အောင်ရဲထွေးအမှု၌ တိုင်းဥပဒေချုပ် အပါအဝင် ၆ ဦးကို အဂတိလိုက်စားသည်ဟု ဆိုကာ တရားစွဲဆို ထားသောအမှုတွင် တရားလို ထွက်ချက်များသည် ဥပဒေနှင့် မညီဟု ဆိုကာ စွပ်စွဲခံရသူများ၏ ကန့် ကွက်မှုကို တရားရုံးက လက်မခံကြောင်း ယနေ့ ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချမှတ် လိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးမိုးနိုင်၏ ထွက်ဆိုချက်အပေါ် စွပ်စွဲခံရသူ၏ အကျိုးဆောင်ရှေ့နေများက ကန့်ကွက် ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၉ ရက် ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက်များ ကြားနာပြီးနောက် ယနေ့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။
စွပ်စွဲခံရသူ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး၏ အကျိုးဆောင်ရှေ့နေ ဦးမင်းစိန်က“ဒီနေ့ အမိန့်ချ တယ်။ ကျနော်တို့ ကန့်ကွက်တဲ့ဟာကို ရုံးက လက်မခံဘူး။ ဒီစစ်ဆေးချက်တွေကို ပြောခွင့်ရှိတယ် ဆိုပြီး အမိန့်ချတယ်” ဟု တရားခွင် အပြီးတွင် မီဒီယာများကို ပြောသည်။
၎င်းက ဆက်လက်ပြီး လာမည့် နိုဝင်ဘာ ၂၃ ရက် ရုံးချိန်းတွင် တရားလိုအား ဆက်လက်စစ်ဆေး မည် ဖြစ်ကြောင်း ဆိုသည်။
ကန့်ကွက်မှုနှင့် ပတ်သက်၍ နိုင်ငံတော်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးသည့် ဥပဒေအရာရှိကလည်း တရားလိုသည် အမှုစစ်တဦးဖြစ်ကာ အဆိုပါ အမှုကို ဆောင်ရွက်ရသဖြင့် အမှုတွဲပါ ကိစ္စရပ်များကို ကိုယ်တိုင်သိရှိ ထွက်ဆိုခြင်းဖြစ်ရာ ရုံးတော်အနေဖြင့် မှတ်တမ်းတင်သင့်ကြောင်း တင်ပြခဲ့သည်
ယနေ့ရုံးချိန်းတွင် တရားသူကြီးက နှစ်ဖက်ရှေ့နေများ တင်ပြသည့် အချက် တချက်ချင်းစီတိုင်းအား ဥပဒေအကိုးအကား များဖြင့် ပြန်လည်သုံးသပ်ပြပြီးမှ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အောင်ရဲထွေးသေဆုံးမှုတွင် တရားရေးအရ ပြည့်စုံစွာ သုံးသပ် စိစစ်ခြင်းမရှိဘဲ လာဘ်ငွေနှင့် တံစိုး လက်ဆောင်များ ရယူ ကာ အမှုကို ရုပ်သိမ်းခွင့်ပြုပြီး သံသယတရားခံများအား လွှတ်ပေးသည် ဟု ဆိုကာ တိုင်းဥပဒေချုပ်ဟောင်း အပါအဝင် ၆ ဦး ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အောက်တိုဘာလ ၉ ရက်က သုဝဏ္ဏနယ်မြေရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
တရားစွဲဆိုခံရသူများမှာ တိုင်းဥပဒေချုပ် (ဟောင်း) ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေအရာရှိဒေါ်သစ်သစ်ခင်၊ ဒု-ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံနယ် မြေ စခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကိုတို့ ဖြစ်သည်။
ဆက်စပ်သတင်း
အောင်ရဲထွေး အမှု ကိုယ်တိုင်မြင်တွေ့ ကြားသိခြင်း မရှိဟု တရားလိုပြ သက်သေ ထွက်ဆို
အောင်ရဲထွေး ရည်းစား၏တရားရုံးနှင့် ရဲထံ ထွက်ဆိုချက်များ ကွဲလွဲမှုရှိ
အောင်ရဲထွေး အမှု ရုပ်သိမ်းရေး မိသားစုဝင်များကို ကျပ်သိန်း ၁၅၀၀ ပေးခဲ့ဟု အဂတိ ကော်မရှင် ပြော