ဧရာဝတီတိုင်ဒေသကြီး၊ မြောင်းမြမြို့ အကျဉ်းထောင်အတွင် ပြစ်ဒဏ်ကျခံနေသည့် ထောင်သားတဦးထံသို့
ပေးပို့ရန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသည့် မြောင်းမြအကျဉ်းထောင်မှထောင်မှ ဒုလက်ထောက် ကြီးကြပ်ရေးမူး တဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် သတင်းအရ မြောင်းမြမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် အောင်ဆွေမြင့် ဦးဆောင်သော နယ်ထိန်းအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မူးယစ်နှိမ်နင်းရေးအထူးအဖွဲ့၊ မြောင်းမြခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ အကျဉ်းထောင်အနီးရှိမြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၊ စက်မူလယ်ယာဝန်းရှေ့ ၌ စောင့်ဆိုင်းနေစဉ် စက္ကူပုံးတင်ဆောင်လာသော ဆိုင်ကယ်တစီးအား မသကာၤ၍ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ စက္ကူပုံးအတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင် ၂၂၅၃ ပြား၊အစိမ်းရောင် ၂၃ ပြား၊ စုစုပေါင်း ၂၂၇၆ ပြားကို ပလပ်စတစ်အိတ် အပြာရောင် ၈ အိတ်ဖြင့်ထည့်ကာ ၎င်းအိတ်များကို Vito တံဆိပ်ပါ နို့အေးစက္ကူဗူးများအတွင်း၌ ခဲပြားတခုစီ ရောလျှက်ထည့်ထားသည်ကိုတွေ့ရပြီး အဆိုပါ ဆေးပြား များနှင့်အတူ Red Label အရက်ပုလင်းတလုံးကိုပါ သိမ်းဆည်း ရမိသည့် အတွက် စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်လာသူ မြောင်းမြထောင် ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးမောင်စန်း (၅၉ နှစ်) ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မြောင်းမြမြို့မစခန်းမှူး ဒုရဲမှူး အောင်ဇော်မင်း က “သူ (ဦးမောင်စန်း) ကို ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ ဖမ်းဆီးရမိတဲ့ဆေးပြားက ၂၂၇၆ ပြား ဖြစ်ပါတယ်။ သူ့ထွက်ဆိုချက်အရတော့ ထောင်ကျတယောက်ကို ရန်ကုန်ကနေ ပစ္စည်းထည့်ပေးလိုက်တာ၊ သူ့ကို ယူခိုင်းလို့ လာယူပေးတာလို့ ပြောတယ်။ ဒီပုံးက ထောင်ထဲကို သယ်သွားမယ့်ပုံးပေါ့။ ထောင်ကို မဝင်ခင် ကိုက် ၂၀ ၊ ၃၀ လောက်မှာ ဖမ်းဆီးလိုက်တာပါ။ လက်ရှိမှာတော့ သူ့ကို စစ်ဆေးနေဆဲပါ” ဟု ဧရာဝတီကို ပြောသည်။
မြောင်းမြ အကျဉ်းထောင်ဝန်းအတွင်း နေထိုင်သည့် ဒု လက်ထောက်ကြီးကြပ်ရေးမှူး ဦးမောင်စန်း သယ်ဆောင် လာသော စက္ကူပုံးမှာ မြောင်းမြ အကျဉ်းထောင်မှ ထောင်ကျအကျဉ်းသား စိုးနိင်ဆိုသူကိုပေးရန် ယူဆောင်လာခြင်း ဖြစ်ပြီး ယခုလို အကျဉ်းထောင် ဝန်ထမ်းထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည့်ဖြစ်စဉ်မှာ မြောင်းမြမြို့တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများ အရ သိရှိရသည်။
တရားဥပဒေချိုးဖောက်၍ ပြစ်ဒဏ်ခံရသူများကို ထိမ်းသိမ်းပြုပြင်ပေးရသည့် အကျဉ်းထောင်လိုနေရာမျိုးတွင် ယခုလို ဖြစ်သည့်အတွက် မြောင်းမြမြို့နှင့် အကျဉ်းဦးစီးဌာနတစ်ခုလုံးပါ ဂုဏ်သိက္ခာကျဆင်းရကြောင်း၊ ဒုစရိုက်သမား များမှာ အကျဉ်းထောင်တွေထဲအထိ မူးယစ်ဆေးဝါးများ သွင်းကာ ရောင်းဝယ်ဖောင်ကား သုံးစွဲမှုပြုလုပ်ရန် ကြိုးစား လာနေသည့် အခြေအနေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာန အနေဖြင့် ကြပ်မတ်စွာ တားဆီးရန် လိုအပ်နေပြီဖြစ်ကြောင်း မြောင်းမြမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်း က ထောက်ပြပြောဆိုသည်။
ဦးသန့်ဇော်ဝင်း က “ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ကိစ္စလို့ ပြောချင်တယ်။ ဒီလိုဖြစ်ရပ်ကြောင့် မြို့လည်းသိက္ခာကျသလို အကျဉ်း ဦးစီးဌာနကြီး တခုလုံးလည်း သိက္ခာကျတယ်။ အကျဉ်းထောင်ထဲအထိ မူးယစ်ဆေးဝါးတွေသွင်းဖို့ ကြိုးစားလာတဲ့ အနေအထားတွေကို ဘက်ပေါင်းစုံက တားဆီးပိတ်ပင်ဖို့ နည်းလမ်းတွေက ကျနော်တို့ထက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပိုမိုကျွမ်းကျင်ပါတယ်။ ကျနော်တို့ကတော့ ဒါတွေဟာ မဖြစ်သင့်ဘူး၊ မဖြစ်ထိုက်ဘူး။ တားဆီးကြပါ ပိတ်ပင်ကြပါလို့ တိုက်တွန်းချင်တယ်။ တားဆီးတဲ့ နည်းလမ်းတွေ ကျွမ်းကျင်တာက သက်ဆိုင်ရာ ဝန်ထမ်းတွေ၊ အရာရှိတွေ။ သူတို့ရဲ့ဌာနတွေကို သူတို့ ကြပ်မတ်ကိုင်တွယ်ဖို့ အရေးကြီးနေပါပြီ” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ မြောင်းမြမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဆွေမြင့်မှ တရားလို ပြုလုပ်ကာ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသယ်ဆောင်လာသူ မြောင်းမြထောင် ဒုလက်ထောက် ကြီးကြပ်ရေးမှူး ဦးမောင်စန်း (၅၉ နှစ်) နှင့် မြောင်းမြထောင်အတွင်းမှ အကျဉ်းသား စိုးနိုင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။