ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများရောက် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသွားသူ မည်သူမျှ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြန်ရောက်မလာသော်လည်း နေရပ်ပြန်ချင်သူများ ပြန်လည်လက်ခံရေးအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း မြန်မာအစိုးရက ပြောဆိုသည်။
တဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအား ပြန်လည် လက်ခံမည့်အစီစဉ်အရ ၎င်းတို့အား ပြန်လည်လက်ခံရန် ပြင်ဆင်ထားသော်လည်း ရောက်မလာခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု မြန်မာ အစိုးရက ပြောထားသော်လည်း လွန်ခဲ့သော ဇန်နဝါရီလကလည်း ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူ ၇ သိန်းကျော်အနက် မည်သူမျှ တရားဝင်လမ်းကြောင်းမှ ပြန်လည်ရောက်ရှိခြင်း မရှိပေ။
အောက်တိုဘာလကုန်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ဆန္ဒအလျှောက်ပြန်လာလိုသူများကို ယခုအပတ်အတွင်း ပြန်လည်လက်ခံရန် သဘောတူခဲ့ကြသည်။ ယမန်နှစ်သြဂုတ်လက အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က လုံခြုံရေးစခန်းများကို တိုက်ခိုက်မှုအပေါ် တုံ့ပြန်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ဒုက္ခသည်များ နေရပ်စွန့်ခွာခဲ့သည်မှာ တနှစ်ကျော်ပြီဖြစ်သည်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများနှင့် ဖွဲ့စည်းထားသည့် ပူးတွဲလုပ်ငန်းအဖွဲ့၏ အောက်တိုဘာလ အစည်းအဝေးတွင် မိသားစု ၄၂၅ စုမှ လူဦးရေ ၂၂၆၁ ဦးကို ပြန်လည်ပို့ဆောင်ရန် သဘောတူခဲ့ကြသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောရှိ ပြန်လည်လက်ခံရေးစခန်းတွင် တနေ့လျှင် လူ ၁၅၀ လက်ခံရန် မြန်မာနိုင်ငံက ပြင်ဆင်ထားသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုဝန်ကြီး ဦးစိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည်က တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းတွင် ဒုက္ခသည်များကို စောင့်ဆိုင်းနေခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့ ညနေက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
နေရပ်စွန့်ခွာသူများ မလွှဲပြောင်းလာသေးသည့် အခြေအနေနှင့်ပတ်သက်ပြီး နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက သဘောတူထားသည့်အတိုင်း နေရပ်စွန့်ခွာသွားသူ တဦးတယောက်မှ ပြန်လည် လွှဲအပ်ခြင်းမရှိသေးသော်လည်း မြန်မာနိုင်ငံက ထိုနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို တံခါးဖွင့်ထားပြီး ဆန္ဒအလျှောက် ပြန်လာသူမည်သူကိုမဆို လက်ခံမည်၊ နေရပ်စွန့်ခွာသူများ ဆန္ဒအလျှောက် ဘေးကင်းလုံခြုံ သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့တွင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးဆိုင်ရာ ယန္တရား တခုရှိပြီးဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ရှိနေမည်ဟု ပူးတွဲလုပ်ငန်းအဖွဲ့၏ ဥက္ကဌတဦးအဖြစ်လည်း ဆောင်ရွက်နေသော ဦးမြင့်သူက ပြောသည်။
တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ASEAN နိုင်ငံများသည်လည်း ရိုဟင်ဂျာများ ပြန်လည်လက်ခံနေရာချထားရေးကို ကူညီနေကြပြီး နေအိမ်အလုံးပေါင်း ၁၀၀၀ ကျော် တည်ဆောက်ထားပြီးဖြစ်သည်ဟု သိရသည်။
