၂၀၂၀ ရွေးကောက်ပွဲ အတွက် မဟာဗျူဟာကို သီးခြားထုတ်ပြန်မည် ဖြစ်သော်လည်း မဟာမိတ် မူဝါဒအရ တိုင်းရင်း သား နိုင်ငံရေး ပါတီများနှင့် မဟာမိတ် ဆက်ဆံရေး ထူထောင်သွားမည်ဟု ပြည်သူ့ပါတီ ဦးဆောင်သူ တဦးဖြစ်သည့် ဦးကိုကိုကြီး က ပြောဆိုလိုက်သည်။
ပါတီ ဦးဆောင်သူ ဗဟိုအလုပ်မှုဆောင် ၂၃ ဦးနှင့် ပါတီဝင်အင်အား ၁၀၀၀၀ စာရင်းအား နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) သို့ လာရောက်တင်ပြစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးကိုကိုကြီးက“တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့နဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းကလည်း ရင်းနှီးတဲ့ မဟာ မိတ် ဆက်ဆံရေးကို ကျနော်တို့ ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားမယ်။ ကျနော်တို့နဲ့ စိတ်တူကိုယ်တူ ဒီမိုကရေစီ အရေး၊ ဖက်ဒရယ် အရေးအပေါ်မှာ ရည်ရွယ်ချက်တူတဲ့ မိတ်ဆွေပါတီများနဲ့လည်း ကျနော်တို့ ဒီဟာကို ပူးပေါင်း ဆောင်ရွက်သွားဖို့ အဆင်သင့် ရှိပါတယ်”ဟု ပြောသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုန်ကန်မှုတို့ဖြင့် တရားစွဲခံနေရသူ ရခိုင်တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဒေါက်တာအေးမောင်ကလည်း ဦးကိုကိုကြီး ဦးဆောင်သည့် ဗမာပါတီကဲ့သို့သော ပါတီများ၊ တိုင်းရင်းသား ပါတီများ နှင့် တပ်ပေါင်းစုပုံစံ မဟာမိတ်ဖွဲ့ကာ ၂၀၂၀ တွင် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်အောင် လုပ်ဆောင်မည်ဟု နိုဝင်ဘာလ ၁၂ ရက်က စစ်တွေခရိုင် တရားရုံး ရုံးထုတ်လာစဉ် ပြောဆိုထားသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများက ပြည်မပါတီများနှင့် မဟာမိတ်ဖွဲ့ကာ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် စဉ်းစားနေချိန်တွင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအပြီးနောက်ပိုင်း ပြည်မအခြေစိုက် ပါတီများ ဘက် ကလည်း ယင်းကဲ့သို့ စဉ်းစားမှုများ ရှိလာခဲ့သည်ဟု သိရသည်။
“စိတ်ကူးတဲ့ အဆင့်လောက်ပဲ ရှိကြမှာပါ။ ဒီကိစ္စ ဆွေးနွေးထားတာ မရှိကြသေးဘူး။ ဒီမိုကရက်တစ် အုပ်စုတွေ မဟာ မိတ် ဖွဲ့တယ် ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲ။ ဖြစ်လာမယ် ထင်တယ်။ ဒါပေမယ့် လက်ရှိ ပါတီကြီး ၂ ခု စလုံးက သူတို့က တပြည်လုံးကို လွှမ်းခြုံနိုင်တယ်လို့ ယူဆတဲ့အတွက် သူတို့မှာ မဟာမိတ်မူဝါဒနဲ့ ပတ်သက်ပြီး သိပ်ရှင်းရှင်း လင်းလင်း မရှိကြဘူး”ဟု ရှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပြောရေး ဆိုခွင့် ရှိသူ ဦးစိုင်းညွှန့်လွင်က ပြောသည်။
လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေး) ဒု က္ကဋ္ဌ ဦးလာမာလေးကမူ ပြည်မ ပါတီများနှင့် မဟာမိတ် ဆက်ဆံရေးမျိုး ထူထောင်ရန်မရှိဘဲ မိမိမူအတိုင်း ရပ်တည်မည်ဟု ဖြစ်ကာ မည်သည့် ပါတီအစိုးရနှင့်မဆို ဒေသ ဖွံ့ဖြိုးရေးနှင့် တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောသည်။
