ်ကြောင်း ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲမှု အဖွဲ့(FEMA) အဖွဲ့ခေါင်းဆောင် ဘရောက်လောင်းကလည်း ဆိုသည်။
ပါရာဒိုက်မြို့သို့ ရောက်ရှိနေသည့် AFP သတင်းထောက်အဆိုအရ ကယ်ဆယ်ရေးအဖွဲ့များမှာ သစ်ပင်များ ဖယ်ရှားခြင်း၊ လမ်းတလျှောက်ခြံစည်းရိုးများ ရှင်းလင်းခြင်း၊ ကားများ ဆွဲထုတ်ခြင်းဖြင့် လုပ်ဆောင်နေကြောင်း၊ မွေးမြူရေးခြံပိုင်ရှင်များကို တိရစ္ဆာန်များ အစာကျွေးရန် ကန့်သတ်ဧရိယာမှ ဝင်ခွင့်ပြုထားသော်လည်း မြို့ခံပြည်သူများ ပြန်လည်ဝင်ရောက်နိုင် ရေးအခြေအနေကိုမူ လတ်တလော မပြောနိုင်သေးကြောင်း အာဏာပိုင်များက ပြောသည်။