ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ စစ်ရေးပဋိပက္ခများကြောင့် ရှမ်းပြည်တောင်ပိုင်း လင်းခေး ခရိုင်တွင်းရှိ မိုင်းပန်မြို့နယ် ပန်ပီ့ကျေးရွာ စာသင်ကျောင်း ပိတ်ထားရပြီး လူမှုရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံ များ က ပြောဆိုကြသည်။
ယင်းကျေးရွာအနီးရှိ စေတီကုန်း ဘက်တွင် အောက်တိုဘာလ ၁၆ ရက်က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် နယ်မြေ မတည် မငြိမ် ဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ ပန်ပီ့ကျေးရွာ ဒေသခံတဦးက“တိုက်ပွဲဖြစ်တော့ ရွာက လူတွေလည်း မနေရဲတော့ ဘူး။ တခြားရွာတွေကို ရှောင်နေကြရတယ်။ အဲဒီတော့ ကျောင်းက ပိတ်ထားရတယ်။ ဆရာ/ဆရာမတွေကလည်း ကျောင်း ပြန်ဖွင့်အောင်လို့ ရွာလူကြီးကို ပြောတယ်။ ကျောင်းမဖွင့်ရင်လည်း ပြန်တော့မယ်လို့ ပြောနေတယ်။ ပြီးတော့ စားဝတ် နေရေးလည်း အရမ်းခက်ခဲနေတယ်။ သွားလာရေးကလည်း ခက်ခဲသလို ဆက်သွယ်ရေးကလည်း မရဘူးလေ”ဟု ပြောသည်။
နိုဝင်ဘာလ ၇ ရက် ညပိုင်းကလည်း ပန်ပီ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်ခံခဲ့ရာ ကိုရင် ၂ ပါး ပျံလွန်ကာ ၂ ပါး ဒဏ်ရာရရှိခဲ့ပြီး ယင်းမီးလောင်မှုမှာ လက်နက်ကိုင်အဖွဲ့များ လက်ချက်ဖြစ်ကြောင်း၊ အနီးရှိ နောင်ချိုကျေးရွာ ဘက် သို့ ဒေသခံများ သွားရောက် တိမ်းရှောင် နေကြရကြောင်း သိရသည်။
မီးလောင်သွားသည့် ဘုန်းတော်ကြီးကျောင်း ထူထောင်ရေးအပါအဝင် စားဝတ်နေရေး ခက်ခဲမှုများ ကြုံတွေ့နေရသည့် ပန်ပီ့ကျေးရွာသို့ နိုဝင်ဘာလ ၁၆ ရက် က ဟိုပုံးနှင့် ပင်လုံမြို့နယ်မှ သံဃာတော်များက သင်္ကန်း၊ စားနပ်ရိက္ခာ၊ စောင် နှင့် ခြင်ထောင်များ သွားရောက် လှူဒါန်းထားသည်။
သွားရောက်လှူဒါန်းရာတွင် ပါဝင်သူ ကိုခွန်က“ဘုန်းကြီးတွေက စီစဉ်တာ။ အခု လောလောဆယ်တော့ ဆရာမတွေ ရှိသေးတယ်။ ကျောင်းသားတွေက ရွာမှာ အထိတ်တလန့်ဖြစ်တော့ ဟိုပြေးဒီပြေးဆိုတော့ ကျောင်းက မဖွင့်နိုင်ဘဲ ဖြစ်နေတာ။ ဆရာမတွေကလည်း ရွာမှာ ကျောင်းသားရှိရင် လာခဲ့၊ သင်ပေးမယ် ပြောတယ်။ မဟုတ်ရင် သူတို့လည်း ပြန်တော့မယ်လို့ ပြောတယ်”ဟု ဆိုသည်။
အဆိုပါ ပန်ပီ့ကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိကာ လူဦးရေ ၂၀၀၀ ကျော် နေထိုင်ကာ မူလတန်းလွန် ကျောင်း ၁ ကျောင်းရှိပြီး ကျောင်းသား ဦးရေ ၂၀၀ ကျော်အား ဆရာမ ၃ ဦးနှင့် ဆရာ ၁ ဦးတို့က သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
“ဆရာမ ၃ ဦးနဲ့ ဆရာ ၁ ဦးရှိတယ်။ သူတို့က ဘယ်ဒေသကလည်းဆိုတော့ ညောင်ဦးကလည်း ပါတယ်၊ ကျောက် ပန်းတောင်း ဘက်ကလည်း ပါတယ်”ဟု ကိုခွန်က ပြောသည်။
