ONE Championship ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အား တောရိုင်းတိရစ္ဆာန် ဆိုင်ရာ ရာဇဝတ်မှုများ တိုက်ဖျက်ရေး သံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေ အဖွဲ့(WWF Myanmar)က နိုဝင်ဘာ ပထမအပတ်က ကြေညာသည်။
တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခံရမှုနှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှု မြင့်မားသည့် မြန်မာနိုင်ငံတွင် အောင်လအန်ဆန် အနေဖြင့် WWF-Myanmar နှင့်လက်တွဲကာ အသိပညာပေး လုပ်ငန်းများတွင် ပါဝင်လာတော့မည် ဖြစ်ပြီး သံတမန်အဖြစ် ဆောင်ရွက်ရမည့်အပေါ် တိုက်ပွဲတခု ကဲ့သို့ ခံစားရကြောင်း အောင်လအန်ဆန်က WWF –Myanmar ဝက်ဘ်ဆိုဒ်တွင် ဆိုသည်။
၎င်းက “ဒါဟာ ကျနော့်ရဲ့ ရင်ထဲ နှလုံးသားထဲကလာတဲ့ တိုက်ခိုက်ရေး ပွဲတခုလိုပဲ ခံစားရပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံထဲမှာ တောရိုင်းတိရစ္ဆာန်နဲ့ဆိုင်တဲ့ ရာဇဝတ်မှုတွေကို တာဆီးကာကွယ်ဖို့ ကြိုး ပမ်းလုပ်ဆောင်နေတဲ့ တိုက်ပွဲ တခုပါပဲ။ ဆင်တွေ၊ ကျားတွေ၊ သင်းခွေချပ်တွေ၊ ဝက်ဝံတွေ၊ လိပ်တွေနဲ့ မြန်မာ့စပါးအုံးတွေ သူတို့တွေဟာ သဘာဝ ပတ်ဝန်းကျင်တွေ၊ တောတွေ၊ တောင်တွေ၊ ပင်လယ်တွေ မှာပဲ ရှိသင့်ပါတယ်၊ ဈေးကွက်တွေထဲမှာ မရှိသင့်ပါဘူး။ ဒီတော့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်း ရောင်းဝယ်မှုကို လုံးဝပိတ်ပင် တားမြစ်ပေးလိုက်တဲ့ ရန်ကုန်ကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါဟာ တောရိုင်းတိရစ္ဆာန်လေးတွေအတွက် တကယ့်ကို သတင်းကောင်းတခုပါပဲ” ဟု ဆိုသည်။
ONE Championship ၏ လိုက်ဖ် ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်းတို့တွင် ကမ္ဘာ့ချန်ပီယံခါးပတ်ကို သိမ်းပိုက်ထားနိုင်သူ အောင်လအန်ဆန်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က စင်္ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ONE Championship တနှစ်တာဆုပေးပွဲတွင်လည်း တနှစ်တာအကောင်းဆုံး အမျိုးသားဖိုက်တာဆုနှင့် အကောင်းပွဲဆုတို့လည်း ရရှိထားသူ ဖြစ်သည်။
WWF-Myanmar မှ ကိုရဲမင်းသွင်က “အစိုးရကြီးပဲ၊ ကျနော်တို့လို့ အဖွဲ့ကြီးပဲ လုပ်လို့မရဘူး။ လူထု ကပါ အသိရှိရှိနဲ့ ပါဝင်လာဖို့ လိုတယ်။ အဲဒီအတွက် လူသိများ ထင်ရှားတဲ့သူတွေရဲ့ အကူအညီ ကို ယူရတယ်။ တခြား ကဏ္ဍတွေ မှာလည်း သံတမန်တွေရှိကြသလို အခု ကိုအောင်လအန်ဆန်ကိုလည်း အင်အားထပ်ဖြည့်ရတာပါ။ သူကလည်း ဒီကိုလုပ်ဖို့ စိတ်ဝင်တစားနဲ့ လိုလိုလားလား လက်ခံတဲ့ အတွက် ခန့်ဖြစ်တာပါ” ဟု ပြောသည်။
တောရိုင်းတိရစ္ဆာန် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဒေသတွင်းမှာ အကြီးဆုံး ရောင်းဝယ်မှုဈေးကွက် နှင့် ကပ်နေ သည့်အပြင် ကမ္ဘာပေါ်တွင် အဓိက ဝယ်လိုအား အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့်လည်း နီးကပ်နေသည့် အတွက် မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုကြီးမားပြီး လက်ရှိဆောင်ရွက်နေသည့် ကာကွယ်တားဆီးရေးလုပ်ငန်းများမှာ ပထမအဆင့်ခြေလှမ်းသာ ရှိနေသေးကြောင်းလည်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်း အမြောက်အများအား ပထမဆုံအကြိမ် မီးရှို့ဖျက်ဆီးခြင်းကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဆင်၊ ကျား၊ သင်းခွေချပ်နှင့် ဦးချိုမျိုးစုံ၊ သားရေမျိုးစုံ စုစုပေါင်း ၈၄၉ ဒသမ ၂၅၉ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း) အား ဖျက်ဆီးခဲ့သည်။
မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေး နယ်မြေ ၄၂ ခု ရှိကာ ထပ်မံတိုးချဲ့ဖွဲ့စည်းရန် အမိန့်ထုတ်ပြန် ကြေညာထား သည့် နယ်မြေ ၁၉ ခု ရှိနေသည့်အပြင် ဂေဟစနစ်၊ သဘာဝရေမြေတောတောင်နှင့် ဇီဝ မျိုးကွဲများ တည်ရှိသည့် နေရာ ၄ ခုကိုလည်း ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ထပ်မံဖွဲ့စည်း သင့် သည့် နယ်မြေများအဖြစ် လျာထားစီစဉ်လျက် ရှိသည်။
တောရိုင်းတိရစ္ဆာန်များ တရားမဝင် သတ်ဖြတ်ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈ ဘဏ္ဍာနှစ် ၆ လတာ ကာလအတွင်း အမှုပေါင်း ၁၄၀ မှု (တရားခံ ၂၈၄ ဦး) အား အရေးယူနိုင် ခဲ့ပြီး တောဆင်ရိုင်း သတ်ဖြတ်ခံရမှု အနေဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၀၈ ကောင်ရှိခဲ့ ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနထံမှ သိရသည်။
သစ်တောဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က “ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အနေ အထားနဲ့ဆိုရင် တပတ်ကို ဆင် ၁ကောင်ကျ အသတ်ခံနေရတဲ့ အခြေအနေဖြစ်ပါတယ်ဆိုတာကို သိရှိနားလည်စေချင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိကျက်စားနေတဲ့ တောဆင်ရိုင်းကောင်ရေဟာ ခန့်မှန်းအားဖြင့် ၂၀၀၀ ခန့်ပဲ ကျန်ရှိပါတော့တယ်။ ဒီလိုသာ တစ်နှစ်လျှင် ဆင်ကောင်ရေ ၁၀၀ မှ ၂၀၀ ကြား အသတ်ခံနေရပါက လာမယ့် ၁၀ နှစ်အတွင်းမှာပဲ မြန်မာ့ဆင်မျိုးစိတ်တွေ တောတွင်းမှာ ကျန်ရှိ တော့မှာ မဟုတ်ဘူး” ဟု တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ပြောဆိုထားသည်။
၎င်းက ဆက်လက်ပြီး တောဆင်ရိုင်းများအား ဖမ်းဆီးသတ်ဖြတ်မှုအပြင် ဆင်အကောင်လိုက် တရား မဝင်တင်ပို့မှု သတင်းများပါ ဖော်ထုတ်ရရှိထားသည့် အတွက်လည်း သစ်တောဦးစီးဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဆင်ခိုးဂိုဏ်းများ အဓိကလှုပ်ရှားလေ့ရှိသည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ် မေလတွင် ပြဌာန်းခဲ့သည့် “ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာ ကွယ်စောင့် ရှောက်ခြင်း ဆိုင်ရာ ဥပဒေ” တွင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် (သို့) နိုင်ငံ တကာ ကုန်သွယ်မှုတွင် ကာကွယ်ထိန်းချုပ်ထားသည့် တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း (သို့) အနာတရ ဖြစ်စေခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း (သို့) တနည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ယင်းတိရစ္ဆာန်ကို ဖြစ်စေ၊ အစိတ်အပိုင်းကို ဖြစ်စေ၊ သွေးရည်ကို ဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွား ထုတ်လုပ်ထားသည့် ပစ္စည်းကို ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားရှိခြင်း (သို့) သယ်ဆောင် ခြင်းကို ကျူးလွန်လျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။