ချင်းတိုင်းရင်းသား မျိုးနွယ်စု ၅၃ စုတွင် ပါဝင်ကာ ပဲခူးနှင့် ရခိုင်ရိုးမ၊ ချင်းတောင်တန်းနှင့် မြေပြန့်ဒေသများတွင် နေထိုင်မှု များသော အရှိုချင်းမျိုးနွယ်စုများ ကျင်းသုံးနေသည့် ရိုးရာဓလေ့ ထုံးများအတိုင်း စီရင်ဆုံးဖြတ်ရသော ဓမ္မသတ် စီရင်ထုံးများအား ပြန်လည်ပြင်ဆင်မှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
လက်ရှိတွင် အရှိုချင်း ဓမ္မသတ်စီရင်ထုံးစာအုပ်မှာ မြေထဲစစ်ကဲ မောင်တက်ဖြိုးက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသား ထားသော စာမျက်နှာ ၃၀၀ ပါ ဓမ္မသတ်စီရင်ထုံးသာ ရှိပြီး အသစ်ပြန်လည် ရေးသား မှတ်တမ်း တင်နိုင်ရန် အတွက် ပြုလုပ်ရခြင်း ဖြစ်သည်ဟု အရှိုချင်း အမျိုးသား စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဆလိုင်း ထွန်းလှိုင် က ပြောသည်။
၎င်းက“အရှို ဓမ္မသတ် ပဆန်း (နတ်ဆရာ) ကြီးတွေ ခေါ်ဖိတ်ပြီး အရှိုဓမ္မသတ် ဖော်ထုတ်ဖို့ရယ်၊ ထိန်းသိမ်းဖို့ရယ်၊ စာအုပ် အနေနဲ့ မှတ်တမ်းတင်ဖို့ရယ် ဆွေးနွေးပွဲ လုပ်ခဲ့ကြပါတယ်။ ကျနော်တို့ အရှို ရိုးရာတွေထိန်းသိမ်းဖို့ ဓမ္မသတ်မှာ အကုန်လုံးကို မှတ်တမ်းတင်ထားတယ်။ နိုင်ငံတော်ကနေ မင်းတို့မှာ ဘာဓမ္မသတ်တွေရှိတုန်းလို့ ခဏခဏ မေးတယ်။ အောက်မြန်မာပြည် သိမ်းခံထားရတဲ့ အင်္ဂလိပ်လက်ထက်က မြေထဲစစ်ကဲ မောင်တက်ဖြိုး ရေးတဲ့ အဲဒီစာအုပ်၊ ဓမ္မသတ် ပဲ ကျနော်တို့ ပြနိုင်တယ်။ အဲဒီဓမ္မသတ်ကို နောက်ဆက်တွဲ ထုတ်နိုင်အောင် ဒါကို လုပ်တာပါ။ အားလုံး နားလည်အောင် မြန်မာလိုပဲ ထုတ်မှာ”ဟု ပြောဆိုသည်။
ယခု ပြုစုပုံနှိပ်မည့် ဓမ္မသတ်စာတမ်းတွင် စာမျက်နှာ ၁၅၀ ခန့် ပါဝင်မည်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရထံ တင်ပြကာ ချင်းမျိုးနွယ်စုများ၏ ဘုံဓမ္မသတ်စာအုပ်တွင် ပါဝင်နိုင်ရန် ပြုလုပ်သွားမည်ဟုလည်း သိရသည်။
အရှိုချင်း ဓမ္မသတ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန်အတွက် နိုဝင်ဘာလ ၁၅ ရက်က အရှိုချင်း အများစု နေထိုင်သည့် ဒေသ အသီး သီးမှ နတ်ဆရာများကို ပြည်မြို့သို့ ဖိတ်ကြားကာ ဓမ္မသတ်များကို အာဂုဏ်ဆောင် မှတ်တမ်းတင်စေကာ ပြစ်မှုကျူးလွန်သူအား လျော်ကြေးအဖြစ် ဒဏ်ကြေးသတ်မှတ်ချက်များကိုမူ ခေတ်နှင့် လျော်ညီအောင် ပြန်လည် ပြင်ဆင်ထားသည်ဟု သိရသည်။