ကျေးရွာအတွင်း လူမှုရေး အခက်အခဲများအပြင် လုံခြုံရေး အာမခံချက် မရှိခြင်း၊ စာသင်ကျောင်း မဖွင့်နိုင်ခြင်းနှင့် ဘုန်းကြီးကျောင်း မီးလောင်မှုကိစ္စများအား ဖြေရှင်းပေးရန်အတွက် ဒေသခံများက ရှမ်းပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီ (JMC – S) သို့ စာပို့ တင်ပြထားသည်ဟု သိရသည်။
JMC-S အတွင်းရေးမှူး (၁) ခွန်ထွန်းတင်က“စာကတော့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ရောက်လာတာ။ ဒါပေမယ့် ကျနော်တို့ သေချာ မသိသေးဘူး၊ ရက်စွဲတော့ အတိအကျ မမှတ်မိဘူး။ အီးမေးလ်တော့ ရောက်လာတယ်။ ToR အရ ဆိုရင် ဒီစာ ကို သူ့ရဲ့လိပ်မူတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ပို့သွားရမယ်။ ပို့ပြီးမှ အဲဒီမှာ ကျနော်တို့ လစဉ် အစည်းအဝေး မတိုင်ခင်မှာ ဒါကို ပြန်စိစစ်တာတွေ၊ ကျနော်တို့ ပြန်ထိုင်ရတာတွေ လုပ်တာပေါ့နော်။ အခုက အစည်း အဝေးထိုင်ပြီး မလုပ်နိုင်သေးဘူး”ဟု ပြောသည်။
JMC-S တွင် အစိုးရကိုယ်စားလှယ် ၅ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) မှ ကိုယ်စားလှယ် ၅ ဦး၊ အရပ်သား ကိုယ်စားလှယ် ၈ ဦး ပါဝင်ပြီး အစည်းအဝေး ခေါ်ယူသည့်အခါ အနည်းဆုံး အစိုးရကိုယ်စားလှယ် ၃ ဦး၊ EAO ကိုယ်စားလှယ် ၃ ဦး၊ အရပ်သားကိုယ်စားလှယ် ၂ ဦး တက်ရောက်ရမည်ဟု အစည်းအဝေး ထမြောက်ကြောင်း လမ်းညွန် ToR တွင် ဖော်ပြထားသည်။
သို့သော် EAO ၅ ဦးအနက် ၃ နေရာယူထားသည့် RCSS/SSA ဘက်မှ JMC အဆင့်ဆင့် အစည်းအဝေးများ တက်ရောက်ရန် ယာယီ ရပ်ဆိုင်းထားသည့် အတွက် အစည်းအဝေး မလုပ်နိုင်သည့် အခြေအနေ ဖြစ်နေသည်ဟု သိရသည်။
JMC – S အနေဖြင့် လစဉ်အစည်းအဝေးများ ပုံမှန်ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC – U) သို့ အောက်တိုဘာလ ၃၁ ရက်က တင်ပြထားပြီး လက်ရှိ အချိန် အထိ တစုံတရာ အကြောင်းပြန်လာခြင်း မရှိသေးပေ။
JMC-S အတွင်းရေးမှူး(၁) ခွန်ထွန်းတင်က“လောလောဆယ် ကျနော်ကြားသလောက်တော့ ပန်ပီ့ကျေးရွာမှာ စားစရာ အခက်အခဲ ဖြစ်နေတယ်။ စာသင်ကျောင်းမှာက လေးတွေ မရှိလို့ ဆရာ/မတွေ ပြန်ဖို့လုပ်နေတယ် ပြောတာလည်း ကြားမိတယ်။ ကျနော်တု့ိက တဆင့်ကနေ ပြန်ကြားရတာပေါ့နော်။ ဟိုမှာက ဖုန်းလိုင်းမရဘူး ဖြစ်နေတယ်။ ဒီဘက် မှာလည်း အစည်းအဝေးမခေါ်နိုင်တော့ အဲဒီကိစ္စကို ဆွေးနွေးလို့ မရသေးဘဲ ဖြစ်နေတယ်”ဟု ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန် –
တိုင်ကြားမှု မရှိ၍ ပန်ပီ့ဘုန်းကြီးကျောင်း မီးလောင်မှု အရေး JMC မဖြေရှင်းနိုင်သေး
ပန်ပီ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ကိုရင် ၂ ပါး ပျံလွန်
မိုင်းပန်တွင် RCSS နှင့် PNLO နယ်မြေပြဿနာ ဖြစ်ပွား