မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် Optimist Asian & Oceanian Championship (OAOC) ရွက်လှေအသင်းလိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက အမှတ် အများဆုံးရရှိကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ကြောင်း သတင်းရရှိသည်
နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့်အဆိုပါ OAOC ရွက်လှေပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ နိုင်ငံအပါအဝင် သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ အိုမန်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် အမေရိကန်နိုင်ငံများမှ အသက် ၁၅ နှစ်အောက် လူငယ် မျိုးဆက်သစ် ရွက်လှေ အားကစားသမား ၁၂၉ ဦးမှာ တဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အသင်းလိုက် ရွက်လှေပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ တရုတ်အသင်းက ဒုတိယနှင့် စင်္ကာပူအသင်းက တတိယဆုများ ရရှိခဲ့ပြီး တစ်ဦးချင်း ရွက်လှေပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ ပန်ဝါး ဘွန်နက် (PANWA BOONNAK) က ပထမ၊ ထိုင်းနိုင်ငံမှ ဂျက်တဗီး ယွန်ယီနန်း (JEDTAVEE YONGYUENNARN) က ဒုတိယ၊ တရုတ်နိုင်ငံမှ ဂန်ဆီရီ (GANG SIYI) က တတိယဆုများ အသီးသီးရရှိခဲ့သည်။
လက်ရှိပြိုင်ပွဲတွင် အာရှ၊ ပစိဖိတ်သမုဒ္ဒရာဒေသနှင့် မြောက်အမေရိက တဝိုက်မှ မျိုးဆက်သစ် လူငယ် ရွက်လှေ အားကစားသမားများ မွေးထုတ်ပေးရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ
ရွက်လှေ အဖွဲ့ချုပ်က ပြောသည်။
အိမ်ရှင်မြန်မာအသင်းအနေဖြင့် အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၈) ဦးပါဝင်ခဲ့ပြီး ပျမ်းမျှအသက်မှာ (၁၂) နှစ်အရွယ်ရှိကြကာ အသက် အငယ်ဆုံး အနေဖြင့် (၁၁) နှစ်အရွယ်ကစားသမားတစ်ဦး ပါဝင်ခဲ့သည်။
ပြိုင်ပွဲတလျှောက် မြန်မာနိုင်ငံမှ ထိပ်တန်းရွက်လှေ အားကစားသမား ၃ ဦးရွေးချယ်ခဲ့ရာ ထက်လင်းဇော်က ပထမ၊
စည်သူဟိန်း က ဒုတိယနှင့် လွင့်ကိုကိုထက်က တတိယဆုများ ရရှိခဲ့သည်။ သို့သော် မြန်မာအားကစားသမား များထဲမှ နိုင်ငံတကာပြိုင်ပွဲ အသင်းလိုက်နှင့် တဦးချင်း အကောင်းဆုံးဆုများဆွတ်ခူးခဲ့ခြင်း မရှိကြောင်း သိရသည်။
OAOC ပြိုင်ပွဲမှာ ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ်အောက်ရှိ ရွက်လှေပြိုင်ပွဲအဖွဲ့အစည်းများထဲမှတစ်ခုဖြစ်သော International Optimist Dinghy Association (IODA) မှ ဦးစီးပြုလုပ်သည့် နိုင်ငံတကာအသိအမှတ်ပြု ရွက်လှေပြိုင်ပွဲ တခုဖြစ်ပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ၂၀၁၃ အရှေ့တောင်အားကစား ပြိုင်ပွဲနှင့် ၂၀၁၅ ခုနှစ်ကကျင်းပသည့် Wave Rider Cup ပြိုင်ပွဲနောက်ပိုင်း ငွေဆောင်ကမ်းခြေ၌ ကျင်းပသည့် တတိယမြောက်အကြီးမားဆုံး ရွက်လှေပြိုင်ပွဲဖြစ်သည်။