ဆလိုင်းထွန်းလှိုင်က “ဟိုအရင်ကတော့ လျော်ကြေးဆို ၃ ကျပ်တို့ ၅ ကျပ်တို့ပေါ့။ အဲဒါတွေလောက်ပဲ ပြင်ဆင် ဖြစ် တယ်။ ဓမ္မသတ်အရ အမွေခွဲတဲ့အခါမှာ အုပ်စု တစုနဲ့ တစု မတူဘူး။ ချင်းပြည်နယ်မှာရှိတဲ့ အုပ်စုတွေဆိုရင် မိဘတွေ အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ သားအကြီးဆုံးက တာဝန်ယူရတယ်။ ကျနော်တု့ိ အရှိုကျတော့ အငယ်ဆုံးက တာဝန်ယူရ တယ်။ အဖေ၊ အမေ ဆောက်ထားခဲ့တဲ့အိမ်က သူ ပိုင်တယ်။ ပစ္စည်းဆို သူကို့ နည်းနည်းပိုပေးရတယ်။ မိန်းကလေး ကတော့ အမျိုးသားကနေ ကျွေးတာဆိုတော့ အမွေ မရဘူးပေါ့”ဟု ပြောသည်။
ရိုးရာဓမ္မသတ် စီရင်ထုံးတွင် ဒေသအလိုက် နတ်ဆရာများက တရားသူကြီးများကဲ့သို့ ပြစ်မှုကျူးလွန်သူနှင့် ကျူးလွန်ခံရ သူကြား လျော်ကြေး (ဒဏ်ကြေး) ပေး ကျေအေးစေခြင်း၊ အမွေဆက်ခံခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲ ခြင်းများတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
ထို့ပြင် ရိုးရာအစဉ်အလာ သာရေး နာရေးကိစ္စများအပြင် ပွဲလမ်းသဘင်များ ပြုလုပ်သည့်အခါ ကျွဲ၊ နွားနှင့် ဝက် သတ်ခြင်းတို့အတွက် ၎င်း၏ နှုတ်ဖြင့် အမိန့်ပေးမှသာလျှင် ပြုလုပ်ခွင့်ရှိကြောင်း အရှိုချင်း ဓမ္မသတ်ထုံးတွင် ပါရှိသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ လာရောက်သည့် နတ်ဆရာ ဆလိုင်းမောင်ဆာက“အကုန်ရွတ်ပြတယ်။ ဒီဘက်ခေတ်မှာ ပဆန်းဆရာကလည်း နည်းလာပြီ။ ပြန်ပြင်စရာတော့ မရှိပါဘူး။ ဒီအတိုင်း စီရင်တာကို ဒေသခံတွေလည်း လက်ခံနေ တုန်း ပဲ။ နွားတွေ၊ ဝက်တွေ သတ်တော့မယ်ဆိုရင်တောင် ကျနော်တို့ သတ်ဆိုမှ သတ်ရတာ။ ကျနော်ကြောင့် သေတဲ့ အကောင် ၃၀ ကျော်လောက် ရှိနေပြီ။ ကျနော်လည်း မလုပ်ချင်တော့ဘူး”ဟု ဆိုသည်။
အရှိုချင်း မျိုးနွယ်စုများမှာ မကွေး၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်များအတွင်းရှိ မြို့နယ်ပေါင်း ၃၉ မြို့နယ်မှ ကျေးရွာပေါင်း ၄၇၉ ခုတွင် ပျံ့နှံ့ နေထိုင်လျက်ရှိသည်ဟုလည်း အရှိုချင်း အမျိုးသားစာပေနှင့် ယဉ်ကျေး မှု ဖွဲ့ထံမှ သိရသည်။