သတင်း

ရခိုင်မြောက်ပိုင်းအရေး ဖြေရှင်းရာတွင် အာဆီယံ ဆက်လက်ထောက်ခံမည်

ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့မျှတသော တိုးတက်မှုရရှိရန် မြန်မာနိုင်ငံ၏ အားထုတ်မှုများကို ဆက်လက် ထောက်ခံသွားမည်ဟု အဖွဲ့ဝင် ၁၀ နိုင်ငံပါသော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကကြေညာသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေသော အကြမ်းဖက်မှုများသည် လူမျိုးစုသုတ်သင်မှုဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။

ထိုဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် အမျိုးမျိုးသော ရပ်ရွာအသိုင်းအဝန်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက်လည်း ကူညီမည်ဟု နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ စင်္ကာပူတွင် ကျင်းပသော ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဥက္ကဌ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ် အထူူးသဖြင့် မြောက်ပိုင်းသည် ၂၀၁၂ ခုနှစ်မှစတင်ပြီး အဓိကအားဖြင့် ရိုဟင်ဂျာ မွတ်ဆလင်နှင့် ရခိုင်တို့အကြားပဋိပက္ခ ဒဏ်ကိုခံနေရသည်။ လွန်ခဲ့သောနှစ်ကမူ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) က လုံခြုံရေးစခန်းများကို တိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်များက တုံ့ပြန်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူ ၇ သိန်းကျော်ထွက်ပြေးရသည်။

လုံခြုံရေးတပ်များသည် အဓမ္မပြုကျင့်ခြင်း၊ အငြင်းပွားဖွယ်ရာသတ်ဖြတ်မှုကျူးလွန်ခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မီးရှို့ခြင်းများပြုလုပ်သည်ဟု ထွက်ပြေးသွားသူများကစွပ်စွဲသောကြောင့် ကျူးလွန်သူများကို အရေးယူရန် နိုင်ငံတကာတောင်းဆိုမှု ပေါ်ပေါက်လာသည်။ ထိုပြဿနာကို နှုတ်ဆိတ်နေခြင်းအတွက်လည်း ၎င်းတို့က နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချကာ သူ၏ သြဇာကို အသုံးပြုရန်ပျက်ကွက်သည်ဟု စွပ်စွဲကြသည်။

အာဆီယံ ထိပ်သီးဆွေးနွေပွဲအတွင်း သီးခြားပြုလုပ်သည့် တိုတောင်းသောဆွေးနွေးပွဲတွင်လည်း အမေရိကန် ဒု သမ္မတ မိုက်ပန့်စ်က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြီး ရိုဟင်ဂျာများကို ညှင်းပမ်းနှိပ်စက်ခြင်းသည် လက်ခံနိုင်ဖွယ် အကြောင်းမရှိသော လုပ်ရပ်ဖြစ်သည်ဟုပင်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံကို ကျမတို့က တခြားနိုင်ငံတွေထက် ပိုမိုနားလည်တယ်လို့ပြောနိုင်ပါတယ်။ ရှင်တို့လည်း အလားတူပဲ ရှင်တို့နိုင်ငံအကြောင်း တခြားနိုင်ငံတွေထက် ရှင်တို့ ပိုနားလည်တယ်လို့ပြောနိုင်ပါတယ်” တုံ့ပြန်သည်။

ရခိုင်ပြည်နယ်မှ လူသားချင်းစာနာမှုအခြေအနေ စိုးရိမ်စရာဖြစ်ကြောင်း သို့သော် မြန်မာနိုင်ငံသို့ ဆန္ဒအလျှောက်ပြန်လာလိုသော ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် ကူညီရန် အာဆီယံက အသင့်ရှိကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ကထုတ်ပြန်သည့် ဥက္ကဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုနေ့မှာပင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် အတည်ပြုပြီး ဒုက္ခသည်များ၏ ပထမအသုတ်ကို စတင်ပို့ဆောင်ရန် ရည်ရွယ်ထားသည်။ သို့သော် ဒုက္ခသည်တို့က ကန့်ကွက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံသားဖြစ်ခွင့် တရားဝင် မပေးလျှင် မြန်မာသို့ မပြန်ကြောင်း ပြောသည်။ မည်သည့် ဒုက္ခသည်မျှ နေရပ်ပြန်ရန် ရောက်မလာခဲ့ပေ။

ဒုက္ခသည်ပြန်လည်လက်ခံရေးကို မြန်မာနိုင်ငံက တံခါးဖွင့်ထားဆဲ ဖြစ်ကြောင်း မြန်မာအာဏာပိုင်များက ကြာသပတေးနေ့နှောင်းပိုင်း က ပြောသော်လည်း ကန့်ကွက်ပွဲနှင့်ပတ်သက်ပြီး ဝေဖန်ပြောကြားခြင်း မရှိပေ။

ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် အဆင်ပြေချောမွေ့ စေရန်အတွက် အာဆီယံ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းရေးဌာန (AHA Centre) အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို အကဲဖြတ်ရန် အဖွဲ့တဖွဲ့ စေလွှတ်ရေး မြန်မာနိုင်ငံက ဖိတ်ကြားခဲ့ခြင်းကို အာဆီယံက ကြိုဆိုကြောင်း ထိပ်သီးဆွေးနွေးပွဲ ကြေညာချက်တွင် ဖေါ်ပြထားသည်။

“ ရခိုင်ပြည်နယ်မှ အသိုင်းအဝန်းများအားလုံး ဘေးကင်းလုံခြုံမှုကို အထိရောက်ဆုံး လုပ်ဆောင်ရန် နှင့် နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံ သိက္ခာရှိစွာ ဆန္ဒအလျှောက်ပြန်လာရေး အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို မိမိတို့ကြိုဆိုသည်” ဟုလည်း အဆိုပါကြေညာချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခ၏ ရင်းမြစ်ကိုဖြေရှင်းရန် ကျယ်ပြန့်ပြီး ရေရှည်အတွက် ဖြေရှင်းမှုပြုလုပ်ရန်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာကို အပြည့်အဝ အကောင်အထည်ဖေါ်ခြင်းဖြင့် ထိခိုက်သော အသိုင်းအဝိုင်းများ၏ ဘဝများပြန်လည် တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေရှိသော ပတ်ဝန်းကျင် ဖန်တီးပေးရန် တို့ကိုလည်း ထိုကြေညာချက်တွင် အလေးထားဖေါ်ပြသည်။

“မြန်မာအစိုးရက ထူထောင်ထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စွပ်စွဲထားသော လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် ဆက်စပ်ပြဿနာများကို လွတ်လပ် ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးခြင်းဖြင့် တာဝန်ရှိမှုဖေါ်ထုတ်မည်ဟု မျှော်လင့်ကြောင်းလည်း” ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

Loading