ရန်ကုန်မြို့ အလုံမြို့နယ် ရဲတပ်ဖွဲ့က ခရီးသွားလုပ်ငန်း “Babylon Trekking & Camping Tour” ၏ ဒါရိုက်တာ ကိုအောင်စိုးထိုက်ကို တရားခံနှင့်မှား၍ ဖမ်းဆီး နှိပ်စက်မှုနှင့် ပတ်သက်ပြီး ခုံရုံးဖွဲ့စစ်ဆေး မှုများ ပြုလုပ်နေလျှက် ရှိကြောင်း သတင်းရရှိသည်။
ခုံရုံးအဖွ့ဲကို လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွှန့်လွင်ဦး က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ ဒုရဲမှူး သိန်းမြင့်ဦး၊ ဒုရဲမှူး ထွေးကို တို့ ပါဝင်ကြောင်းသိရသည်။
ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ရဲမှူး ညွှန့်လွင်ဦး က “စစ်ဆေးဆောင်ရွက်ချက်တွေ တင်ပြရမှာ ဒါပါပဲ ကျန်တာ ကြီး ကြီးမားမား မရှိပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဟုတ်မဟုတ် အခြေအနေလေး စစ်ဆေးဆောင်ရွက် တဲ့ သဘောပါခင်ဗျ။ ကိုအောင်စိုးထိုက်နဲ့တော့ မဆိုင်ပါဘူး။ ကျနော်တို့အပိုင်းပါခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
ခုံရုံးဖွဲ့စစ်ဆေးရခြင်း အကြောင်းအရင်းနှင့် ရရှိလာမည့် စစ်ဆေးချက်များအပေါ် မည်ကဲ့သို့ ဆက် လက် ဆောင်ရွက်မည် ဆိုသည်ကို ရဲတပ်ဖွဲ့ က အသေးစိတ်ရှင်းပြခြင်း မရှိပါ။
သို့သော်လည်း ရဲမှူးညွှန့်လွင်ဦး ခုံရုံးအဖွဲ့က တရားခံနှင့်မှား၍ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသည့် ကိုအောင်စိုး ထိုက်ကို နိုဝင်ဘာ ၁၅ ရက်နေ့က သီးခြားခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်က ဧရာဝတီသို့ ပြောသည်။
ကိုအောင်စိုးထိုက် က “မနေ့က စစစ်တယ်။ ကျနော့်ကို အရင်စစ်တယ်။ ကျနော့်ကို စစ်ပြီးတော့ ပြစ်မှု ကျူးလွန်တဲ့ ရဲတွေကို ဆက်စစ်မယ်။ မနက်ဖြန် (နိုဝင်ဘာ ၁၈) ရက်နေ့မှာ CID ကလည်း ထပ်စစ် မယ်ချိန်းထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ အလုံမြို့နယ်တွင် နေထိုင်ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းထောက် ဟောင်း လည်းဖြစ်သည့် ကိုအောင်စိုးထိုက် သည် နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက သမီးဖြစ်သူကို ကျောင်းသွားကြိုရန် လုပ်ဆောင်နေစဉ် အရပ်ဝတ်နှင့်ရဲများက လာရောက်ဖမ်းဆီး သွားခြင်းဖြစ်သည်။
အလုံရဲစခန်းအရောက်တွင် အခန်းအတွင်း ပိတ်လှောင်၍ ရဲများက ကြမ်းတမ်းသည့် ဆဲဆိုမှုများနှင့် ဝိုင်းဝန်း ထိုးကြိတ်ကာ ဖုန်းသူခိုးအဖြစ် အတင်းအကြပ် ဝန်ခံခိုင်းခဲ့ကြောင်း ကိုအောင်စိုးထိုက်က ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်တိုင် ကျူးလွန်ခဲ့သည့် ရဲများက ကိုအောင်စိုးထိုက်ကို တောင်းပန် ခဲ့ကြသဖြင့် ကျေအေးပေး ခဲ့ပြီးဖြစ် ကြောင်းသိရသည်။
သို့သော် ထိုအခင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တင်ပြနိုင်ရန်အတွက် ရဲလုပ်ငန်းအရ ခုံရုံးဖွဲ့စစ်ဆေးခြင်း ဖြစ်ကြောင်း ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ရဲမှူး ညွှန့်လွင်ဦး က ပြောသည်။
ဆက်လက်ဖတ်ရှုရန် – ရဲတပ်ဖွဲ့က ခရီးသွားလုပ်ငန်းရှင်တဦးကို မှားဖမ်းပြီး နှိပ်စက်