တရုတ်ဆီက ချေးငွေဖြင့် ဝယ်မည့် ရထားတွဲများ မတန်တဆ ဈေးနှုန်း မဖြစ်ရန်လို
တရုတ်နိုင်ငံ၏ အတိုးမဲ့ချေးငွေဖြင့် လူစီးရထား တွဲသစ်များ ဝယ်ယူရာတွင် မတန်တဆ ဈေးနှုန်းမဖြစ်ရန် လိုအပ် ကြောင်း လွှတ်တော် ကိုယ်စားလှယ် တဦးက သတိပေး ပြောဆိုသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ပို့/ဆက်) က တရုတ်နိုင်ငံမှ အတိုးမဲ့ ချေးငွေ ယွမ်သန်း ၈၀ ယူ၍ တရုတ် နိုင်ငံထုတ် လူစီး မီးရထားတွဲများ ပြန်လည် ဝယ်ယူရန်နှင့် ပတ်သက်ပြီး အုတ်တွင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက နိုဝင်ဘာလ ၁၅ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် သတိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါ်ချိုချိုက“ချေးယူမယ့်ငွေဟာ အတိုးမဲ့ဖြစ်ပေမယ့် ယင်းငွေနဲ့ ထုတ်ချေးသော နိုင်ငံမှ ပစ္စည်းကို ပြန်လည်ဝယ်ယူရ တာ ဖြစ်တဲ့အတွက် အဆိုပါပစ္စည်းများ အရည်အသွေးကောင်းဖို့ ၊ မှန်ကန်တဲ့ ဈေးနှုန်းဖြစ်ဖို့၊ သူများနှင့်ယှဉ်ရင် မတန် တဆ ဈေးနှုန်းတွေ မဖြစ်ဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုရင် ချေးငွေဟာ အတိုးမဲ့ဖြစ်စေ၊ အတိုးနဲ့ဖြစ်စေ ပြန်လည် ပေးဆပ်ရမှာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်”ဟု ပြောသည်။
တရုတ်နိုင်ငံ အတိုးမဲ့ချေးငွေ သဘောတူညီချက်အရ တရုတ်နိုင်ငံမှပင် ဝယ်ယူရမည့် လူစီးရထားတွဲ ၂၈ တွဲ ဝယ်ယူ ရေး စီမံကိန်းမှာ ချေးငွေ ထုတ်ယူသုံးစွဲသည့် ကာလ ၅ နှစ်၊ ဆိုင်းငံ့ကာလ ၅ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ်၊ စုစုပေါင်း ချေးငွေသက်တမ်း နှစ် ၂၀ ဖြစ်ကာ ပြန်ဆပ်ရမည့်ကာလအတွင်း တနှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြင့် ယွမ် ၈ သန်း ပြန်လည် ပေးဆပ်ရမည် ဖြစ်သည်ဟု ဆိုသည်။
တွဲအသစ်များ ဝယ်ယူရာတွင် အသုံးပြုပြီး ပြန်လည် မွမ်းမံထားသည့် ရထားတွဲများ မဖြစ်စေရန်နှင့် ဘရိတ်စနစ်များ ကောင်းမွန်ရန် လိုအပ်ကြောင်းလည်း ဒေါ်ချိုချိုက သတိပေးထားသည်။
ဝယ်ယူမည့် ရထားတွဲ ၂၈ တွဲကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ရိုးရိုးတန်း တွဲသစ် ၁၄ တွဲ၊ အထက်တန်း တွဲ သစ် ၁၄ တွဲဖြင့် အစုန်အဆန် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းတွင် နေ့စဉ် ရထားစီးနင်းသူဦးရေ ၁၀၀၀ ကျော် ရှိသည့်အတွက် ရထား တဆိုင်းလျှင် သိန်း ၃၀ ခန့် ဝင်ငွေ ရှိမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပို့/ဆက် ပြည်ထောင်စု ဝန်ကြီး ဦးသန့်ဇင်မောင်က ပြောဆိုထားသည်။
၎င်းက“လူစီးတွဲ ၂၈ တွဲ ထပ်မံပြေးဆွဲနိုင်ပါက ခရီးသည်တွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှု၊ စိတ်ချမ်းမြေ့မှုတို့ကို ပိုမို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အတွက် မြန်မာ့မီးရထားရဲ့ ပုံရိပ် ပိုမိုကောင်းမွန်လာပြီး ဝင်ငွေနဲ့ စွမ်းဆောင်ရည်လည်း တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်ကလည်း ချေးငွေကို နိုင်ငံဘဏ္ဍာငွေမှ ပြန်ဆပ်ရမည်ဖြစ်သည့်အတွက် တင်ဒါ ခေါ်ယူမှုကို စနစ်တကျ ဆောင်ရွက်ရန်နှင့် တင်ဒါ ခေါ်ယူရေး စည်းကမ်း သတ် မှတ်ချက်ကို သက်ဆိုင်ရာ အကြံပေးကုမ္ပဏီနှင့် မြန်မာ့မီးရထားတို့ ပူးပေါင်း ရေးဆွဲရမည်ဖြစ်ကာ အကြံပေး ကုမ္ပဏီ များ ၏ သဘောထားကို ဦးစာမပေးဘဲ နိုင်ငံ့အကျိုးအတွက် ဦးတည်ရေးဆွဲသင့်ကြောင်း တိုက်တွန်းသည်။
တရုတ်ချေးငွေရယူကာ မီးရထားတွဲသစ်များ ဝယ်ယူခြင်းကို မူအားဖြင့် လက်ခံသော်လည်း ပြည်သူလူထု ကျေနပ်မှု ရှိရန်အတွက် ဝန်ဆောင်မှုများ တိုးမြှင့်ပေးရန် လိုအပ်သည်ဟု အခြားသော လွှတ်တော် ကိုယ်စားလှယ်များက ပြောဆို ထားသည်။
မြန်မာ့မီးရထား လုပ်ငန်းအနေဖြင့် ယခင်အစိုးရများ လက်ထက်တွင် လူစီးတွဲများကို လိုအပ်ချက်ပြည့်မီအောင် ဖြည့် တင်း နိုင်ခြင်း မရှိသည့်အတွက် ဝန်ဆောင်မှု အပြည့်အ၀ မပေးနိုင်ခဲ့ကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ အရာရှိ ဟောင်း တဦးက ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး တရုတ်နိုင်ငံသည် ရထားနှင့် ပတ်သက်သည့် နည်းပညာရပ်တွင် ကမ္ဘာ့အဆင့်ရှိသည့်အတွက် ယင်းနိုင်ငံမှ ရထားတွဲများ ဝယ်ယူခြင်းဖြင့် နည်းပညာလွှဲပြောင်းရရှိမှု အားသာချက်များ ရှိနိုင်ကြောင်း ပြောဆိုသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အစိုးရ ပူးတွဲဆောင်ရွက်ထားသည့် မြန်မာ့မီးရထား မဟာဗျူဟာ – ၂၀၁၈ (Myanmar Railways Strategy 2018) အရ မြန်မာနိုင်ငံတွင် ၂၀၂၇ ခုနှစ်မတိုင်မီ စက်ခေါင်းသစ် ၆၀၊ လူစီးတွဲသစ် ၅၀၀ နှင့် ကုန်တွဲ ၈၀၀ ဝယ်ယူဖြည့်တင်းရန် သုံးသပ်ထားသည်ဟုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မှ သိရသည်။