အငြိမ်းစား စစ်ဗိုလ်ချုပ်အချို့ ဦးဆောင်ကာ အမျိုးသားနိုင်ငံရေးအမည်ဖြင့် ပါတီမှတ်ပုံတင် လျှောက် ထားမှုကို ပြည်ထဲရေး ဝန်ကြီးဌာနက ဥပဒေနှင့်အညီ စိစစ်မှုများ လုပ်ဆောင်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံမှ သိရသည်။
ယင်းပါတီကို သမ္မတရုံး ဝန်ကြီးဟောင်း ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင်နှင့် စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ် (ငြိမ်း) ဦးလွန်းမောင်နှင့် ဗိုလ်မှူးချုပ်(ငြိမ်း)ဦးကျော်သူတို့က ပါတီဦးဆောင်သူများအနေဖြင့် မှတ်ပုံတင် လျှောက်ထားထားခြင်း ဖြစ်သည်။
UEC ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က “ပြည်ထဲရေးဌာနကို ပေးထားတယ်။ ဒါပါတီတိုင်း ပါတီတိုင်း အဲဒီ လို ပေးလိုက် တာပဲ။ သူတို့ဆီက ပြန်လာမှ၊ သူတို့က စိစစ်ပြီးတော့ ပြန်လာရင် ရွေးကောက်ပွဲ ကော်မ ရှင်ကတော့ တောက်လျှောက် လုပ်သွားတာပဲ။ သူတို့ကလည်း ကြာတတ်တာပဲ။ သူတို့ရဲ့လုပ်ငန်း တာဝန်ပေါ့” ဟု အောက်တိုဘာလ ၁၅ ရက်တွင် ပြောသည်။
ပါတီ တခု လျှောက်ထားလာပါက ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနတို့က ဦးစွာ စိစစ်ရပြီး ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ အကြမ်းဖက် အဖွဲ့ ဟုတ် မဟုတ်၊ မတရားအသင်းများနှင့် ဆက်သွယ်မှု ရှိ မရှိတို့ကို စိစစ်ရသည်ဟုလည်း ၎င်းက ရှင်းပြသည်။
အမျိုးသားနိုင်ငံရေးပါတီ တည်ထောင်သူ တဦးဖြစ်သည့် အငြိမ်းစား ဗိုလ်ချုပ် ဦးစိုးမောင်ထံ ဧရာဝတီ က ဆက်သွယ် မေးမြန်းရာ မီဒီယာများအား ဖြေကြားရန် မအားသေးကြောင်းသာ တုံ့ပြန်ခဲ့ကာ ပါတီ စတင်လျှောက်ထားသည့် ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းကလည်း နောက်ပိုင်းမှသာ ဖြေကြားပေး မည်ဟု ပြောဆိုခဲ့ဖူးသည်။
“စိစစ်ဆဲပေါ့၊ ပုံမှန်အားဖြင့် ၃ လလောက် ကြာတယ်။ အချို့ဆို ၅၊ ၆ လလောက် ကြာတယ်။ ထူးခြား တဲ့ဟာဆိုရင် အချို့ဆို ရှိပါတယ်။ ပါတီတိုင်း ပါတီတိုင်းကတော့ ဒါပဲ စိစစ်တာပဲ။ လျှောက်ထားတဲ့သူ တွေအပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာက စိစစ်မှုကြာတဲ့ဟာရှိတယ်” ဟု UEC အဖွဲ့ဝင်လည်း ဖြစ်သူ ဦးမြင့်နိုင်က ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က ထုတ်ဝေသည့် ပြည်တွင်းထုတ် မြန်မာသံတော်ဆင့် ဂျာနယ်တွင် စစ်ဥပဒေချုပ်၊ ကြံ့ခိုင်ရေး အသင်းဝင်၊ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ် (ငြိမ်း) ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေးပါတီသည် ပါတီခွင့်ပြုမိန့် မကျမီ တိုင်းပြည်ကို စောင့်ရှောက် ကာကွယ်ခြင်းဟု အဓိပ္ပာယ်ရသည့် “ရဌပါလ” ဆိုသည့် အသင်းတခု ဖွဲ့စည်း၍ စည်းရုံးလှုပ်ရှားမှုများ ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။
နိုဝင်ဘာလ ၂ ရက်က ယင်းအသင်းက ဦးဆောင်ကာ ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် တွေ့ဆုံပွဲတခု ပြုလုပ်ကာ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင် သဘောတူညီချက် ထားရှိကြောင်း၊ ၂၀၂၀ သမ္မတလောင်းကိုပင် ကြိုတင်လျာထားသေးကြောင်း ဖော်ပြထားသည်။
“ဗိုလ်ချုပ် စိုးမောင်(ငြိမ်း) နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမာခံ ပါတီဝင်တချို့က ၂၀၂၀ တွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို အငြိမ်းစားပေး၍ သမ္မတ တင်မြှောက်မည်ဟု ထင်မြင်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဦးသန်းမြတ်စိုး (ကြံ့ခိုင်ရေး ဗဟိုသင်တန်း အမှတ်စဉ် ၁ ဆင်း၊ လက်ပံတန်း အတွင်းရေးမှူးဟောင်း) က မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟု မြန်မာသံတော်ဆင့်က ရေးသားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က မြန်မာသံတော်ဆင့်ဂျာနယ်က ဖော်ပြချက်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
၎င်းက “ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် ညှိနှိုင်းထားတယ်ဆိုတာ မဟုတ်ဘူးနော်။ ကျနော်ဆီက ထွက်တဲ့စကား။ ဒါတွေက လူထုကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် လုပ်တာဗျ။ ၂၀၂ ဝညှိနိုင်းလုပ်မယ်ဆိုတာ ကျနော်တို့အတွက် Impact (သက်ရောက်မှု) ကြီးတယ်။ မဟုတ်ဘူး။ ကျနော်တို့ဘာမှလုပ်လို့မရသေးလို့။ မဟုတ်ဘူးဆိုတာတော့ ပြောတယ်နော်” ဟု နိုဝင်ဘာလ ၁၁ ရက်က ပြောသည်။
လက်ရှိ အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်းနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးတခုကို ထူထောင်ထားပြီး ယခုနောက်ပိုင်း အစိုးရ ဝန်ကြီး၊ ဒုဝန်ကြီးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့ဝင် တာဝန်များ ပေးအပ်ရာတွင် ဦးရွှေမန်းနှင့် နီးစပ်သူများ နေရာရလျက် ရှိသည်။
ယခုရက်ပိုင်းအတွင်းကလည်း ၂၀၂၀ ရွေးကောက်ပွဲအမီ သူရဦးရွှေမန်းကိုယ်တိုင် ပါတီတခု ထူထောင် မည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေသော်လည်း ယခု ဗိုလ်ချုပ်ဟောင်းများ ထူထောင်သည့် အမျိုးသားနိုင်ငံရေးပါတီနှင့်မူ ပတ်သက်ခြင်းမရှိကြောင်း ၎င်းနှင့် နီးစပ်သူများက ဧရာဝတီကို ပြောဆိုထားသည်။
ဆက်စပ်သတင်း
ဗိုလ်ချုပ်ဟောင်းတချို့ အမျိုးသား နိုင်ငံရေးပါတီ အမည်ဖြင့် ပါတီထူထောင်ရန် စီစဉ်နေ