ရှမ်းပြည်နယ် တောင်ကြီး မြို့မဈေးအနီး လမ်းဆုံတွင် မသင်္ကာဖွယ်ရာ လက်ဆွဲသေတ္တာ တလုံးအတွင်းမှ လက်လုပ်ဗုံး ဟု ယူဆရသော ဗုံးတလုံးတွေ့ရှိခဲ့ရာ တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့က ဖောက်ခွဲ ရှင်းလင်းခဲ့ရသည်ဟု သိရ သည်။
တောင်ကြီးမြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်း မြို့မဈေး မီးပွိုင့်အနီးရှိ ရွှေလွှာထက် အထည်ဆိုင်ရှေ့တွင် နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက မသင်္ကာဖွယ်ရာ လက်ဆွဲ သေတ္တာ အမည်းတလုံး တွေ့ရှိသည့်အတွက် သက်ဆိုင်ရာသို့ တိုင်ကြား ခဲ့ရာ စစ်ဆေးမှုများအရ လက်လုပ်ဗုံး ဖြစ်သည့်အတွက် ကားတာယာများ အသုံးပြုကာ ဖောက်ခွဲ ရှင်းလင်း ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက“မြို့လယ်ခေါင် ဈေးနားမှာပေါ့။ အဲဒီမှာ Junction (ဈေးဝယ်စင်တာ) တခုရှိတယ်။ အဲဒီမှာ တွေ့တာ။ တွေ့လိုက်တဲ့ ပုံစံက လက်ဆွဲအိတ်ထဲမှာ ထည့်ထားပြီးတော့ လမ်း ဆုံ မှာ လာချထားတဲ့ ပုံစံပေါ့နော်။ အဲဒီမှာ ကျနော်တို့ကလည်း ချက်ချင်း မလုပ်နိုင်တဲ့ အခါကျတော့ ကားတာယာနဲ့ အကာအရံ လုပ်ပြီးမှ တလုံး ခွဲလိုက်တာပေါ့နော်။ ဘယ်လိုပြောမလဲ လူက လုပ်ထားတာပေါ့။ လက်လုပ်ဗုံးလို့ ယူဆရ တာ ပေါ့”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ လက်လုပ်ဗုံးအား ရှင်းလင်းနေစဉ် နောက်ထပ် မသင်္ကာဖွယ်ရာ အိတ်တလုံး ထပ်မံတွေ့ရှိသဖြင့် စစ်ဆေး နေပြီး ဗုံးထောင်ထားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေး နေကြောင်းလည်း သိရသည်။
“အခုလည်း ရှင်းလင်းရေးလုပ်ပြီး ပြန်လိုက်ရှာနေတယ်။ ပြန်လိုက်ရှာတော့ တလုံး ထပ်တွေ့ထားတာပေါ့။ မသင်္ကာစရာ အထုပ် တထုပ် ထပ်တွေ့ထားတာ။ အခု စစ်ဆေးနေပါတယ်။ စုံစမ်း စစ်ဆေးမှုကတော့ အခုလောလောဆယ် သက်ဆိုင် ရာ က လုပ်နေတယ်။ သူတို့ တက်လာတဲ့ အစီအရင်ခံစာပေါ်မှာ ဘယ်လိုလုပ်မလဲပေါ့။ အခု ရဲလည်း ရှိတယ်၊ တပ်လည်း ရှိတယ်”ဟု ဝန်ကြီးက ဆိုသည်။
လက်လုပ်ဗုံး တွေ့ရှိမှု ဖြစ်စဉ်မှာ လာရောက် လည်ပတ်သူများသည့် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် ဒေသခံများကြား စိုးရိမ်မှုများလည်း ရှိသည်။
အမည်မဖော်လိုသူ တောင်ကြီးဒေသခံတဦးက“အခုက တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ မီးပုံးပျံပွဲတော်လည်း လုပ်နေတယ်။ တနေ့ကမှ တပ်မတော် ထောက်ခံတဲ့ ခွဲမထွက်ရေးကိစ္စအပေါ် ဆန္ဒပြမှု လုပ်သွားတယ်။ ဒီနေ့ ဗုံးလိုမျိုးကိစ္စဖြစ်တော့ အရမ်းစိုးရိမ်တယ်။ လုံခြုံရေးကို သေသေချာချာ ကြပ်မတ်ပေးစေချင်ပါတယ်”ဟု ပြောဆိုသည်။