၎င်းက ဆက်လက်ပြီး“သူတို့ (ပြည်မပါတီများ) နဲ့ မဟာမိတ် ဖွဲ့ဖို့ဆိုတာကလည်း ပါတီငယ်လေးတွေ ဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးလို့ ကျနော်တို့က အဲဒီလိုပဲ ယုံကြည်တယ်။ တချို့လူတွေကတော့ သူတို့နဲ့ မဟာမိတ်လုပ်ပါ၊ ပူးပေါင်းပါ၊ သူတို့အနေနဲ့ အခွင့်အရေးပေးပါမယ် ပြောပေမယ့်လည်း ရွေးကောက်ပွဲ နီးလာရင်တော့ မဖြစ်နိုင်ဘူး။ သူလည်း သူ့လောဘနဲ့သူ၊ ကျနော်တို့လည်း ကျနော်တို့ လောဘနဲ့ ကျနော်။ အဲဒီလိုပဲ မြင်ပါတယ်”ဟု ဆိုသည်။
ပြည်သူ့ပါတီ အနေဖြင့် ပါတီတခုချင်းနှင့် မဟာမိတ်ဆက်ဆံရေး ထူထောင်ရန်မှာ အသေးစိတ် ထုတ်ပြန်ရဦးမည် ဖြစ်ပြီး ၎င်းတို့နှင့် ရပ်တည်ချက်တူသည့် ပါတီများနှင့် မဟာမိတ်ပြုလုပ်ရန်ကိုမူ ပါတီအတွင်း ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး ဖြစ်သည် ဟု ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
နိုင်ငံရေး အင်အားကြီး ပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့မဟုတ်ဘဲ တတိယ အင်အားစုများ ပူးပေါင်းပါကလည်း ၂၀၂၀ အလွန်ကာလတွင် အစိုးရ ဖွဲ့နိုင်ရေး မဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။
သီပေါ လွှတ်တော် အမတ်ဟောင်းနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက“တတိယ အင်အားစုချည်းပဲနဲ့တော့ မနိုင်နိုင်ဘူးလို့ ထင်တယ်။ သူတို့ အနေနဲ့ NLD ၊ သို့မဟုတ် USDP နဲ့ ပေါင်းမှ ရလိမ့်မယ်။ USDP နဲ့ NLD ၂ ခုမှာ တိုင်းရင်းသားပါတီတွေကို ပူးပေါင်း မဟာမိတ်ဖွဲ့နိုင်တဲ့ ပါတီက ၂၀၂၀ မှာ သမ္မတတင်နိုင်တဲ့ အနေအထားရှိနိုင်တယ်။ လက်ရှိမှာ တပ်မတော်နဲ့ နီးစပ်တဲ့ USDP နဲ့ NLD က လွဲလို့ သမ္မတကိုတင်နိုင်တဲ့ ပါတီမရှိဘူး။ USDP ကတော့ ၂၆ ရာခိုင်နှုန်းလောက် လွတ်လွတ်ကျွတ်ကျွတ်ရရင် တပ်မတော်နဲ့ ပေါင်းပြီးတင်နိုင်တဲ့ အနေအထားရှိတယ်။ NLD ကတော့ ၅၁ ရာခိုင်နှုန်းကျော် နိုင်ရင် သမ္မတ တင်နိုင်တဲ့ အနေအထားရှိတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီအနေဖြင့် တိုင်းပြည် အပြောင်း အလဲ လုပ်ဆောင်နိုင်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ပြည်သူများက တခဲနက် ထောက်ခံမဲပေးကြသော်လည်း လက်တွေ့တွင်မူ သိသာထင်ရှားသည့် အပြောင်းအလဲများ မမြင်တွေ့ရသည့်အတွက် ထောက်ခံမှု ကျဆင်းနေ ကြောင်း သုံးသပ်သူများလည်း ရှိသည်။
ပြည်သူ့ပါတီ ခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးက“တိုင်းရင်းသား တန်းတူရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ ကျနော်တို့နိုင်ငံ တည်ဆောက်ရေးအတွက် အခြေခံအကျဆုံး ဖြစ်ပါတယ်။ အခြေခံအကျဆုံး ဆိုတာဟာ စကားလုံးအဖြစ်သာ မဟုတ်ဘဲနဲ့ လက်တွေ့ကျင့်သုံးနိုင်ဖို့အတွက်ပါ ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ပြောဆို သည်။