ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သံတဲကျေးရွာသို့ စက်လှေဖြင့် ဝင်လာသည့် ခိုးဝင် ဘင်္ဂါလီ ဒုက္ခသည် ၁၀၇ ဦးအနက် သက်လတ်ပိုင်း အမျိုးသမီးတဦးသည် လာရာလမ်းတွင် သေဆုံးခဲ့ကြောင်း ကျောက်တန်း မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ဧရာဝတီသို့ ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “ သူတို့လာခဲ့တဲ့လမ်းမှာ အမျိုးသမီးတဦးဆုံးသွားတယ်။ အသက်က သက်လတ်ပိုင်းပဲ ကျန်းမာရေး အရ ဆုံးသွားတယ်။ ပင်လယ်ထဲမှာ လွှင့်ပစ်ခဲ့ရတယ်ဆိုတာ သူတို့ဘာသာ သူတို့ပြောတာ။ ရင်ခွင်ပိုက်အရွယ်ကနေ အသက်အကြီးဆုံး ၅၀ နှစ် အရွယ်ထိ ပါတယ်။အရွယ်ကောင်းလေးတွေဖြစ်တဲ့ အလုပ်လုပ်နိုင်တဲ့ ယောကျာၤးလေး၊ မိန်းကလေးတွေလည်း ပါတယ်။
အဲဒီအထဲမှာမြန်မာစကားပြောတတ်သူက ၅ ယောက်လောက်ပါတယ်။ ကျမတို့က ဘင်္ဂါလီခိုးဝင်လို့ သတ်မှတ်တာ။ သူတို့က ခိုးဝင်မဟုတ်ဘူး။ သူတို့ပြောတဲ့ပုံစံအတိုင်းဆို ခိုးထွက်လို့ပြောတယ်။ ခိုးဝင်လား။ ခိုးထွက်လားဆိုတာ သူတို့ကို ဌာနဆိုင်ရာ စစ်ပါလိမ့်မယ်။” ဟု ရှင်းပြသည်။
၎င်းဘင်္ဂါလီများသည် စစ်တွေဒုက္ခသည်စခန်းမှတဆင့် မလေးရှားနိုင်ငံသို့ အလုပ်သွားရန် သွားခြင်းဖြစ် ကြောင်း ပြောဆိုကြပြီး လမ်းခရီးတွင် ပင်လယ်ပြင်အတွင်း ဆီပြတ်ရာမှ မုတ္တမကွေ့နှင့် အနီးဆုံးနေရာသို့ ကမ်းကပ်ခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များက ဘင်္ဂါလီ အမျိုးသား ၅၀ ဦး၊ အမျိုး သမီး ၃၁ ဦးနှင့် ကလေး ၂၅ ဦး၊ စုစုပေါင်း ၁၀၆ ဦး ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၄ နာရီခန့်က ဖမ်းဆီးရမိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ( ၁) ကိုယ်စားလှယ် ဦးဇော်မိုးလွင် က “ပြီးခဲ့တဲ့ ရက် ၂၀ ကျော်လောက်ကတည်းက သူတို့ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းကနေ ထွက်လာတာလို့ ပြောတယ်။ သူတို့ကို လိုက်ပို့ မယ့်သူကတော့ မလေးရှားကို ပို့ပေးမယ်ဆိုပြီး အဲဒီလို စက်လှေနဲ့ မလေးရှားကို သွားဖို့အစီအစဉ်နဲ့ ထွက်လာတာ။ ပင်လယ်ထဲမှာ ဆီပြတ်ပြီးတော့ မုတ္တမပင်လယ်ကွေ့ရဲ့ အနီးဆုံးကမ်းကို ဝင်ကပ်လိုက်တာပေါ့။ လက်ရှိအဲဒီလိုတော့ ပြောပါတယ်” ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ဖမ်းမိသည့်နေရာသို့ တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ နယ်မြေ လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ခဲ့ ကြကြောင်း၊ လက်ရှိတွင် ၎င်းဘင်္ဂါလီများကို ထိန်းသိမ်းထားသည့် ကျောက်တန်းမြို့နယ်၊ သံတဲကျေးရွာရှိ ဆိုက်ကလုန်း Shelter မှတဆင့် အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။