ကရင်ပြည်နယ်မြို့တော် ဘားအံအနီးရှိ တပ်မတော်ပိုင် ဘိလပ်မြေစက်ရုံ နှစ်ရုံ အနက် ပိုမိုကြီးမား သော စက်ရုံတွင် ကျောက်မီးသွေး ပြောင်းလဲအသုံးပြုရန် စီစဉ်ခြင်းကို ရပ်ဆိုင်းပေးရန် စက်ရုံအနီး နေထိုင်သော ပြည်သူများက အစိုးရကို တိုက်တွန်းထားသည်။
တနေ့လျှင် ဘိလပ်မြေတန်ချိန် ၄၀၀၀ ထုတ်လုပ်နိုင်သော ထိုစက်ရုံသည် တပ်မတော်ပိုင် မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း လက်အောက်တွင်ရှိပြီး မြိုင်ကလေးအနီး လည်ပတ်နေသည်မှာ ဆယ်စုနှစ် နှစ်စု ကြာပြီဖြစ်သည်။
ထိုဘိလပ်မြေစက်ရုံသည် ယခင်က သဘာဝဓါတ်ငွေ့အသုံးပြု လည်ပတ်သော်လည်း ယခုနှစ်တွင် ကျောက်မီးသွေး ပြောင်း လဲအသုံးပြုရန် စီစဉ်ခြင်း ဖြစ်ပြီး၊ ကျောက်မီးသွေးများကို လွန်ခဲ့သော ရက်သတ္တပါတ်ကပင် စတင်ပို့ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံများ၏ စနေနေ့က ထုတ်ပြန်ချက်အရ ကျောက်မီးသွေး အသုံးပြုလည်ပတ်ရန် လျှို့ဝှက် ဆောင် ရွက်နေခြင်းဖြစ်ပြီး ကျောက်မီးသွေးအသုံးပြုခြင်းက ပတ်ဝန်းကျင်ကို ထိခိုက်စေ သောကြောင့် စက်ရုံ အနီး မြိုင်ကလေးနှင့်လှာကာကျေးရွာ အုပ်စုနှစ်စုအတွင်းရှိ ကျေးရွာပေါင်း ၂၄ ရွာမှ ပြည်သူများ ကန့်ကွက်ကြောင်း ဖေါ်ပြထားသည်။
စက်ရုံနေရာသို့ ကျောက်မီး သွေးများ ပို့ဆောင်နေခြင်းကို ရပ်တန့်ပေးရန် ၎င်းတို့က အစိုးရထံ တောင်းဆိုကြသည်။
“ကျောက်မီးသွေး စွမ်းအင်အသုံးပြုပြီး ဘိလပ်မြေစက်ရုံလည်ပတ်မည်ဆိုပါက မိမိတို့ဒေသအဖို့ ပိုမို ဆိုးဝါးသော သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေးပြဿနာများ ထပ်မံကြုံရနိုင်မည် ဖြစ် သဖြင့် ကျွနု်ပ်တို့ ဒေသခံများမှ လုံးဝကန့်ကွက် ပါသည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။
ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့်လူမှုလှုပ်ရှားမှု ကွန်ရက်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးသမား စောသာဘိုး က “သယ်ယူပြီးတဲ့ ကျောက်မီးသွေးတွေကိုလည်း စနစ်တကျ သိုလှောင်တာ မဟုတ်ဘဲ ဒီအတိုင်းပုံ ထားတော့ ဒေသခံတွေက ဒီကနေ ဆိုးကျိုးထိခိုက်မှာ စိုးရိမ်ကြတယ်။ မိုးရွာ တော့ အဲဒီကျောက်မီးသွေး တွေက စီးလာတဲ့ ရေတွေက လယ်ကွက်တွေထဲ ဝင်ကုန်တယ်” ဟု ပြောသည်။