ပြန်လည်ပို့ဆောင်မည့် ဒုက္ခသည် ပထမအသုတ်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နက်ဖ်ရှိ အန်ချီပရန် ဒုက္ခသည်စခန်းမှ ရာနှင့်ချီသော ရိုဟင်ဂျာများသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ပင် ကန့်ကွက်ဆန္ဒပြကြသည်။ ၎င်းတို့က တရားမျှတမှု၊ လုံခြုံရေးအာမခံချက်နှင့် နိုင်ငံသားအဆင့်အတန်းရရေးတို့ကို တောင်းဆိုကြသည်။
မည်သူမဆို လုပ်ထုံးလုပ်နည်းဖြစ်သည့် စိစစ်မှုခံယူကာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်သူများကို NVC ကတ်များ ဦးစွာထုတ်ပေးပြီးနောက် နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဟု မြန်မာနိုင်ငံဖက်က ရှင်းလင်းစွာပြောဆိုပြီး ဖြစ်သည်။
“ပြန်လာဖို့က ကာယကံရှင်ဆန္ဒ အတိုင်းပဲ ဖြစ်ပါတယ်။ သက်ဆိုင်တဲ့ အထောက်ထား တင်ပြနိုင်ရင် NVC ကတ်ထုတ်ပီးတဲ့အခါ နိုင်ငံသားကတ် အတွက် အချိန် ၅ လအတွင်း တတ်နိုင်သမျှ ဖြေလျော့ပီး ဆောင်ရွက်ပေးသွားမယ်”ဟု ဦးမြင့်သူက သတင်းထောက်များအား ပြောသည်။
မြန်မာနိုင်ငံသည် ဒုက္ခသည် ပြန်လည်လက်ခံရေးအတွက် အဆင်သင့် မဖြစ်သေးသည့်အတွက် စိုးရိမ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားထားသည်။
“ကျနေ်ာတို့က ဒီ ဇန်နဝါရီလကတည်းက ပြန်လည်လက်ခံရေးအတွက် ပြင်ထားတာ ၁၀ လကျော်လာပီ။ ကျနော်တို့ကို ခုထိ အဆင်သင့်မဖြစ်သေးဘူး ပြောနေတော သူတို့က ဘာစံချိန်စံညွှန်းနဲ့ပြောနေတာလဲ။ ကျနော်တို့ဘက်ကတော့ သူတို့ ပြန်ရောက်လာရင် သူတို့ကျေးရွာတွေဆီ ပြန်နိုင်ဖို့ စီမံဆောင်ရွက်ထားပါတယ်” ဟု ဦးမြင့်သူပြောသည်။
နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားသူများကို အမျိုးအစား သုံးမျိုးခွဲမြင်နိုင်ကြောင်း သူက ရှင်းပြသည်။ ပထမအမျိုးအစားမှာ တတိယနိုင်ငံများတွင် သွားရောက် အခြေချလိုသူများဖြစ်ပြီး ဒုတိယအမျိုးအစားမှာ လုံခြုံရေးတပ်များကို ARSA တိုက်ခိုက်မှုတွင် ဆန္ဒအလျှောက်ဖြစ်စေ၊ ခြိမ်းခြောက်ခံရသောကြောင့် ဖြစ်စေ ပါဝင်ခဲ့သူများဖြစ်သည်။ တတိယအမျိုးအစားမှာ ရခိုင်ပြည်နယ်တွင် ဆွေမျိုးများနှင့် စီးပွားရေးလုပ်ငန်းများ ကျန်နေသောကြောင့် ဆန္ဒအလျှောက် ပြန်လာလိုသူများဖြစ်သည် ဟု ဆိုသည်။
ပထမနှင့် ဒုတိယအုပ်စုတို့သည် ပြန်မလာလိုသည်မှာ သေချာကြောင်း သူရှင်းပြသည်။ UNHCR အနေဖြင့် ဒုက္ခသည် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန် တတိယအုပ်စုကို အာရုံစိုက်ရမည်ဟု သူက ဆက်ရှင်းပြသည်။ ပြန်မလာလိုသူများကိုသာ တွေ့ဆုံမေးမြန်းနေပါက မြန်မာနိုင်ငံသို့ပြန်လာမည့်သူ ရှိမည်မဟုတ်ကြောင်း ဦးမြင့်သူက ထောက်ပြသည်။
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် အာဏာပိုင်များက နေရပ်ပြန်လိုသူများ စိစစ်ပြီးစာရင်းပါသူများသည် ဆန္ဒအလျောက် နေရပ်ပြန်လိုချင်း ဟုတ်မဟုတ် သေချာစေရန် UNHCR ကို ဆောင်ရွက်ခိုင်းထားသည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့် သဘောတူညီချက်များအတိုင်း လိုက်နာလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း နိုဝင်ဘာလ ၁၅ ရက်နေ့ညပိုင်းက သတင်းထောက်များနှင့် စစ်တွေမြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။