ကုမ္ပဏီအနေဖြင့် ထိုသို့ လောင်စာပြောင်းလဲအသုံးပြုရန် စီစဉ်ချိန်ကတည်းက ဒေသခံများနှင့် တိုင်ပင် ဆွေးနွေးကာ သဘောထားရယူသင့်သည်ဟု ၎င်းကဆိုသည်။
ကျောက်မီးသွေး ပြောင်းလဲသုံးရန် အစီအစဉ်ကို ထိုကုမ္ပဏီက ၂၀၁၆ ခုနှစ်က ဒေသခံများကို အသိ ပေးစဉ်က သဘောထားကောက်ယူခြင်းမဟုတ်ဘဲ အသိပေးခြင်းသက်သက်သာဖြစ်သဖြင့် ဒေသခံတို့ ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။
“ကျမတို့က ဒီ ဘိလပ်မြေစက်ရုံ နှစ်ရုံကြားမှာကို နေနေရတာ။ ဘိလပ်မြေမီးခိုးမှုန်ကြောင့်လည်း ကျမ တို့ အမျိုးမျိုး ခံစားရတယ်။ တလျှောက်လုံးနေလာတော့ ဘိလပ်မြေမှုန်တွေကို ရှူနေရတာ နှစ်ပေါင်း နှစ်ဆယ်လောက်ရှိနေပြီ။ ကျန်းမာရေးတွေ တော်တော်ထိခိုက်နေပြီ” ဟု ဒေသခံ တဦးဖြစ်သော လှာကားရွာမှာ ဒေါ်စိုးစိုးဌေးက ပြောသည်။
“အခု သူတို့က ကျောက်မီးသွေးနဲ့ ထပ်ပီးတော့ လည်ဦးမယ်ဆိုတော့ အမှုန်တွေကြောင့် ညစ်ညမ်းမှု ပိုဆိုးလာမယ်။ ဒီဆိုကျိုးကို ကျမတို့ ဘယ်လိုရင်ဆိုင်ရမှာလဲ။ သူတို့က ကျမတို့ ပြည်သူတွေကို ဂရုမစိုက်ဘူး” ဟုလည်း သူပြောသည်။
ကုမ္ပဏီသည် ကုန်ကြမ်းအတွက် အနီးရှိတောင်ကို ဖြိုယူကာ ဘိလပ်မြေထုတ်သည့်နှစ်ကြာနေပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင် ပျက်စီးရသည့် အတွက် ဒေသခံများကို ဒေါသထွက်ကြသည့် အပြင် ထိုဘိလပ်မြေစက်ရုံများ တည်ဆောက်စဉ်ကလည်း ၎င်းတို့၏ မြေများ သိမ်းယူခံခဲ့ရပြီး လျော်ကြေး မရခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
“ဒေသခံတွေပိုင်တဲ့ သယံဇာတတွေ လယ်မြေတွေ တောင်တွေ အကုန်လုံးကို သူတို့သိမ်းယူတယ်။” ဟု ဒေါ်စိုးစိုးဌေးက ပြောသည်။
အသိမ်းဆည်းခံရပြီး စက်ရုံဧရိယာထဲ မပါသောမြေများအား ပြန်လည်အသုံးပြုခွင့်ပေးရန် ဒေသခံများ က ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များက လျှောက်ထားတောင်းဆိုသော အခါတွင်လည်း တပ်မတော်က ၎င်းတို့ကို တရားစွဲခဲ့သည်ဟု ဆိုသည်။ ယခုနှစ်မေလကလည်း မြေယာပြန်ရရေး ဒေသံခံများ တောင်း ဆိုခဲ့ကြသည်။ မြေအချို့ကိုမူ ဒေသခံများသို့ ပြန်ပေးရန် အစိုးရက မကြာသေးမီက သဘောတူထား သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းထောက် ငြိမ်းငြိမ်းရေးသားသော Karen State Residents Urge Govt to Stop Factory’s Switch to Coal ကို ဘာသာပြန်ဆိုသည်။